စေတနာ့ ၀န်ထမ်းများ သတိပြုရန် အချက် ( ၈ ) ချက်
၁။ ပထမဆုံး မမေ့မလျော့ အမြဲနှလုံးသွင်းနေရမယ့်အချက်က ကိုယ့်ကို ဘယ်သူမှ ရိုက်ပြီး ကူညီခိုင်းတာ မဟုတ်ဘူးဆိုတဲ့  အချက်ပါ ။ ကိုယ့် အသိစိတ်ဓာတ် ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ် စေတနာ့ဝန်ထမ်း အလုပ်လုပ်ခဲ့တာ မဟုတ်လား ။ ဒါကြောင့် ကိုယ့်ရဲ့  လုပ်ဆောင်မှုတွေအပေါ် အသိအမှတ်ပြုခံရလျင် ကြည်နူးလိုက်ပါ ။ အသိအမှတ်ပြု မခံရလျင်လဲ ငါဒီလောက် လုပ်ပေးတာတောင် အသိအမှတ်မပြုဘူးလို့  မဖီးလ်ပါနဲ့  ။ ကိုယ်ဟာ အကျိုးအမြတ် တစ်စုံတစ်ရာကို မျှော်ကိုးပြီး ၀ိုင်းဝန်း ကူညီခဲ့တာမှ မဟုတ်တာ ။
၂။ ကိုယ့်ရဲ့  လုပ်ဆောင်ချက်အပေါ် အမြင်အမျိုးမျိုး ကွဲပြားခြားနားစွာ ရှိနိုင်ပါတယ် ။ ဒါကြောင့် သင့်ကို သဘောမကျသူတွေဟာ သင်နဲ့  ဆန့် ကျင်ဘက်အရပ်မှာသာ မက သင်နဲ့ ဘက်တစ်ဘက်တည်းမှာလဲ အမြဲ ရှိနေတတ်ကြောင်း သင် ဘယ်တော့မှ မမေ့ပါနဲ့။ သူတို့ ကိုလဲ မုန်းတီးဖို့ မလိုပါ ။ ဒါဟာ လောကရဲ့  ဓမ္မတာ ဖြစ်ပါတယ်။
၃။ ကိစ္စတိုင်းမှာ မိုးထဲရေထဲ ကာလတွေ ရှိပါတယ် ။ သင့် ခံယူချက် ယုံကြည်ချက်နဲ့  ကြိုးစားကျော်ဖြတ်ဖို့ ကြိုးစားပါ ။ သင့် အန္တရာယ်ကိုလဲ ဂရုပြုပါ ။ ဆန့် ကျင်ဘက် အရပ်က လူတွေဟာ သင့်လုပ်ဆောင်ချက်တွေ ရပ်ဆိုင်းသွားဖို့  စီးပွားရေး လူမှုရေး သင့် အရှက် သင့်သိက္ခာ နယ်ပယ်စုံက တိုက်ခိုက်မယ်ဆိုတာ သတိပြုပါ ။ သင့် အသက်ကို ရန်ပြုနိုင်ချေ ရှိတာကိုလဲ ဘယ်တော့မှ မမေ့ပါနဲ့ ။ သတိဆိုတာ ပိုတယ် မရှိပါ ။ အထူးသဖြင့် သင့်ရပ်တည်ချက်ဟာ လူကြိုက်နည်းတဲ့ ဘက်မှာ ရှိနေခဲ့လျင် သင်ပိုပြီး ဂရုစိုက်ပါ ။
၎။ လူတိုင်းမှာ အမှားအယွင်းရှိပါတယ် ။ အလုပ်တွေ များများလုပ်ခဲ့လေ သင်မှားသွားနိုင်တဲ့  အခြေအနေ ပိုများလာလေပါပဲ ။ အကယ်လို့ များ မှားခဲ့လျင် သင့်အမှားကို သင်ဝန်ခံ ပြင်ဆင်ဖို့ ကြိုးစားပါ ။ ဒီအမှားမျိုး ဒုတိယအကြိမ် တတိယအကြိမ် ထပ်မမှားပါစေနဲ့  ။ အမှားအယွင်း အပေါ် အရေးယူမှု အပြစ်တင်မှု တစ်စုံတစ်ရာ ရှိခဲ့လျင်လည်း ကျေနပ်စွာ လက်ခံလိုက်ပါ ။ ငါ အရင်က ဘယ်လို ဘယ်ချမ်းသာ လုပ်ခဲ့ရတာ အခုကျမှ ဘယ်လို ဘယ်ညာ မဖြစ်ပါနဲ့  ။ အထက်မှာ ဆိုခဲ့သလို ကိုယ်ဟာ အကျိုးအမြတ် တစ်စုံတစ်ရာကို မျှော်ကိုးပြီး ရပ်တည်ခဲ့တာမှ မဟုတ်တာ ။
၅။ သင် အမှားအယွင်းဖြစ်ချိန်မှာ သင်ရဲ့ ဆန့် ကျင်ဘက်ကလူတွေရော ၊ သင်နဲ့  ဘက်တစ်ဘက်တည်းက သင့်ကို မကြည်ဖြူသူတွေကပါ အုံနဲ့ ကျင်းနဲ့  အခွင့်ကောင်းယူ တိုက်ခိုက်ကြပါလိမ့်မယ် ။ ဒါကို အထူးအဆန်းမဖြစ်ပါနဲ့  ။ ၀မ်းလဲမနည်းပါနဲ့  ။ ပြန်တိုက်ခိုက်ဖို့ လဲ မကြိုးစားပါနဲ့  ။ အကောင်းဆုံး ခုခံကာကွယ်နိုင်ဖို့ သာ ပြင်ဆင်ပါ ။ဒီကိစ္စဟာ ကမ္ဘာဦး အစကတည်းက ရှိခဲ့တဲ့  အလေ့အထတစ်ခု ဖြစ်နိုင်ပါတယ် ။ ဆိုလိုတာက ဒီအလေ့အထဟာ သင့်ထက် အသက်ထောင်ပေါင်းများစွာကြီးပြီး ကောင်းစွာအမြစ်တွယ်နေတဲ့  ကိစ္စလို့ ပြောချင်တာပါ ။
၆။ သင် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိပါစေ ။ အလုပ်လုပ်ရမယ့် အချိန် ရှိသလို ဆိတ်ဆိတ်နေရမယ့် အချိန်ရှိပါတယ် ။ ခေတ္တခဏ အနားယူသင့်တဲ့ အချိန်ရှိသလို အပြီးအပိုင် စွန့် ခွာသင့်တဲ့  အချိန်လဲ ရှိပါတယ် ။ ခေတ်တွေ စနစ်တွေ ရာသီဥတုတွေကို သတိပြုပါ ။ နေရာတစ်ခု ၊ အဖွဲ့ တစ်ခု ၊ ကဏ္ဍတစ်ခုဟာ တစ်ချိန်မှာ သင့်ကို လိုအပ်ခဲ့ပေမယ့် တစ်သက်လုံး လိုအပ်နေမယ်ဆိုတာတော့ မဖြစ်နိုင်ပါ ။ တစ်ချိန်ချိန်မှာတော့ သင် အနားယူလိုက်တာက အကောင်းဆုံး ဖြစ်မယ်ဆိုတာ အမှတ်ရပါစေ။
၇။ ဥပဒေ ၊ စည်းမျဉ်း စည်းကမ်းများကို သတိပြုပါ ။ ကိုယ့်ကြောင့် ကိုယ်ကူညီနေသူ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့ အစည်းရဲ့  မူဝါဒနဲ့  စနစ်ဇယားတွေ ၊ ထုံးတမ်းစဉ်လာတွေကို အနှောက်အယှက် မဖြစ်ပါစေနဲ့  ။ ကိုယ်ကူညီတာတွေက အကျိုးရှိလင့်ကစား တစ်ဖက်မှာလဲ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နေလျင် ကိုယ့်အကူအညီဟာ ချစ်ရာမရောက် နှစ်ရာရောက်တတ်ပါတယ် ။ အဲဒီလို အခြေအနေမျိုး ဖြစ်နေလျင် ကိုယ့်လုပ်ဆောင်ချက်တွေကို ရပ်ပြစ်ဖို့ ဒါမှမဟုတ် အပြန်အလှန် သုံးသပ်ဖို့  ပြင်ဆင်ဖို့  ဘယ်တော့မှ မမေ့ပါနဲ့  ။
၈။ ကိုယ့် ကူညီမှုတွေ အောင်မြင်လျှင်လဲ မမော်ကြွားပါနဲ့  ။ မထောင်လွှားပါနဲ့  ။ အနှိမ့်ချဆုံး ရိုးကုပ်စွာနေပါ ။ ကိုယ်ဟာ ကိုယ်နိုင်သလောက် စွမ်းသလောက် တစ်စိတ်တစ်ပိုင်း ကူညီနေသူသာဖြစ်ကြောင်း ။ ကိုယ့်ကြောင့် ဒီလို ကိစ္စမျိုးတွေ ပြောင်းလဲသွားရတာလို့ မာန်တက်မယ့်အစား ဒီလို ပြောင်းလဲအောင် ၀ိုင်းဝန်းဆောင်ရွက်ကြသူတွေထဲ ကိုယ်လဲ အုတ်တစ်ချပ် သဲတစ်ပွင့် ပါခဲ့ခြင်းသာ ဖြစ်ကြောင်း နှလုံးသွင်းပါ ။
Ps . ဒီစာဟာ ကိုယ်ယုံကြည်ရာကို
နိုင်သလောက်စွမ်းသလောက် တာဝန်ထမ်းဆောင်နေသော
ဘက်အသီးသီးမှ စေတနာ့ဝန်ထမ်းများကို ရည်ညွှန်းပါတယ် ။
Sources; ရဲမိုးFb-Phyo Kokoshwe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment