Latest News

Tuesday, December 27, 2016

ရော့ခ်အဆိုရှင်များစွာ၏ ဖျော်ဖြေမှုများအား အခမဲ့တင်ဆက်မည့် Smooth Night ဂီတဖျော်ဖြေပွဲ မန္တလေးမြို့၌ ပြုလုပ်မည်

ရော့ခ်အဆိုရှင်များစွာ၏ ဖျော်ဖြေမှုများအား အခမဲ့တင်ဆက်မည့် Smooth Night ဂီတဖျော်ဖြေပွဲ မန္တလေးမြို့၌ ပြုလုပ်မည်

ရော့ခ်အဆိုရှင်များစွာ၏ ဖျော်ဖြေမှုများအား အခမဲ့ တင်ဆက်မည့် Smooth Night ဂီတဖျော်ဖြေပွဲကို မန္တလေးမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ရှိ Golden City Event Park ၌ ပြုလုပ်မည်ဖြစ်ပြီး တေးသံရှင် Big Bag၊ မိုးမိုး၊ ဝေလ၊ ၀န၊ သာဒီးလူ၊ Eternal Gosh တို့ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲကို ညနေ ၆ နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

“ရော့ခ်အဆိုရှင်တွေရဲ့ နယူးရီးယားအကြို ဂီတပွဲတစ်ပွဲကို မန္တလေးမှာလုပ်ဖို့ ရှိပါတယ်။ ဒီဖျော်ဖြေပွဲက ၀င်ကြေးအခမဲ့ ပြုလုပ်သွားမှာပါ။ ရော့ခ်အဆိုတော်တွေချည်းပဲ သီးသန့်ပြုလုပ်မှာဆိုတော့ ရော့ခ်ဂီတကို နှစ်သက်သူတွေအတွက် ပျော်စရာ အမိုက်စားပွဲ တစ်ပွဲဖြစ်မှာပါ။ ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်နေကြပါပြီ” ဟု အဆိုပါ ဖျော်ဖြေပွဲအား စီစဉ်သည့် ဘိုဘိုအင်တာတိန်းမန့်မှ ကိုဘိုဆန်းက ပြောကြားသည်။

ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့် တေးသံရှင်ဝေလကလည်း “အခုက နယူးရီးယား ရောက်တော့မယ်ဆိုတော့ နယူးရီးယားအကြိုပွဲတွေ ဆက်တိုက် ဆိုဖြစ်နေပါတယ်။ ရန်ကုန်မှာရော နယ်ရှိုးတွေပါ ဆက်တိုက်ဖြစ်နေတာပါ။ မန္တလေးမှာ ဒီဇင်ဘာ ၂၉ တစ်ပွဲဆိုဖို့ ရှိပါတယ်။ အဲဒါကတော့ ရော့ခ်အဆိုတော်တွေ စုစည်းထားတဲ့ပွဲပါ။ ၀င်ကြေး အခမဲ့လည်းဖြစ်တော့ အားလုံးပျော်ပျော်ပါးပါးနဲ့ ဆင်နွှဲနိုင်မယ်လို့ ထင်ပါတယ်။ မန္တလေးက ပရိသတ်တွေလည်း လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောကြားသည်။

Smooth Night ဂီတဖျော်ဖြေပွဲတွင် ပါဝင်မည့် တေးသံရှင်တစ်ဦးချင်းစီက အပိုင်းလိုက်ခွဲ၍ တင်ဆက်သွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲတွင် ပါဝင်မည့် တေးသံရှင်များ အနေဖြင့် သီချင်းတိုက် လေ့ကျင့်မှုများအား ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။ ယခုဖျော်ဖြေပွဲတွင် ရှိုးပွဲများ၌ တွေ့မြင်ရမှု အတန်ငယ် နည်းပါးလျက်ရှိသည့် တေးသံရှင်မိုးမိုး၏ ဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုခွင့်ရရှိမည် ဖြစ်သည်။

နှစ်သစ်အကြို ဂီတဖျော်ဖြေပွဲများကို ဒီဇင်ဘာလကုန်ပိုင်းတွင် ဆက်တိုက် ပြုလုပ်လျက်ရှိရာတွင် ယခုဖျော်ဖြေပွဲသည်လည်း တစ်ပွဲအပါအ၀င် ဖြစ်သည်။ ဖျော်ဖြေပွဲပြုလုပ်မည့် ဒီဇင်ဘာ ၂၉ ရက်သည် အများပြည်သူ အားလပ်ရက်ဖြစ်သည့် ကရင်နှစ်သစ်ကူးနေ့တွင် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဘိုဘိုအင်တာတိန်းမန့် အနေဖြင့် ယခုနှစ်အတွင်း ဖျော်ဖြေပွဲများစွာအား ကျင်းပလျက်ရှိရာတွင် ယခုဖျော်ဖြေပွဲသည်လည်း တစ်ပွဲအပါအ၀င်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင်လည်း New Year Eve Mask Party ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။    

Sources; လင်းလင်းခိုင် Eleven

No comments:

Post a Comment