Latest News

Tuesday, December 13, 2016

ပျောက်ဆုံးသွားတဲ့ကောင်မလေး (ဇာတ်သိမ်း)

ပျောက်ဆုံးသွားတဲ့ကောင်မလေး (ဇာတ်သိမ်း)
------------------------------------
အပိုင်း (၆) တရားလိုဘက်က ကျွမ်းကျင်သက်သေ
.
ကော်နက်တစ်ကပ်ပြည်နယ်ရဲဌာနရဲ့ ရာဇဝတ်မှုကျူးလွန်သူဖော်ထုတ်ရေးဓာတ်ခွဲခန်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်မထမ်းဆောင်ခင်မှာ အမှုတော်တော်များများကို သက်သေထွက်ဆိုဖို့အတွက် တရားရုံးကို ကျွန်တော်မကြာခဏရောက်ခဲ့ရတယ်။ ဒီဂျိုအမ်နာရဲ့အမှုကတော့ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးအဖြစ် ကျွန်တော်စတာဝန်ထမ်းဆောင်ကာစမှာဖြစ်လာတဲ့ အမှုကြီးဖြစ်နေတယ်။
.
ဓာတ်ခွဲရလဒ် သက်သေနဲ့ ရော်နာကို ကျွန်တော်တို့ဖမ်းဆီးလိုက်တယ်။ ရော်နာကတော့ သူဟာ အပြစ်မဲ့သူလို့ဆိုတယ်။ ရော်နာရဲ့မိဘကလည်း ရဲတွေဟာ ခိုင်လုံတဲ့၊ ယုံကြည်နိုင်တဲ့ မျက်မြင်သက်သေ၊ သက်သေခံပစ္စည်းတွေမရှိဘဲ ရော်နာကိုဖမ်းလိုက်တယ်လို့ သတင်းထောက်တွေကိုပြောတယ်။ အရင်တုန်းကလည်း ဒီပြည်နယ်မှာ ဓာတ်ခွဲရလဒ်နဲ့ တရားခံကိုဖမ်းတဲ့အမှုမျိုး မရှိခဲ့ဖူးဘူး။ ဒီလိုနဲ့ ဂျူရီလူကြီးအဖွဲ့က သက်သေတွေကိုဆင့်ခေါ်တဲ့အခါ သတင်းထောက်တွေ၊ ပြည်သူလူထုတွေရဲ့အာရုံကို ချက်ချင်းဆွဲဆောင်ဖမ်းစားခဲ့တော့တယ်။
.
မျက်မြင်သက်သေမရှိတဲ့အခြေအနေမှာ ဂျူရီလူကြီးအဖွဲ့က ဒီစွဲချက်တင်မှုကို လက်ခံ မခံဆိုတာကို တရားလိုဘက်တင်သွင်းမယ့် အခင်းဖြစ်ပွားရာကရတဲ့ စုံစမ်းစစ်ဆေးမှုသက်သေတွေနဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ်။ သက်သေအဖြစ်ရုံးမထွက်ခင် ရှေ့တစ်ညမှာ အမှုအခင်းရဲ့အကြောင်းအရာတွေကို ကျွန်တော်အစအဆုံး အသေးစိတ်တစ်ခေါက်ထပ်စစ်၊ ထပ်ဖတ်ပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုရလဒ်အားလုံးက သိပ္ပံဘာသာရပ်နဲ့ ကိုက်ညီတာမို့ လုံးဝစိတ်ချရပြီလို့ ကျွန်တော်ထင်ပါတယ်။
.
သက်သေထွက်ဆိုတဲ့နေ့မှာ အနောက်တိုင်းဝတ်စုံကို ကျွန်တော်ကျကျနနဝတ်လိုက်ပါတယ်။ အိမ်သူအဆင်သင့်ပြင်ဆင်ပေးထားတဲ့ နက်ခ်တိုင်ကိုစည်းပြီး စာရွက်စာတမ်းအပြည့်ပါတဲ့ အိတ်ကိုဆွဲပြီး တရားရုံးကို ကျွန်တော်အစောကြီးရောက်လာခဲ့တယ်။
.
အစောင့်ရဲက ကျွန်တော့်ကို တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းတစ်ခုထဲ ခေါ်သွားပါတယ်။ အခန်းထဲထိုင်စောင့်နေရတုန်း စားပွဲပေါ်က သတင်းစာတစ်စောင်ကို ကျွန်တော်ဆွဲယူကြည့်လိုက်ပါတယ်။ သတင်းစာခေါင်းကြီးပိုင်းမှာ ဒီအမှုရဲ့သတင်းပါနေပါတယ်။ “ဂျိုအမ်နာအမှုအတွက် ဒေါက်တာလီမှ တရားလိုဘက်က သက်သေထွက်ဆိုမည်” လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းတစ်ပုဒ်က သိပ်မရှည်ဘူး။
.
သတင်းအစမှာ “တရုတ်ပြည်၌မွေးဖွားပြီး ထိုင်ဝမ်တွင်ကြီးပြင်းသော ဒေါက်တာဟင်နရီလီသည် ယခင်က ထိုင်ဝမ်တွင် ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ အမေရိကန်ပြည်ထောင်စုသို့ ပညာဆက်သင်ရန်ထွက်ခွာလာပြီးနောက် နယူးဟဲဗင်းတက္ကသိုလ်တွင် မှုခင်းသိပ္ပံပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွန်ခဲ့သော လအနည်းခန့်က ကော်နက်တစ်ကပ်ပြည်နယ်ရဲဌာနတွင် ရာဇဝတ်မှုကျူးလွန်သူဖော်ထုတ်ရေးဓာတ်ခွဲခန်း ညွှန်ကြားရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ယနေ့တွင် ဒေါက်တာလီမှ တရားလိုဘက်ကသက်သေအဖြစ် ဂျူရီလူကြီးအဖွဲ့အား ဤအမှု၏အဓိက အရေးကြီးသော သက်သေခံပစ္စည်းများကို တင်ပြမှာဖြစ်ပါသည်။ ဤအမှုမှာ သိပ္ပံပညာရပ်ဖြစ် ပထမဆုံးဖော်ထုတ်သော လူသတ်မှုတစ်ခုဖြစ်နိုင်ပါသည်”။
.
ရေးထားတာက သိပ်မရှည်ဘူး.. ဒါပေမယ့် အဲဒီစာက တရုတ်ပြည်ကနေ ထိုင်ဝမ်ထိပြောင်းရွေ့အခြေချခဲ့တဲ့ ကျွန်တော်ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့နေ့ရက်တွေဆီ ဆွဲခေါ်သွားခဲ့တော့တယ်။ သတင်းစာကို လက်ထဲမှာကိုင်ထားပြီး ကျွန်တော်ဦးနှောက်အတွေးက ဟိုးငယ်စဉ်ဘဝ ရှည်လျားတဲ့နေ့စွဲတွေဆီ မျော့လွင့်သွားခဲ့တော့တယ်။
.
(ဒေါက်တာလီက တရုတ်ပြည်ကနေ ထိုင်ဝမ်ကို ဘယ်လိုရောက်ခဲ့ကြောင်း၊ ထိုင်ဝမ်မှာ ဘယ်လိုပညာသင်ခဲ့ပြီး အမေရိကားကို ဘယ်လိုရောက်ခဲ့ကြောင်းတွေ၊ သူ့ဘဝဖြတ်သန်းမှု၊ ပညာသင်မှုတွေကို အရှည်ကြီးရေးထားတယ်။ ဒီနေရာမှာ သူ့ဘဝအကြောင်းကို ကျွန်မဘာသာမပြန်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။ စာအုပ်ထဲမှာပဲ ထည့်ရေးပါတော့မယ်)
.
-------------

“ဒေါက်တာလီ… ဒေါက်တာလီ… ခင်ဗျားသက်သေထွက်ဆိုမယ့် အလှည့်ရောက်ပြီ”
.
တရားရုံးရဲက တံခါးကိုတွန်းဖွင့်ဝင်လာပြီး ကျွန်တော့်ကို အတိတ်ကနေနှိုးထဖို့ လှုပ်နိုးလိုက်ပါတယ်။
.
လက်ထဲက သတင်းစာကိုချပြီး နက်ခ်တိုင်ကို ကျွန်တော်အနည်းငယ်ပြင်ဆင်လိုက်တယ်။ စာရွက်စာတမ်းတစ်ပုံကြီးနဲ့ တရားရုံးထဲ ကျွန်တော်လျှောက်လှမ်းဝင်ခဲ့တယ်။ ရုံးထဲမှာ လူ၁၂ယောက်ပါတဲ့ ဂျူရီလူကြီးအဖွဲ့က ထိုင်ခုံပေါ်ထိုင်ပြီး ကျွန်တော့်ကိုကြည့်နေတယ်။ ရှေ့ဆုံးမှာထိုင်နေတဲ့ဂျူရီတစ်ဦးက ကျွန်တော်ကို အမှန်အကန်သက်သေထွက်ဆိုမယ့်အကြောင်း ကျမ်းကျိန်ဖို့ ညာလက်မြှောက်ခိုင်းပါတယ်။
.
ကျမ်းကျိန်ပြီးနောက် သူတို့စတင်မေးမြန်းပါတော့တယ်။
.
“ဒေါက်တာလီ.. ရှေ့က အမှုစစ်ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကို ကျွန်တော်တို့ကြားနာပြီးပါပြီ။ ဒါပေမယ့် ဒါဟာ တိုက်ဆိုင်မှုတစ်ခုလိုဖြစ်နေပါတယ်။ ရော်နာက ဂျိုအမ်နာကိုသတ်တဲ့ တကယ့်တရားခံဟုတ်မဟုတ် ဆုံးဖြတ်ရခက်နေပါတယ်။ ဒါကြောင့် ရော်နာရဲ့ပြစ်မှုကျူးလွန်ပုံကို ခင်ဗျားဘာသက်သေအထောက်အထားများ တင်ပြနိုင်မလဲဆိုတာ ကျွန်တော်တို့ကြည့်ချင်ပါတယ်”
.
အကြီးချဲ့ထားတဲ့ လူသတ်လက်နက်ဓားကို ကျွန်တော်ယူလိုက်ပါတယ်။ ဓားသွားပေါ်က သွေးစက်တွေကို ရေးရေးမြင်နေရပါတယ်။ ဘေးမှာထိုင်နေတဲ့ အစိုးရရှေ့နေချာလီက စပြီး မေးခွန်းထုတ်ပါတယ်။
.
“လူသတ်လက်နက်ပေါ်ကသွေးရဲ့ ဓာတ်ခွဲအဖြေရလဒ်ကို ခင်ဗျားပြောပြနိုင်မလား”
.
“လူသတ်လက်နက်ပေါ်ကသွေးဟာ ဘီသွေးအမျိုးအစားဖြစ်ပါတယ်။ PMG အင်ဇိုင်းက 2- 1 အမျိုးအစားဖြစ်ပါတယ်”
.
“တရားလိုတိုင်တန်းထားသူရဲ့ကိုယ်ပေါ်မှာ ဘာသွေးအမျိုးအစားကို ခင်ဗျားရခဲ့သလဲ”
.
“အမှုအခင်းဖြစ်ပွားတဲ့နေရာမှာရခဲ့တဲ့သက်သေနဲ့ အတူတူပါပဲ။ ဘီသွေးအမျိုးအစား၊ PMG အင်ဇိုင်းက 2- 1 ဖြစ်ပါတယ်”
.
 “သွေးအမျိုးအစားတူညီနိုင်မှုကရော..”
.
“လူဖြူတွေ အယောက် ၁ဝဝမှာ ၈ယောက် ၉ယောက်လောက် ဘီသွေးအမျိုးအစားဖြစ်ပါတယ်”
.
“PMG အင်ဇိုင်းက 2- 1 အမျိုးအစား အချိုးကျမှုကရော…”
.
“၅၈. ၉ % ပါ”
.
ချာလီက ကျွန်တော်အသင့်ပြင်ဆင်ပြသထားတဲ့ ဇယားပုံကိုကြည့်ပြီး ဇယားပေါ်က ကိန်းဂဏန်းကိုထိုးပြပြီး ဆက်မေးပါတယ်။
.
“ဒီလိုဆိုရင် ဘီသွေးအမျိုးအစားရှိပြီး PMG အင်ဇိုင်းက 2- 1 အမျိုးအစားလည်းရှိတဲ့ အချိုးကျမှုက ၇% အောက်မှာပဲ ရှိတာပေါ့”
.
“ဟုတ်ပါတယ်”
.
အဲဒီနောက် ချာလီက လူသတ်လက်နက်ဓားလက်ကိုင်ပေါ်က ရခဲ့တဲ့ လက်ဗွေရာဓာတ်ပုံကိုကြည့်ပြီး ရော်နာရဲ့လက်ဗွေရာနဲ့ နှိုင်းယှဉ်ကြည့်လိုက်တယ်။ ပြီးတော့ “ဒေါက်တာလီ… ဒီလက်ဗွေရာနှစ်ခုနဲ့ နှိုင်းယှဉ်မှုရလဒ်အကြောင်း ဂျူရီလူကြီးအဖွဲ့ကိုရှင်းပြပေးနိုင်မလား”
.
စာသင်ခန်းထဲမှာ ကျောင်းသားတွေကို လက်ဗွေရာရှင်းပြတဲ့အတိုင်းပဲ ရိုးရှင်းပြီး နားလည်ရလွယ်တဲ့နည်းနဲ့ လက်ဗွေရာနှစ်ခုကြားတူညီမှုကို ရှင်းပြလိုက်တယ်။ ပြီးမှ “ဒီလက်ဗွေရာနှစ်ခုဟာ လူတစ်ယောက်တည်းရဲ့လက်ဗွေရာဖြစ်တယ်”လို့ ရှင်းရှင်းလင်းလင်းပြောလိုက်တယ်။
.
“လက်ဗွေရာတူညီမှုအချိုးက ဘယ်လောက်လဲ” ချာလီကမေးတယ်။
.
“သုညဖြစ်ပါတယ်။ လက်ဗွေရာတူတဲ့ လူနှစ်ယောက်ကို ယနေ့အထိ ရှာမတွေ့သေးပါဘူး” ကျွန်တော်ဖြေတယ်။
.
အဲအချိန်ကျမှ ပင်ပန်းနွမ်းနယ်ပုံပေါက်နေတဲ့ ဂျူရီလူကြီးအဖွဲ့က ဓာတ်ပုံတွေကို သေသေချာချာ အသေးစိတ်ကြည့်ပါတော့တယ်။ ဆရာရဲ့စမ်းသပ်မှုအဖြေကို ကြည့်နေတဲ့ ကျောင်းသားလေးတွေလို ကျွန်တော်ရဲ့ရှင်းလင်း သရုပ်ပြမှုတွေကို  စိတ်ဝင်တစားအာရုံစူးစိုက်နားထောင်နေခဲ့တော့တယ်။
.
ဂျူရီလူကြီးအဖွဲ့က တရားလိုဘက်က သက်သေတွက်ဆိုမှုကို ပိုပိုစိတ်ဝင်စားလာတာကို ချာလီတွေ့တော့ ဒီအခွင့်ကောင်းကိုယူပြီး ဓာတ်ပုံတစ်ပုံကို ပုံကြီးချဲ့လိုက်ပါတယ်။ တဆက်တည်း “ဒေါက်တာလီ.. ဒါက ဘာလဲ” လို့ မေးတော့တယ်။
.
“ဒါက ဂျိုအမ်နာအလောင်းဘေးမှာ တွေ့ခဲ့တဲ့ မီးခြစ်ဆံပါ” လို့ ကျွန်တော်ဖြေတယ်။
.
“ဒါကရော ဘာလဲ” နောက်ဓာတ်ပုံတစ်ပုံကို အကြီးချဲ့ပြီး သူမေးပြန်တယ်။
.
“ဒါက အခင်းဖြစ်ရာနေရာမှာတွေ့ခဲ့တဲ့ မီးခြစ်ဆံဘူးဖြစ်ပါတယ်”
ဓာတ်ပုံနှစ်ပုံကို ယှဉ်ထားပြီး သူမေးပြန်တယ်။
.
“ဒေါက်တာလီ ဒီပစ္စည်းနှစ်ခုရဲ့ဆက်စပ်မှုကို ရှင်းပြနိုင်မလား”
.
အခင်းဖြစ်ပွားရာမှာရခဲ့တဲ့ မီးခြစ်ဆံဓာတ်ပုံကို မီးခြစ်ဘူးဓာတ်ပုံပေါ်ထပ်ပြီး ကျွန်တော်ရှင်းပြပါတယ်။
.
“ဒီ မီးခြစ်ဆံရဲ့အောက်ခြေ စက္ကူအမျှင်၊ အစင်းအကြောင်းနဲ့ ဆုတ်ဖြဲထားတဲ့အရာကိုကြည့်ရင် ဒီမီးခြစ်ဆံဟာ မီးခြစ်ဘူးထဲက နံပါတ်၃ချောင်းမြောက်မီးခြစ်ဆံကျိုးရာနဲ့ ဆက်လို့ရနေပါတယ်။ တဆင့်တက်ပြီး ဓာတ်ခွဲကြည့်တော့ စက္ကူအရည်အသွေးနဲ့ အက်စစ်ဓာတ်ကလည်း တူညီနေပါတယ်။ ဒါကြောင့် အခင်းဖြစ်ရာမှာရခဲ့တဲ့ မီးခြစ်ဆံဟာ ဒီကတ်ထူမီးခြစ်ဘူးထဲကနေ ချိုးယူလိုက်တဲ့ မီးခြစ်ဆံဖြစ်ပါတယ်”
.
ဂျူရီလူကြီးတွေ အာရုံစူးစိုက်နေတာကိုတွေ့တော့ ချာလီက ပိုစိတ်ပါလက်ပါနဲ့ ပလတ်စတစ်အိတ်အကြည်ထဲမှာ ထည့်ထားတဲ့ ဖိနပ်ကြိုးကိုပြပြီး “ဒေါက်တာလီ… ဒီအိတ်ထဲက ဘာလဲ” လို့မေးတယ်။
.
“ဒါက ဂျိုအမ်နာလက်ကိုတုပ်ချည်ထားတဲ့ ဖိနပ်ကြိုးပါ”
.
“ဖိနပ်ကြိုးပေါ်က အနီရောင်အရာက ဘာလဲ”
.
“အဲဒီအရာက အနီရောင်သုတ်ဆေးတစ်မျိုးဖြစ်ပါတယ်”
.
တဆက်တည်းမှာပဲ အခြားပလတ်စတစ်အကြည်အိတ်ကို ပြပြီး “ဒီအိတ်ထဲကရော ဘာလဲ”လို့ ချာလီမေးပြန်တယ်။
.
“ဒါက ရော်နာတို့အိမ်မှာ ရဲတွေရခဲ့တဲ့ အခြားဖိနပ်ကြိုးတစ်ခုပါ”
.
“အပေါ်က အနီရောင်ကရော ဘာလဲ”
.
“အဲဒါကလည်း အနီရောင်သုတ်ဆေးတစ်မျိုးပါပဲ”
.
“ဒီနှစ်ခုရဲ့ ဓာတုပါဝင်ပစ္စည်းကရော အတူတူပဲလား”
.
“ဟုတ်ပါတယ်”
.
ချာလီက ခဏလောက်ရပ်ပြီး စကားဆက်ပါတယ်။
.
“ဒီသက်သေခံပစ္စည်းတွေကို နှိုင်းယှဉ်ကြည့်ရှုခြင်းအားဖြင့် ဂျိုအမ်နာကိုသတ်တဲ့တရားခံက ရော်နာပဲဆိုတာ ဟုတ်ပါသလား”
.
“သိပ္ပံစမ်းသပ်မှုရလဒ်အဖြေမှာ ဒီသက်သေခံပစ္စည်းအားလုံးက ရော်နာနဲ့ သက်ဆိုင်နေပါတယ်”
.
တိကျပြတ်သားတဲ့အသံနဲ့ ကျွန်တော်ဖြေပါတယ်။
.
ဒီလိုနဲ့ အစိုးရရှေ့နေရဲ့မေးမြန်းမှုက ပြီးဆုံးသွားခဲ့တယ်။ ထိုင်ခုံပေါ် ဂျူရီလူကြီးအဖွဲ့က ကျွန်တော်ကို ရင်းနှီးစွာ ခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်ပါတယ်။
.
ကျွန်တော်ရဲ့ သိပ္ပံစမ်းသပ်မှု ရှင်းလင်းချက်တွေကို သူတို့နားလည်သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်တွေးလိုက်တယ်။
.
တရားရုံးအပြင်ထွက်လိုက်တာနဲ့ သတင်းထောက်တွေက ကျွန်တော့်အနားဝိုင်းအုံလာကြပြီး သက်သေထွက်ဆိုချက်တွေကို သူ့ထက်ငါ အလုအယက်ဝိုင်းမေးကြတော့တယ်။ ပင်ပင်ပန်းပန်းရပ်စောင့်နေတဲ့ သတင်းထောက်တွေကို ကျွန်တော်ပြုံးပြပြီး “ဆောရီး… ခင်ဗျားတို့ကို အကြပ်ရိုက်တာတော့ မဟုတ်ပါဘူး… ဂျူရီလူကြီးအဖွဲ့ဆီ သက်သေထွက်ဆိုခဲ့တဲ့ ထွက်ဆိုမှုနဲ့ပတ်သက်ပြီး အပြင်ကိုမပေါက်ကြားစေဘူးလို့ တရားခွင်မှာ ကျွန်တော်ကျမ်းကျိန်ခဲ့တဲ့အတွက် ခင်ဗျားတို့ကိုပြောပြဖို့ အဆင်မပြေပါဘူး”လို့ ပြောလိုက်တယ်။
.
ကျွန်တော့်ဆီက သတင်းမရတော့ သတင်းထောက်အဖွဲ့တွေ တဖြည်းဖြည်း လူစုခွဲသွားကြတယ်။ တရားရုံးကနေ ကျွန်တော်ထွက်ခွာမယ်ပြင်တော့ အမျိုးသမီးသတင်းထောက်တစ်ဦးက ကျွန်တော်နောက်လိုက်ပြီး သူ့ကိုယ်သူမိတ်ဆက်ပါတယ်။ သူက ကော်နက်တစ်ကပ်ပြည်နယ် “Celebrity magazine” က သတင်းထောက်တစ်ဦးဖြစ်တယ်။ တရားရုံးအပြင်မှာ သူစောင့်နေတာကြာပြီမို့ ကျွန်တော်က အားနာစွာနဲ့ “တကယ်ပဲ.. ဒီနေ့အကြောင်းအရာကို ကျွန်တော်ပြောလို့မဖြစ်ပါဘူး” လို့ ပြောလိုက်တယ်။
.
“ဒီနေ့အမှုနဲ့ပတ်သက်တာကို ကျွန်မမေးမှာ မဟုတ်ပါဘူး။ ဒေါက်တာလီအကြောင်း စာတစ်ပုဒ်ရေးချင်လို့ပါ” လို့ သူက အားရဝမ်းသာဆိုတယ်။
.
“ကျွန်တော်က ဘာနာမည်ကြီးတဲ့သူမှ မဟုတ်တာ…. ကျွန်တော့်အကြောင်း ရေးဖို့မရှိပါဘူး”
.
“မဟုတ်ဘူး.. ဒေါက်တာလီက ထိုင်ဝမ်ကနေ အမေရိကားကို ကျောင်းသားအဖြစ်နဲ့ရောက်လာခဲ့တယ်။ အဲဒီနောက် ပါမောက္ခဖြစ်သွားတယ်။ ပါမောက္ခကနေ ပြည်နယ်အစိုးရဌာနရဲ့ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးဖြစ်သွားပြန်တယ်။ ဒေါက်တာလီရဲ့ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ဘဝက စာအုပ်တစ်အုပ်စာရေးလို့ ရနိုင်ပါတယ်”
.
သတင်းထောက်အမျိုးသမီးက အကျိုးအကြောင်းတစ်ပုံနဲ့ ပြောလာခဲ့လို့ နောက်ဆုံးမှာ သူ့အင်တာဗျူးကို ငြင်းဆန်ရခက်တာကြောင်း တရားရုံးရှေ့က ခုံတန်းမှာ သူနဲ့အတူထိုင်ချပြီး အမေရိကန်မှာတွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့်ဘဝကို စတင်မိတ်ဆက်ခဲ့လိုက်တယ်။

(ဒီနေရာမှာ ဒေါက်တာလီဟာ သူ့ရဲ့ပညာသင်မှုအကြောင်း၊ မှုခင်းဆေးပညာရှင်ဖြစ်လာအောင် ဘယ်လိုဖြတ်သန်းခဲ့မှုတွေအကြောင်း အရှည်ကြီးရေးထားပါတယ်။ ကျွန်မ ချန်လှပ်ထားခဲ့ပြန်ပါတယ်။ စိတ်ဝင်စားရင် စာအုပ်ထဲကျမှ ဖတ်ပါလို့..)
.
---------------

ဂျိုအမ်နာရဲ့အမှုက ကော်နက်တစ်ကပ်ပြည်နယ်မှာ မျက်မြင်သက်သေမရှိတဲ့ ပထမဆုံးသော သိပ္ပံပညာနဲ့ဖော်ထုတ်ခဲ့တဲ့အမှုဖြစ်တယ်။ ဂျူရီလူကြီးအဖွဲ့က ဒီအမှုနဲ့ ရော်နာကို တရားဝင်စွဲချက်တင်မတင်ဆိုတာကို လူတိုင်းစောင့်ကြည့်နေခဲ့ကြတယ်။
.
ရော်နာကို တရားဝင်စွဲချက်တင်ပြီလို့ ဂျူရီလူကြီးအဖွဲ့က မကြေညာခင်ရှေ့ရက်တွေမှာ ဒီအမှုကိုခုခံချေပမယ့်ရှေ့နေဆီက ဖုန်းကို ကျွန်တော်ရလိုက်ပါတယ်။ သူက သူ့ကျွမ်းကျင်သက်သေကိုခေါ်ပြီး ရဲဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းကို လာရောက်ကြည့်ရှုချင်ကြောင်း၊ စမ်းသပ်မှုရလဒ်အဖြေကို ဆွေးနွေးလိုကြောင်းပြောပါတယ်။
.
အရင်တုန်းက ရဲဌာနဓာတ်ခွဲခန်းက အပြင်လူဝင်ခွင့်မရတဲ့နေရာပါ။ အပြင်လူဝင်ရောက်ကြည့်ရှုနိုင်အောင် တစ်ခါမှ ဖွင့်မပေးပါဘူး။ တရားခံဘက်က ခုခံချေပမယ့် ရှေ့နေလည်း ဝင်ခွင့်မရှိပါဘူး။

ဒါပေမယ့် ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးအဖြစ် ကျွန်တော်စတာဝန်ထမ်းဆောင်ပြီးနောက် အပြင်လူတွေကို ဝင်လေ့လာခွင့်ပေးခဲ့ပါတယ်။ တရားခံဘက်က ရှေ့နေတွေကိုလည်း ဝင်ခွင့်ပေးခဲ့ပါတယ်။ ဒါမှ ဓာတ်ခွဲခန်းရဲ့ယုံကြည်မှုအားကို အကျိုးရှိရှိတည်ဆောက်နိုင်မှာဖြစ်တယ်။ အခုချိန်မှာ အမေရိကန်အနယ်နယ်အရပ်ရပ်က ရဲဌာနဓာတ်ခွဲခန်းတွေဟာ အပြင်လူဝင်ရောက်လေ့လာနိုင်ဖို့ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
.
တရားခံဘက်ကရှေ့နေနဲ့ သူတို့ရဲ့ ကျွမ်းကျင်သက်သေကို ဓာတ်ခွဲခန်းထဲ ကျွန်တော်ဦးဆောင်ခေါ်ခဲ့ပါတယ်။ ပြီးတော့ ဓာတ်ခွဲစမ်းသပ်မှုနဲ့ ရလဒ်အဖြေတွေ သူတို့ကို ရှင်းလင်းပြသပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ကျွမ်းကျင်သက်သေနဲ့ ဓာတ်ခွဲရလဒ်အဖြေအားလုံးဟာ ရော်နာကိုပဲ ဦးတည်နေကြောင်း ဆွေးနွေးခဲ့ပါတယ်။
.
အဲဒီရက်တွေပြီးပြီနောက် ရော်နာမှာ ပြစ်မှုကျူးလွန်နိုင်တဲ့ သက်သေအထောက်အထားတွေ ခိုင်လုံနေတာကြောင့် သူ့ကို အဓမ္မကျင့်လူသတ်မှုနဲ့ ဂျူရီလူကြီးအဖွဲ့က စတင်တရားဝင်တရားစွဲခဲ့ပါတယ်။ တရားခံဘက်ကလည်း ခိုင်လုံတဲ့သက်သေတွေကို ငြင်းဆန်ချေပလို့ရနိုင်မှာ မဟုတ်မှန်းသိတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီလိုနဲ့ ဂျိုအမ်နာကို အဓမ္မကျင့်သတ်ဖြတ်ခဲ့မှုနဲ့ ရော်နာကိုထောင်အနှစ် ၃ဝချမှတ်လိုက်ပါတယ်။
.
ဒီအမှုကို တာဝန်ယူကိုင်တွယ်တဲ့တရားသူကြီးက အမှုပြီးဆုံးချိန်မှာ ဒီအမှုနဲ့ပတ်သက်တဲ့ လူသတ်လက်နက်ကို ထိန်းသိမ်းပြသထားဖို့ တောင်းဆိုပါတယ်။
.
“ဒီဓားက သမိုင်းဝင်တဲ့ဓားဖြစ်တယ်။ ဒီဓားဟာ ကော်နက်တစ်ကပ်ပြည်နယ်မှာ ပထမဆုံး သိပ္ပံပညာရပ်နဲ့ ဖော်ထုတ်နိုင်ခဲ့တဲ့အမှုမှာ အဓိကအရေးပါတဲ့သက်သေဖြစ်တယ်”လို့ တရားသူကြီးက ဆိုပါတယ်။
.
အဲဒီနောက် ကျွန်တော်တို့ရဲ့ဓာတ်ခွဲခန်းက ထင်ရှားကျော်ကြားလာပြီး နောက်နှစ်ပေါင်းတွေထဲမှာ သိပံ္ပပညာရပ်နဲ့ အမှုပေါင်းများစွာကို ကျွန်တော်တို့ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

ကော်နက်တစ်ကပ်ပြည်နယ်က သေဒဏ်နဲ့အဆုံးစီရင်ဖို့ စောင့်ဆိုင်းနေတဲ့ တရားခံ ၈ယောက်ရှိပါတယ်။ အဲဒီတရားခံ ၈ယောက်လုံးဟာ ကျွန်တော်တို့ဓာတ်ခွဲခန်းနဲ့ တရားရုံးမှာသက်သေထွက်ဆိုမှုကြောင့် အပြစ်ပေးခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။
.
------------- ပြီးပါပြီ
.
စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်ထဲမှာ မျက်မြင်သက်သေမရှိတဲ့လူသတ်မှု၊ အလောင်းမဲ့လူသတ်မှု၊ ကနေဒီမျိုးနွှယ်နဲ့ဆိုင်တဲ့အမှု စတဲ့အမှုဇာတ်လမ်းငါးခုကို ဘယ်လိုအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပုံတွေကို  ဒေါက်တာလီက စိတ်ဝင်တစားရေးထားပါတယ်။ အမှုဖော်ထုတ်မှုအပြင် အမှုတွေကို ဘယ်လိုစစ်ဆေးခဲ့တယ်၊ သဲလွန်စဘယ်လိုရှာဖွေခဲ့တယ်ဆိုတာတွေကိုလည်း သူကြုံတွေ့ခဲ့ရတဲ့ အမှုအခင်းတချို့နဲ့ ဗဟုသုတမှတ်သားဖွယ်အဖြစ် ရေးထားပါသေးတယ်။ စိတ်ဝင်စားရင်၊ ဖတ်ရတာနှစ်သက်ရင် စာအုပ်အဖြစ်ထွက်လာတဲ့အခါမှာလည်း အားပေးဖတ်ရှုကြပါဦးလို့... ကျေးဇူးတင်ပါတယ်။
.
#NineNineSaNay (Dec. 13. 2016)
.

No comments:

Post a Comment