Latest News

Thursday, December 15, 2016

ရခိုင်ပြည်နယ်နေ့ အခမ်းအနား စစ်တွေမြို့တွင်ကျင်းပ

ရခိုင်ပြည်နယ်နေ့ အခမ်းအနား စစ်တွေမြို့တွင်ကျင်းပ




စစ်တွေ     ဒီဇင်ဘာ  ၁၅

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့်(၄၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ခမ်းအနားကို စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီးကျင်းပလျှက်ရှိသည်။

(၄၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်း ကပ်လှူခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိဆရာတော်ကြီးများအား ပင့်ဖိတ်ကာ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးတွင် လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း၊ ပုရိတ်တရားတော်များနာကြားခြင်းနှင့် အာရုဏ်ဆွမ်းကပ်လှူခြင်း တို့ကိုကျင်းပပြုလုပ် ခဲ့သည်။ နံနက်(၉)နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကိုကျင်းပရာ စာရေးဆရာ(စစ်တွေညို သန့်)က မင်္ဂလာပိုဒ်စုံရတုရွတ်ဆိုကာ ရခိုင်စည်တော်တီး၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က (၄၂)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်း အနားသို့ ပေးပို့သော သ၀ဏ် လွှာအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးညီပုက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ရခိုင် ပြည်နယ်နေ့ဆိုင်ရာ မိန့်ခွန်းအား ရခိုင်ပြည်နယ်နေ့ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဌ မြို့မိ/ဖ ဦးမောင်သာစိန်က ဖတ်ကြားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းကိုကျင်းပရာ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင် ဆုများဖြစ်သော စီးပွားရေး ဆိုင်ရာထူးချွန်ဆု၊ လူမှုရေး ဆိုင်ရာထူးချွန်ဆု၊ ပညာရေးဆိုင်ရာထူးချွန်ဆု၊ ကျန်းမာရေးဆိုင်ရာထူးချွန်ဆု၊ မွေးမြူရေး ဆိုင်ရာထူးချွန်ဆု၊ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာထူးချွန်ဆု၊ စိုက်ပျိုးရေးဆိုင်ရာထူးချွန်ဆုနှင့် အခြားအထူးကိစ္စရပ်များ ဆိုင်ရာထူးချွန် ဆုများ၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစကုံးနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ၀တ္ထု(ပုံပြော)ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီမြှင့်ပေးကြသည်။

 ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား/ သူများ၏ဆုရ စာစီစကုံး၊ ကာတွန်းများအား လှည့်လည် ကြည့်ရှု့အားပေးကြ သည်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီ၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့်ဇနီ၊ ပြည်နယ်ဝန်ကြီးများ နှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/ဖများ၊ ဆရာ/မများ၊ ထူးချွန်ဆုရရှိကြသူများနှင့် ဆုရကျောင်းသား/ သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment