Latest News

Tuesday, December 13, 2016

ပျောက်ဆုံးသွားတဲ့ ကောင်မလေး ၄ ၅ ၆ စီးရီး

ပျောက်ဆုံးသွားတဲ့ကောင်မလေး (၄)
----------------------------------
ဂျိုအမ်နာမျက်နှာပေါ်က အလောင်ခံထားရတဲ့အရာကို ကြည့်ခြင်းအားဖြင့် လူသတ်သမားဟာ အဓမ္မပြုကျင့်စဉ် သူ့မျက်နှာကိုဂျိုအမ်နာမမြင်အောင် ရေကူးဝတ်စုံကိုအပေါ်ဆွဲတက်ပြီး ဂျိုအမ်နာမျက်လုံးကို အုပ်ထားလိုက်ပုံရတယ်။
.
“ဒီ မုဒိမ်းကောင်လူသတ်သမားက ဂျိုအမ်နာနဲ့သိတဲ့သူဖြစ်ရမယ်။ သူ့ အတန်းဖော်၊ သူငယ်ချင်း ဒါမှမဟုတ် အိမ်နီးချင်းဖြစ်နိုင်တယ်” လို့ အမှုစစ်ရဲ White ကို ကျွန်တော်ပြောလိုက်တယ်။
.
“ဒေါက်တာလီ.. ခင်ဗျားဘယ်လိုလုပ်သိတာလဲ” လို့ White က သဘောမတူစွာပြန်မေးပါတယ်။
.
ပြစ်မှုကျူးလွန်သူစိတ်ကို စိစစ်ဝေဖန်ရေးပညာရပ် အတွေ့အကြုံနဲ့ “တကယ်လို့ ခင်ဗျားသိတဲ့လူကို ခင်ဗျားအဓမ္မသွားကျင့်ရင် အဲဒီခင်ဗျားနဲ့ရင်းနှီးသူကို ခင်ဗျားမျက်နှာမြင်စေချင်သလား” လို့ ကျွန်တော်ရှင်းပြလိုက်တယ်။
.
White က စဉ်းစားပြီး ခေါင်းခါပါတယ်။
.
“မုဒိမ်းကောင်က ခံရသူကို မျက်နှာချင်းမဆိုင်ရဲလို့ နှုတ်ပိတ်တဲ့အနေနဲ့ ဒီလိုရက်စက်လိုက်တာ” လို့ ကျွန်တော်ဆက်ပြောပါတယ်။
.
သေဆုံးသူရဲ့ လက်တွေခြေတွေအားလုံး ဖိနပ်ကြိုးနဲ့ ချည်နှောင်ခံထားရတာကို ကျွန်တော်တွေ့လိုက်ပါတယ်။ လောင်ကျွမ်းခံထားရတဲ့ ဖိနပ်ကြိုးကို တဆင့်ဓာတ်ခွဲစစ်ဆေးဖို့ ကျွန်တော်ယူထားလိုက်တယ်။
.
သေဆုံးသူရဲ့ကိုယ်ပေါ်မှာ ဓားဒဏ်ရာ ၁၂ချက်တွေ့ရတယ်။ ဒဏ်ရာအနေအထားနဲ့ ဒဏ်ရာအတိုအရှည်ပေါ်ပိုင်းခြားချက်အရ လူသတ်လက်နက်ဟာ အသေးစား၊ အိတ်ကပ်ထဲထည့်လို့ရတဲ့ တစ်ဘက်လပ်ဓားသွား ဓားငယ်တစ်ချောင်းဆိုတာ သိလိုက်တယ်။
.
အခင်းဖြစ်ရာနေရာကို ညနေခင်းတစ်ခုလုံးအချိန်ယူပြီး စစ်ဆေးလိုက်တော့ သက်သေခံပစ္စည်းတော်တော်များများကို ကျွန်တော်တို့သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အမှုစစ်ရဲက လူတွေကိုခေါ်ပြီး အလောင်းသယ်ယူဖို့ ပြင်ဆင်တော့တယ်။ ဒါပေမယ့် ကျွန်တော်က မပြီးသေးပါဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ သုတ်ပိုးသက်သေယူရပါဦးမယ်။
.
ခန္ဓာကိုယ်အောက်ပိုင်းက လောင်ကျွမ်းခံထားရပြီမို့ သာမန်အားဖြင့်ပြောရရင် သုတ်ပိုးသက်သေက ပျက်စီးခံထားရပြီလို့သူတို့ထင်ပြီး မယုံကြပါဘူး။ မှုခင်းဆေးပညာဝန်ထမ်းတွေက အဖြစ်မှန်စစ်ဆေးချက်ကို “စိတ်ခန့်မှန်းယူဆမှု”နဲ့ ကျေနပ်လို့မရနိုင်ဘူးလို့ သူတို့ကို ကျွန်တော်ပြောပြပါတယ်။ တကယ်ပဲ သေဆုံးသူရဲ့ အလောင်ကျွမ်းခံထားရတဲ့အောက်ပိုင်းကနေ ဝါဂွမ်းချောင်းနဲ့ သုတ်ပိုးတချို့ ကျွန်တော်ရခဲ့ပါတယ်။
.
ခန္ဓာကိုယ်အောက်ပိုင်းကို မှန်ဘီလူးနဲ့ ကျွန်တော်ရှာဖွေတော့ အမွှေးအမျှင်တချို့ကို တွေ့ပါတယ်။ အင်္ဂါဇာတ်မွှေးဖြစ်နိုင်ချေရှိတာမို့ အဲဒီအမွှေးအမျှင်တွေကို သက်သေခံပစ္စည်းထည့်တဲ့ဘူးထဲ ကျွန်တော်ထည့်လိုက်ပါတယ်။
.
အပိုင်း (၃) ဓာတ်ခွဲခန်းမှ သဲလွန်စဖော်ထုတ်ခြင်း
.
ဓာတ်ခွဲခန်းပြန်ရောက်တာနဲ့ ပစ္စည်းကိရိယာမစုံလင်ပေမယ့် အဏုကြည့်မှန်နဲ့ တခြားဓာတုနည်းပညာကို အသုံးပြုပြီး ကျွန်တော်စတင်စစ်ဆေးခွဲထုတ်ပါတယ်။
.
အလောင်ခံထားရတဲ့ မီးခြစ်ဆံဘူးပေါ်မှာ အင်္ဂလိပ်စာတချို့ကို တွေ့ပါတယ်။ ဖော်ထုတ်ကြည့်တော့ Hartford မြို့မှာ အခြေတည်ထားတဲ့ စက်မှုကုမ္ပဏီတစ်ခုဖြစ်နေတာကို တွေ့လိုက်တယ်။ အမှုစစ်ရဲကို အဲဒီကုမ္ပဏီကိုစစ်ဆေးကြည့်ဖို့ ကျွန်တော်ချက်ချင်းဖုန်းဆက်လိုက်ပါတယ်။
.
အမွှေးအမျှင်ကို စိတ်ဖြာလေ့လာကြည့်တော့ ဒီအမွှေးအမျှင်တွေဟာ လူဖြူယောက်ျားတစ်ယောက်ရဲ့ အင်္ဂါဇာတ်အမွှေးအမျှင်ဖြစ်တာကို ကျွန်တော်သိလိုက်ရပါတယ်။ သေဆုံးသူကို အဓမ္မပြုကျင့်ချိန်မှာ ပွတ်တိုက်ကျွတ်ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်။
.
သေဆုံးသူကို ချည်နှောင်ထားတဲ့ဖိနပ်ကြိုးက လည်ရှည်ဖိနပ်ရဲ့ကြိုးဆိုတာကို ကျွန်တော်သိလိုက်ရတယ်။ လည်ရှည်ဖိနပ်မှာ စံနှုန်းမတူတဲ့ကြိုးအရှည်တွေရှိပါတယ်။ ဥပမာ-- ၂၅လက်မ ဒါမှမဟုတ် ၃၂ လက်မ အရှည်တွေပါ။ ဒါပေမယ့် ဒီအမှုမှာတော့ ဖိနပ်ကြိုးက ၄၇လက်မခွဲရှိနေပါတယ်။ အရမ်းထူးဆန်းပါတယ်။ တရားခံအိမ်မှာ ဖိနပ်ကြိုးတစ်စည်းရှိလိမ့်မယ်လို့ ကျွန်တော်တွေးလိုက်တယ်။ အဲဒီဖိနပ်ကြိုးတွေကို ကိုယ်တိုင်လိုသလောက် ညှပ်ယူအသုံးပြုပုံရတယ်။ နောက်ပြီး ဖိနပ်ကြိုးပေါ်မှာ အနီရောင်သုတ်ဆေးကို ကျွန်တော်တွေ့လိုက်ပါတယ်။ ဒီလိုသုတ်ဆေးက နေအိမ်တွေမှာအသုံးပြုတဲ့ တစ်လွှာသုတ် အိမ်သုတ်ဆေးပါ။ သုတ်ဆေးကို ဓာတ်ခွဲကြည့်တော့ ဒီဆေးက လတ်ဆတ်နေပါသေးတယ်။ တရားခံဟာ အမှုကိုမကျူးလွန်ခင် ဆေးသုတ်ခဲ့ဖူးသူဖြစ်ရမယ်လို့ ကျွန်တော်တို့ တွက်ချက်ခန့်မှန်းလိုက်ပါတယ်။
.
ဂျိုအမ်နာရဲ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေတဲ့ အကူလောင်စာက ခဲမပါတဲ့ဓာတ်ဆီဖြစ်တယ်လို့ အမှုစစ်ရဲနှစ်ယောက်ကို ကျွန်တော်ပြောခဲ့ပါတယ်။ သူတို့က ဓာတ်ဆီရဲ့တံဆိပ်သိနိုင်ဖို့ မျှော်လင့်ကြတယ်။ တံဆိပ်သိရင် အဲဒီတံဆိပ်ရောင်းတဲ့ ဓာတ်ဆီဆိုင်ကနေတဆင့် သဲလွန်စထပ်ရှာဖို့ဖြစ်တယ်။ ဒါကြောင့် လူအင်အားတချို့နဲ့ အဲဒီမြို့က ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီနမူနာတွေလိုက်သိမ်းကြပြီး ကျွန်တော်နှိုင်းယှဉ်ကြည့်နိုင်ဖို့ ဓာတ်ခွဲခန်းဆီ ပို့လိုက်ကြတယ်။ ဒါပေမယ့် ဓာတ်ဆီဆိုင်က ဓာတ်ဆီတွေရဲ့ပင်ရင်းနေရာတွေက မတူကြသလို ဓာတ်ဆီသန့်စင်နည်းကလည်းများတော့ ဓာတ်ဆီတံဆိပ်သိနိုင်ဖို့ နှိုင်းယှဉ်လို့မရနိုင်ခဲ့ပါဘူး။
.
ကျွန်တော့်ရဲ့ဖြေရှင်းချက်ကို သူတို့နားလည်သဘောမပေါက်ကြတော့ “ခင်ဗျားထက် ပိုတော်တဲ့ သိပ္ပံပညာရှင်ကို ကျွန်တော်တို့ရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီပညာရှင်က ဓာတ်ဆီရဲ့ပင်ရင်းကို နှိုင်းယှဉ်ဖော်ထုတ်နိုင်လိမ့်မယ်” လို့ နောက်ကွယ်မှာ ကျွန်တော့်ကိုပြောပါတယ်။ သိပ္ပံပညာရပ်က ဘာမဆိုလုပ်နိုင်တာ မဟုတ်ပါဘူး။ သူတို့က ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးဟာ အရှေ့တိုင်းသားမျက်နှာပေါက်တစ်ဦးဖြစ်နေတာမို့ ကျွန်တော့်ကို လက်ခံယုံကြည်မှုမရှိတာပါ။
.
FBI ဓာတ်ခွဲခန်းအကူနဲ့ သူတို့ဓာတ်ခွဲစမ်းသပ်ခဲ့ကြတယ်။ ရက်သတ္တပတ်တော်တော်ကြာမှာ အဖြေရတော့ အဲဒီအကူလောင်စာက ဓာတ်ဆီနဲ့ဆင်တူတယ်ဆိုတာကလွဲပြီး ဘာတံဆိပ်ဓာတ်ဆီမှန်း မခန့်မှန်းနိုင်ခဲ့ကြပါဘူး။
.
ဒီအမေရိကန်အမှုစစ်ရဲနှစ်ယောက်က ဒါနဲ့တင်မကျေနပ်သေးဘဲ ဗဟိုလက်နက်ဆေးလိပ်ထိန်းချုပ်ရေးဌာနဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစမ်းသပ်ကြည့်ပြန်တယ်။ လေးပတ်အကြာမှာ ထွက်လာတဲ့အဖြစ်က အကူလောင်စာက ဓာတ်ဆီဖြစ်နိုင်တယ်ဆိုတာပဲဖြစ်တယ်။
.
ဒါနဲ့လည်း သူတို့က မကျေနပ်ကြသေးဘူး။ နောက်ဆုံး အမေရိကန်ပင်လယ်ကမ်းခြေထိန်းသိမ်းရေးဌာနရဲ့ ဓာတ်ခွဲခန်းမှာ ထပ်စမ်းသပ်ခဲ့ပြန်တယ်။ ပင်လယ်ကမ်းခြေထိန်းသိမ်းရေးဌာနက ပင်လယ်ပြင်ဆီယိုစိမ့်မှုနဲ့ ပြဿနာတချို့ကိုဖြေရှင်းတဲ့ဌာနဖြစ်တာကြောင့် အဲဒီအချိန်တုန်းက အမေရိကန်တစ်တိုက်လုံးမှာ အကြီးဆုံးဓာတ်ဆီဓာတ်ခွဲစမ်းသပ်ခန်း သူတို့မှာရှိတယ်။ အဲဒီဓာတ်ခွဲဌာနရဲ့ ဓာတ်ခွဲပညာရှင်၇ဦးဟာ အချိန်သုံးပတ်ကြာအသုံးပြုဓာတ်ခွဲကြည့်ပြီးနောက် ရလာတဲ့အဖြေက “အကူလောင်စာဟာ ဓာတ်ဆီဖြစ်နိုင်တယ်” ဆိုတာပဲဖြစ်တယ်။
.
ကျွန်တော်ရဲ့ဓာတ်ခွဲခန်းက အဲဒီဓာတ်ခွဲခန်းတွေထက်တောင် အသေးစိတ်ပါတယ်။ ဒါဟာ ခဲမပါတဲ့ဓာတ်ဆီလို့တောင် ကျွန်တော်ပြောခဲ့တယ်။ အဲဒီဓာတ်ခွဲအဖြေတွေနဲ့ ကျွန်တော်စစချင်းခန့်မှန်းတဲ့အဖြေ တူညီမှုရှိတာကိုတွေ့ပြီးတဲ့နောက် အဲဒီအမေရိကန်အမှုစစ်ရဲတို့ဟာ အဝါရောင်အရေပြား ဒီအာရှသားတရုတ်လူမျိုးကို စပြီး စိတ်ရောကိုယ်ပါယုံကြည်လာတော့တယ်။
.
သေဆုံးသူရဲ့အင်္ဂါဇာတ်ကနေ ရယူခဲ့တဲ့အရည်ကနေတဆင့် သုတ်ပိုးကို ကျွန်တော်ရှာတွေ့ခဲ့တယ်။ ဓာတ်ခွဲစမ်းသပ်ကြည့်ပြီးနောက် တရားခံရဲ့သွေးဟာ ဘီသွေးဆိုတာကို သိလိုက်တယ်။ အဲဒီအချိန်တုန်းက သွေးအင်ဇိုင်း (Blood enzymes) ခွဲခြမ်းစိတ်ဖြာနည်းက မှုခင်းဆေးပညာလောကထဲ ဝင်ရောက်နေခဲ့ပြီဖြစ်တယ်။ ဒီလိုနည်းဟာ သွေးထဲက မျိုးရိုးဗီဇကို တဆင့်တိုး ခွဲခြမ်းစိတ်ဖြာနိုင်ပြီး တရားခံကို ပိုတိကျမှန်ကန်စွာဖမ်းဆီးနိုင်ပါတယ်။
.
အဲဒီအချိန်တုန်းက သွေးအင်ဇိုင်းခွဲခြမ်းစိတ်ဖြာတဲ့စက်တွေ ပေါပေါများများမရှိသေးပါဘူး။ မှုခင်းဆေးပညာလောကက ဒီခွဲခြမ်းစိတ်ဖြာတဲ့စက်ကိုတောင် အင်္ဂလန် Scotland Yard (လန်ဒန်ရဲဌာနချုပ်တည်ရှိတဲ့နေရာကို ခေါ်ဝေါ်တဲ့ဝေါဟာရ) က တီထွင်ခဲ့တာဖြစ်တယ်။ အဲဒီအချိန်တုန်းက စကော့တလန်က ဇီဝဓာတုဓာတ်ခွဲခန်းညွှန်ကြားရေးမှူးက ကျွန်တော်မိတ်ဆွေဖြစ်တယ်။ သူက ကျွန်တော့်ကို အဲဒီစက်တစ်လုံးလက်ဆောင်ပေးခဲ့ဖူးတယ်။ ဒါကြောင့် ဟိုးအစောကြီးကတည်းက ကျွန်တော်တို့ဓာတ်ခွဲခန်းဟာ ကြွင်းကျန်ရစ်တဲ့သုတ်ပိုးကနေတဆင့် အင်ဇိုင်းခွဲဖြာနိုင်ခဲ့ပါတယ်။ အဲဒီတရားခံသုတ်ပိုးရဲ့ PGM ဟာ 2-1 အမျိုးအစားဖြစ်နေတာကို တွေ့လိုက်ပါတယ်။
.
လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က Torrington မြို့နဲ့ မိုင် ၈ဝကျော်အကွာက မြို့လေးတစ်မြို့မှာ ကောင်မလေးတချို့ကို အဓမ္မကျင့်၊ သတ်ဖြတ်ခံရတဲ့အမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်။ တရားခံကို မဖမ်းမိနိုင်ခဲ့သေးပါဘူး။ ဒါကြောင့် ဒီအမှုဟာလည်း အဲဒီပြစ်မှုတွေကျူးလွန်ခဲ့တဲ့တရားခံဖြစ်မယ်လို့ လူတွေသံသယရှိခဲ့ကြတယ်။ “အဓမ္မကျင့်လူသတ်တရားခံ” ဆိုတဲ့ တိမ်မည်းကြီးဟာ Torrington မြို့ကို ဖုံးအုပ်လွှမ်းခြုံထားလို့ လူတွေ စိတ်ချောက်ချားကြတယ်။ အုပ်ထိန်းသူတော်တော်များများက ကိုယ့်သားသမီးကို နွေရာသီသင်တန်း ပေးမတက်ခဲ့ကြတော့ဘူး။
.
သုတ်ပိုးအဖြေရပြီးနောက် အမှုစစ်ရဲWhite ကို ကျွန်တော်ချက်ချင်းအကြောင်းကြားလိုက်တယ်။ ဂျိုအမ်နာအမှုက တသီတခြားဖြစ်တဲ့အမှုလို့ ပြောပြလိုက်တယ်။ အခုအခင်းဖြစ်ရာမှာရတဲ့သုတ်ပိုးနဲ့ ဟိုမုဒိမ်းကျင့်အသတ်ခံခဲ့ကြရတဲ့ ကောင်မလေးတွေကိုယ်ပေါ်ကရတဲ့သုတ်ပိုးက မတူပါဘူး၊ ဒါကြောင့် တရားခံဟာ တစ်ယောက်တည်းမဖြစ်နိုင်ခဲ့ပါဘူး။
.
အစတည်းက ဒါဟာ ဆက်တိုက် အဓမ္မကျင့်လူသတ်ခဲ့တဲ့တရားခံဖြစ်ဖို့များတယ်လို့ ထင်ခဲ့တဲ့ White က ဒီအဖြေကို ယုံဖို့ခက်ခဲနေခဲ့တယ်။ သူ့ကို သိပ္ပံနည်းကျ သွေးခွဲခြမ်းစိတ်ဖြာနည်းမျိုးစုံကို ကျွန်တော်ရှင်းပြလိုက်တယ်။ ဒါ့အပြင် ကျွန်တော်ပိုင်းဖြတ်ခဲ့တဲ့ အကူလောင်စာဟာ ခဲမပါတဲ့ဓာတ်ဆီဖြစ်တယ်ဆိုတဲ့အဖြေကို တခြားဓာတ်ခွဲခန်းတွေကလည်း လက်ခံသဘောတူခဲ့ကြတာကြောင့် White က ကျွန်တော့်အပေါ် စပြီးယုံကြည်လာခဲ့ပါတယ်။ နဂိုက မှန်းတမ်းယူဆချက်တွေကို ပယ်ဖျက်ပြီး သိပ္ပံနည်းကျသက်သေနဲ့ သဲလွန်စရယူစုံစမ်းမှုကို လက်ခံလာခဲ့ပါတော့တယ်။
.
------------- ဆက်ပါဦးမယ်
ပျောက်ဆုံးသွားတဲ့ကောင်မလေး (၅)
---------------------------------
အပိုင်း (၄) လှည့်ပြောင်းမှတ် (Turning Point)
.
အမေရိကန်ပြည်ထောင်စုရဲ့ အစောပိုင်း အမှုစုံစမ်းစစ်ဆေးရေးမှာ သက်သေအဖြစ် အဓိကထားရယူတာက မျက်မြင်သက်သေရဲ့ထွက်ဆိုမှုနဲ့ တရားခံရဲ့ဖြောင့်ချက်ပေးမှုတို့ဖြစ်တယ်။ အမေရိကန်အစောပိုင်းကာလ လူ့ဘောင်လူ့အဖွဲ့အစည်းက သိပ်မရှုပ်ထွေးခဲ့ဘူး။
.
အထူးသဖြင့် တောရွာဒေသမှာဆိုရင် အချင်းချင်းသိကြ၊ ရင်းနှီးကြတယ်။ သက်ကြီးပိုင်းတော်တော်များများက အိမ်ရှေ့မှာ ကုလားထိုင်လေးနဲ့ထိုင်ပြီး လမ်းသွားလမ်းလာတွေကို ကြည့်ကြတယ်။ အမှုအခင်းတစ်ခုဖြစ်ရင် မျက်မြင်သက်သေထွက်ဆိုပေးမယ့်သူ များခဲ့တယ်။
.
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ လူ့လောက,က တဖြည်းဖြည်း ရှုပ်ထွေးလာခဲ့တော့တယ်။ မိသားစုတော်တော်များများမှာ ဇနီးမောင်နှံတွေက အလုပ်များကြရတယ်။ မျက်မြင်သက်သေလည်း နည်းသွားခဲ့တယ်။ နောက်ပြီး အမေရိကန်တရားစီရင်စနစ်ကလည်း တစ်နေ့တခြား ရှုပ်ထွေးလာခဲ့ပါတယ်။ တရားရုံးမှာ သုံးရက်လောက်စောင့်လည်း ကိုယ်သက်သေထွက်ဆိုတဲ့အလှည့်မရောက်တာကြောင့် ပြည်သူတော်တော်များများဟာ ကိုယ့်စီးပွားရေးမပျက်မခံနိုင်ကြတော့ဘဲ သက်သေထွက်ဆိုဖို့ကို ရှောင်လာခဲ့ကြတော့တယ်။ “တွေ့ရက်နဲ့ မမြင်၊ ကြားရက်နဲ့ မသိ” ဆိုတာမျိုးတွေ များလာခဲ့တော့တယ်။
.
၇ဝခုနှစ် နှစ်စမှာ ဗဟိုအမြင့်ဆုံးတရားရုံးက “Miranda အားစွဲချက်တင်ခြင်း” (People V.Miranda) အမှုကို စီရင်ချက်ချရာမှာ နဂိုရှိခဲ့တဲ့ အမှုစုံစမ်းစစ်ဆေးနည်းအစဉ်အလာဟာ တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ စိန်ခေါ်မှုမျိုးနဲ့ ကြုံခဲ့ရတယ်။ အယ်ရီဇိုးနားပြည်နယ်မှာနေတဲ့ Miranda ဆိုသူဟာ အဓမ္မကျင့်ပြန်ပြေးဆွဲတဲ့အမှုနဲ့ အဖမ်းခံခဲ့ရတယ်။ ရဲဘက်က သူ့ကို သူဟာ ဥပဒေနဲ့အညီ ရယူနိုင်တဲ့အခွင့်အရေးတွေကို မပြောပြဘဲ စစစ်ဆေးခဲ့တယ်။ နှစ်နာရီကြာတဲ့ စစ်ဆေးမေးမြန်းမှုအပြီးမှာ Miranda က အပြစ်ရှိကြောင်းဝန်ခံခဲ့တယ်။ တရားရုံးနဲ့ ခံသမာဓိအဖွဲ့က သူ့ကို အပြစ်ချမှတ်လိုက်တယ်။
.
ဒါပေမယ့် အမြင့်ဆုံးတရားရုံးက ဒီစွဲချက်တင်တဲ့အမှုမှာ တရားရုံးက တရားခံရဲ့ဖြောင့်ချက်နဲ့ပဲ စီရင်ဆုံးဖြတ်လို့မရနိုင်ဘူးလို့ ဆိုတယ်။ ရဲဘက်က Miranda ကို သူ့မှာအခြေခံလူ့အခွင့်အရေးရယူခွင့်ရှိကြောင်း မပြောပြခဲ့လို့ဖြစ်တယ်။ ဥပမာ-- သူဟာ ရေလုံနှုတ်ပိတ်နေခွင့်ရှိတယ်၊ ရှေ့နေငှားခွင့်ရှိတယ်၊ ရှေ့နေငှားဖို့မတတ်နိုင်ရင် အစိုးရဘက်က သူ့ကို လိုအပ်တဲ့ဥပေဒေဝန်ဆောင်မှု ပေးနိုင်တယ်။ ဒီအမှုဖြစ်ပြီးတဲ့နောက် တရားခံတော်တော်များများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကာကွယ်မှုကို သိသွားခဲ့ကြလို့ ရဲကို ဘာသဲလွန်စမှ မပေးချင်ခဲ့ကြတော့ဘူး။ တရားခံက ရှေ့နေငှားခွင့်ရပြီးတဲ့နောက် အမှုစစ်ရဲတွေက တရားခံကိုယ်တိုင်ကထုတ်ပြောတဲ့ အကျိုးရှိတဲ့သဲလွန်စရဖို့ အခွင့်အရေး ပိုပိုနည်းသွားခဲ့တော့တယ်။
.
မျက်မြင်သက်သေထွက်ဆိုသူ လျော့နည်းလာတဲ့အပြင်၊ ကိုယ်တိုင်ဖြောင့်ချက်ပေးမှု၊ စစ်ဆေးမေးမြန်းချက်ကန့်သတ်ခံရမှုတို့ကြောင့် ရှေးရိုးစဉ်ဆက်ကျင့်သုံးလာခဲ့တဲ့ စုံစမ်းစစ်ဆေးနည်းဟာ ခေတ်ရဲ့လိုအပ်ချက်နောက် အမီမလိုက်နိုင်ခဲ့တော့ပါဘူး။ ဒီလိုအခြေအနေမျိုးကြောင့် အမှုကြီးတော်တော်များများကို မဖော်ထုတ်နိုင်ခဲ့ကြဘူး။ ဒီလိုအမှုကြီးတွေမဖော်ထုတ်နိုင်တာဟာ ပြည်သူတွေရဲ့စိတ်ကို အရိပ်မည်းလွှမ်းမိုးစေနိုင်ပါတယ်။ အဲဒီအပြင် တစ်မြို့လုံးရဲ့လုံခြုံရေးပုံရိပ်ကိုပါ လှုပ်ခါစေပါတယ်။
.
ကျွန်တော်က လက်တွေ့ကျူးလွန်မှုနဲ့ သက်သေခံပစ္စည်းတချို့ကို အမှုစစ်ရဲတွေ စုံစမ်းစစ်ဆေးနိုင်အောင် တင်ပြပါတယ်။ တရားခံဟာ ရေကူးဝတ်စုံကိုအပေါ်ဆွဲတက်ပြီး အသတ်ခံရသူရဲ့မျက်နှာကို ဖုံးအုပ်ထားတယ်။ ဒါဟာ တရားခံဟာ ဂျိုအမ်နာနဲ့သိတယ်လို့ ဆုံးဖြတ်နိုင်ပါတယ်။ အလောင်းဖျောက်ဖျက်ဖို့ ဓာတ်ဆီကိုအသုံးပြုပုံကို ကြည့်ခြင်းအားဖြင့် တရားခံဟာ သက်သေခံပစ္စည်းတွေကို ဘယ်လိုဖျက်ဆီးပစ်ရမယ်ဆိုတာကို သိတယ်။ ဒါကြောင့် သူဟာ ဉာဏ်ရည်နိမ့်သူမဟုတ်ဘူး။ အင်္ဂါဇာတ်အမွှေးကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် တရားခံဟာ လူဖြူယောက်ျားတစ်ယောက်ဖြစ်နိုင်တယ်။ ဖိနပ်ကြိုးကို ခွဲခြမ်းကြည့်ခြင်းအားဖြင့် တရားခံရဲ့အိမ်မှာ ဖိနပ်ကြိုးတစ်စည်းရှိလောက်တယ်။ ဒါ့အပြင် သိပ်မကြာသေးခင်က ဆေးသုတ်တဲ့အလုပ်ကို သူလုပ်ခဲ့တယ်။ မီးခြစ်ဆံဘူးခွံကို စုံစမ်းစစ်ဆေးခြင်းအားဖြင့် ဘူးပေါ်ကကုမ္ပဏီကိုရှာတွေ့ပြီး မီးခြစ်ဆံဘူးပိုင်ရှင်ကို ရှာတွေ့နိုင်တယ်။
.
အဓိကအရေးကြီးဆုံးက အခုချိန်ထိ တရားခံအသုံးပြုတဲ့လက်နက်ကို ရှာမတွေ့သေးတာပါပဲ။ ဒါကြောင့် ရဲကို လူသတ်လက်နက်ကို ပိုက်စိတ်တိုက်ရှာဖွေကြည့်ဖို့ ကျွန်တော်အကြံပေးလိုက်တယ်။ ဇွဲလုံ့လရှိသူကို လောကကြီးက မျက်ကွယ်မပြုပါဘူး… နှစ်ပတ်အကြာ တောအုပ်တစ်နေရာမှာ ဂျပန်လုပ် တစ်ဘက်လပ်ဓားသွားပါတဲ့ ဓားငယ်တစ်ချောင်းကို အမှုစစ်ရဲတွေ ရှာတွေ့ခဲ့ပါတယ်။ ဓားပေါ်မှာ သွေးတွေ ပေကျံနေပါသေးတယ်။
.
ဓားပေါ်ကသွေးနဲ့ ဂျိုအမ်နာရဲ့သွေးအမျိုးအစားက တူနေပါတယ်။ ဓားသွားရဲ့အနေအထားကလည်း ဂျိုအမ်နာကိုယ်ပေါ်က ဓားဒဏ်ရာနဲ့တူနေပါတယ်။ ဒါကြောင့် ဒီဓားဟာ ဂျိုအမ်နာကိုသတ်ရာမှာ အသုံးပြုတဲ့ဓားဖြစ်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ဓာတုဆေးအသုံးပြုပြီး ဓားလက်ကိုင်ကိုစစ်ဆေးကြည့်တော့ လက်ဗွေရာတချို့ထင်လာပါတယ်။ ဒီလက်ဗွေရာတွေဟာ အမှုကိုဖော်ထုတ်နိုင်မယ့် အဓိကသော့ချက်ဖြစ်ပါတယ်။
.
လက်ဗွေရာနဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ခွဲခြားဖော်ထုတ်ခြင်းဟာ ဟိုးအစောဆုံးတရုတ်ပြည် ထန်ခေတ်မှာ စတင်ခဲ့တာပါ။ အဲဒီတုန်းက အရေးကြီးတဲ့ဖိုင်တွေ၊ စာချုပ်စတာတွေကို လက်ဗွေရာနဲ့ လက်မှတ်ရေးထိုးတာမျိုး ဒါမှမဟုတ် အမှတ်အသားပြုလုပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ နောက်တော့ မှုခင်းဆေးလောကမှာ လူတိုင်းရဲ့လက်ဗွေရာတွေ မတူကြဘူးဆိုတာကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ လောကမှာ လက်ဗွေရာ၊ လက်ဖဝါးရာ၊ ခြေဗွေရာတွေ တူညီတဲ့ လူနှစ်ယောက်မရှိပါဘူး။ ၁၉ရာစုနှောင်းပိုင်းမှာ လက်ဗွေရာကို အမှုအခင်းစစ်ဆေးမှုမှာ စတင်သုံးစွဲလာခဲ့ပါတယ်။
.
ပြစ်မှုကျူးလွန်ချိန်မှာ တရားခံက လက်အိတ်စွပ်ထားရင် အခင်းဖြစ်ရာမှာ လက်ဗွေရာကျန်ခဲ့ဖို့ ခဲယဉ်းပါတယ်။ တရားခံက ပစ္စည်းတစ်ခုကို ယူချိန် ဒါမှမဟုတ် ဖမ်းဆုပ်ချိန်မှာလည်း လက်ဗွေရာတွေ ထင်ကျန်ခဲ့တတ်ပါတယ်။ လက်ဗွေရာက လက်ဖဝါးနဲ့ အရာဝတ္ထုထိတွေ့ချိန် ဆီကြောင့် ချွေးကြောင့် ကျန်ရစ်ခဲ့တဲ့အရာဖြစ်တယ်။ လက်ချောင်းတွေက ဖုန်၊ သွေး နဲ့ မင်စက်တချို့ကို ထိတွေ့ပြီး နောက်အခြားအရာဝတ္ထုကို သွားထိတွေ့ချိန်မှာလည်း ထပ်ဆင့်လက်ဗွေရာကျန်ခဲ့တတ်ပါတယ်။
.
လက်ဗွေရာကို သုံးမျိုးသုံးစားခွဲနိုင်တယ်။
.
(၁) ထင်ရှားတဲ့လက်ဗွေရာ…. မျက်စိနဲ့ လက်ဗွေရဲ့အစင်းအရာတွေကို မြင်နိုင်တယ်။ ဥပမာ-- အိမ်သုတ်ဆေး၊ သွေးစက်၊ မင်စက်တို့ကြောင့်ဖြစ်လာတဲ့ လက်ဗွေရာဖြစ်တယ်။ အခြေခံအချက်အလက်အဖြစ် လက်ဗွေရာကတ်ပေါ်မှာ ခတ်နှိပ်တဲ့လက်ဗွေရာဖြစ်တယ်။
.
(၂) ပုန်းကွယ်နေတဲ့လက်ဗွေရာ… ပျော့ပြောင်းတဲ့အရာဝတ္ထုတွေပ်ါက လက်ဗွေရာဖြစ်တယ်။ ဥပမာ-- ဖယောင်းတိုင်ပေါ်က လက်ဗွေရာ၊ ရွှံ့မြေစေးတွေပေါ်က လက်ဗွေရာ။
.
(၃) ငုပ်နေတဲ့လက်ဗွေရာ… ဒီလိုလက်ဗွေရာက ကိုယ်ခန္ဓာရဲ့သဘာဝဓာတ် ဥပမာ- ချွေးတွေကြောင့် ထပ်ဆင့်ဖြစ်လာတဲ့လက်ဗွေရာဖြစ်တယ်။ သာမန်မျက်စိနဲ့ အလွယ်တကူမတွေ့မြင်နိုင်တဲ့လက်ဗွေရာဖြစ်ပြီး အမှုအခင်းဖြစ်ပွားတဲ့နေရာမှာ အများဆုံးတွေ့မြင်ရတတ်တဲ့လက်ဗွေရာဖြစ်တယ်။ ငုပ်နေတဲ့ဒီလိုလက်ဗွေရာက လက်ချောင်းတွေဟာ အဆီ၊ ချွေး ဒါမှမဟုတ် ဖုန်တွေနဲ့ထိတွေ့ပြီးနောက် အခြားသန့်ရှင်းတဲ့အရာဝတ္ထုကိုကိုင်တွယ်ချိန်မှာ ကျန်ခဲ့တာဖြစ်တယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်ပေမယ့် ထူးခြားတဲ့ဓာတုဗေဒနည်းတွေကို အသုံးပြုပြီး ရှင်းရှင်းလင်းလင်းမြင်အောင် ပြုလုပ်နိုင်ပါတယ်။
.
မှုခင်းဆေးပညာဝန်ထမ်းတွေ အမြဲတစေ တွေ့မြင်ရတတ်တဲ့လက်ဗွေရာက ငုပ်နေတဲ့လက်ဗွေရာဖြစ်တယ်။ လက်ဗွေရာက သတ္တု၊ ပလပ်စတစ်၊ ဖန်၊ ကြွေစတဲ့ ရေမစုပ်တဲ့ပစ္စည်းတွေအပေါ် ထင်ကျန်နေရင် ရှာဖွေစစ်ဆေးရလွယ်ကူပါတယ်။ သာမန်အားဖြင့် အမှုန့်နည်းနဲ့ ရှာဖွေနိုင်ပါတယ်။ အရောင်ပါတဲ့အမှုန့်ကို အရာဝတ္ထုပေါ်ပက်ဖြန်းခြင်းအားဖြင့် ပြီးပြည့်စုံတဲ့လက်ဗွေကို ရရှိနိုင်ပါတယ်။ အခြားနည်းတစ်ခုက သံမှုန့်နည်းဖြစ်တယ်။ သေးငယ်တဲ့သံမှုန့်တွေကို သံဘရခ်ျနဲ့အသုံးပြုပြီး ရှာနိုင်ပါတယ်။
.
တကယ်လို့ လက်ဗွေရာက စက္ကူ၊ ကတ်၊ သားရေ၊ သစ်သားစတဲ့ ရေစုပ်တဲ့ပစ္စည်းတွေအပေါ်ထင်ကျန်နေရင် ဓာတုဗေဒနည်းနဲ့ ဓာတ်ခွဲကြည့်မှ မြင်နိုင်ပါတယ်။ သာမန်အားဖြင့် ဓာတုဗေဒနည်းက အိုင်အိုဒင်းမှိုင်းတိုက်နည်း--- အိုင်အိုဒင်းကို အပူပေးပြီး အငွေ့ပျံစေတယ်။ အဲဒီအငွေ့က လက်ဗွေရာထင်ကျန်တဲ့အရာဝတ္ထုနဲ့ ထိတွေ့တဲ့အခါ ဝါညိုရောင်လက်ဗွေရာအဖြစ် ထွက်ပေါ်လာတယ်။ လက်ဗွေရာပေါ်လာတဲ့အချိန် ချက်ချင်းဓာတ်ပုံရိုက် ဒါမှမဟုတ် ဓာတုနည်းထိန်းသိမ်းတာမျိုး ပြုလုပ်ရပါတယ်။
.
Ninhydrin နည်း --- ဓာတ်စမ်းရည်ကို စစ်ဆေးတဲ့အရာဝတ္ထုပေါ် ဖြန်းတာဖြစ်တယ်။ အဲဒီအရည်နဲ့ လက်ဗွေရာပေါ်ကဓာတ်တို့ ထိတွေ့တဲ့အခါ ခရမ်းရောင်လက်ဗွေရာအဖြစ် ထွက်ပေါ်လာပါတယ်။
.
Silver nitrate နည်း --- Silver nitrate အရည်နဲ့ ငုပ်နေတဲ့လက်ဗွေရာထဲက Sodium chloride တို့ဓာတ်ပြုပြီးနောက် နေရောင်အောက်မှာ အမည်းရောင်လက်ဗွေရာအဖြစ် ထွက်ပေါ်လာပါတယ်။
.
ဓာတ်မီးချောင်းစမ်းသပ်နည်း --- ဓာတ်မီးချောင်းအမိုးနီးယားဓာတ်ငွေ့နဲ့ o-Phthalaldehyd တို့က လက်ဗွေရာထင်ကျန်ခဲ့တဲ့ အရာဝတ္ထုပေါ်က ပရိုတင်း ဒါမှမဟုတ် အမီနိုအက်စစ်နဲ့ ချက်ချင်းဓာတ်ပြုပြီး လင်းလက်တဲ့လက်ဗွေရာအဖြစ် ထွက်ပေါ်လာပါတယ်။ ဒီလိုနည်းကို အရောင်ပါတဲ့အရာဝတ္ထုတွေပေါ်မှာ အသုံးပြုနိုင်ပါတယ်။
.
သက်သေခံပစ္စည်းရှာဖွေဖို့ အခြားနည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ-- သုံးစက္ကန့်ကော်ကပ်နည်းက Cyanoacrylate အငွေ့က ရေနဲ့အမီနိုအက်စစ်မော်လီကျူးကို ဓာတ်ပြုခြင်းအားဖြင့် လက်ဗွေရာကို ထွက်ပေါ်စေပါတယ်။
.
တကယ်လို့ လူအရေပြားပေါ်က လက်ဗွေရာကိုရယူဖို့ အိုင်အိုဒင်းမှိုင်းတိုက် Silver plate transfer method နဲ့ အသုံးပြုနိုင်ပါတယ်။ အိုင်အိုဒင်းနဲ့ထိတွေ့ထားတဲ့ လက်ဗွေရာဟာ ငွေပြားနဲ့ထပ်ထိတွေ့တဲ့အခါ အမည်းရောင်လက်ဗွေရာအဖြစ် ထွက်ပေါ်လာပါတယ်။ ဒါမှမဟုတ် သုံးစက္ကန့်ကော်ကပ်နည်းနဲ့ အသုံးပြုပြီး လေဆာ ဒါမှမဟုတ် Multi-band light source (မီးရောင်စုံတွေစုစည်းထားတဲ့အရာ) နဲ့ ထပ်စစ်ဆေးနိုင်ပါတယ်။
.
၁၉၇၂ခုနှစ်မှာ ဗဟိုစုံစမ်းစစ်ဆေးရေးလက်ဗွေရာဌာနက ကွန်ပျူတာနဲ့ လက်ဗွေရာအထောက်အထားကို စတင်အသုံးပြုခဲ့ပါတယ်။ ၁၉၈ဝခုနှစ်အရောက်မှာ လက်ဗွေရာဌာနက ဗဟိုနဲ့ ပြည်နယ်အစိုးရဥပဒေဌာနက လက်ဗွေကတ်အားလုံးကို ကွန်ပျူတာထဲထည့်သွင်းပြီး ကြီးမားတဲ့လက်ဗွေရာသိုလှောင်မှုတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဖမ်းခံခဲ့ဖူးသူ ဒါမှမဟုတ် ထောင်ကျနေသူတွေရဲ့ လက်ဗွေရာတွေကို ဥပဒေဌာနက သိမ်းဆည်းထားရုံမက ပြည်သူတွေထဲက အစိုးရ ဒါမှမဟုတ် ရဲဘက်အလုပ်လျှောက်သူတိုင်း၊ ဒါမှမဟုတ် နိုင်ငံသားလျှောက်သူတိုင်းလည်း လက်ဗွေရာနှိပ်ရပါတယ်။
.
၁၉၈၉ခုနှစ် ဇွန်လ ၅ရက်နေ့မှာ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (FBI) က တစ်နိုင်ငံလုံးမှာရှိတဲ့ ဥပဒေဌာနအဆင့်ဆင့်ကို ကွန်ပျူတာကနေတဆင့် လက်ဗွေရာနှိုင်းယှဉ်ကြည့်နိုင်တဲ့ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ ဒီလိုဝန်ဆောင်မှုပေးခြင်းအားဖြင့် အရင်တုန်းက တစ်ပတ်လောက်ကြာတဲ့အချိန်ဟာ အခုချိန်မှာ တစ်ရက်တည်းနဲ့ ပြီးသွားပါတယ်။ တစ်နိုင်ငံလုံးက ဥပဒေဌာနတော်တော်များများမှာ အလိုအလျောက်လက်ဗွေရာခွဲခြားနိုင်တဲ့စနစ် မရှိသေးပါဘူး။
.
------------ ဆက်ပါဦးမယ်..
.
ဒီအပိုဒ်က ကျွန်မအတွက် ဘာသာပြန်ရခက်တယ်။ ဓာတုအခေါ်တွေ မသိတာကတစ်ကြောင်း၊ မြန်မာလိုဘယ်လိုသုံးနှုန်းရမယ်ဆိုတာကို မသိတာတစ်ကြောင်းမို့ လက်ဗွေရာရှာနည်းနဲ့ပတ်သက်တဲ့ စာပိုဒ်နှစ်ပိုဒ်ကို ဘာသာမပြန်ဘဲ ကျွန်မခဏချန်ခဲ့တယ်။ အချိန်ယူဘာသာပြန်ရမှာမို့ စာအုပ်ထဲရောက်မှ အပြည့်အစုံရေးပါတော့မယ်။
.
ပျောက်ဆုံးသွားတဲ့ကောင်မလေး (၆)
----------------------------------
အပိုင်း (၅) အသေးစိတ် စုံစမ်းစစ်ဆေး
.
အမှုစစ်ရဲတွေက မီးခြစ်ဆံဘူးကနေ စလှုပ်ရှားပါတယ်။ မီးခြစ်ဘူးထွက်ရာ Hartford မြို့က စက်မှုကုမ္ပဏီတစ်ခုကို သူတို့သွားရောက်စုံစမ်းပါတယ်။ မီးခြစ်ဘူးက ကြော်ငြာအတွက် လက်ဆောင်ပေးတာပါ။ ကုမ္ပဏီနဲ့စီးပွားရေးအဆက်အသွယ်ရှိတဲ့ ဆောက်လုပ်ရေးသမား ဒါမှမဟုတ် ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်သူတွေကို လက်ဆောင်ပေးတာဖြစ်တယ်။ Torrington မြို့က ဖောက်သည်ကုမ္ပဏီနှစ်ခုကိုပဲ သူတို့ပေးခဲ့ပါတယ်။
.
အမှုစစ်ရဲတွေက Torrington မြို့ကိုပြန်လာပြီး မီးခြစ်ဘူးလက်ဆောင်ရတဲ့ကုမ္ပဏီနှစ်ခုကို စစ်ဆေးရာမှာ Newhouse လို့ခေါ်တဲ့မျိုးရိုးနာမည်ရှိတဲ့အိမ်ဟာ ဂျိုအမ်နာတို့နေအိမ်နဲ့ မနီးမဝေးမှာရှိတာကို တွေ့လိုက်ရတယ်။ အဲဒီအိမ်ကသားကြီး ရော်နာက ဂျိုအမ်နာနဲ့ကျောင်းတူပါတယ်။ သူတို့နှစ်ယောက် ရင်းနှီးပုံရပါတယ်။
.
သိပ်မကြာပါဘူး… အမှုစစ်ရဲတွေဟာ ကျွန်တော်အကြံပေးတဲ့အတိုင်း ပြတင်းတံခါးတွေကို လောလောလတ်လတ် ဆေးသုတ်ထားတဲ့အိမ်ရှိမရှိ အိမ်ပေါက်စေ့လိုက်ကြည့်ပါတော့တယ်။ အဲဒီလိုလိုက်ကြည့်တဲ့အခါမှာ အိမ်တစ်အိမ်ရဲ့ကားဂိုဒေါင်တံခါးဟာ သိပ်မကြာခင်ကမှ အနီရောင်ဆေးသုတ်ထားသလိုပါပဲ။ အိမ်ရှင်ကို မေးမြန်းကြည့်တော့ အိမ်ရှင်က အသက် ၆ဝကျော်အမျိုးသားတစ်ဦးဖြစ်ပြီး အိမ်ထဲအိမ်ပြင်သိပ်မထွက်သူဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့လအနည်းငယ်ခန့်က ရော်နာလို့ခေါ်တဲ့ အလယ်တန်းကျောင်းသားကိုခေါ်ပြီး ကားဂိုဒေါင်တံခါးကို အနီရောင်ဆေးသုတ်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီ ၁၆နှစ်အရွယ်ကောင်လေးက သူတို့အိမ် မျက်စောင်းထိုးမှာနေကြောင်း ညွှန်ပြပါတယ်။ သူညွှန်ပြတဲ့မျက်စောင်းထိုးအိမ်က Newhouse အိမ်ဖြစ်နေပါတယ်။
.
သဲလွန်စအားလုံးက ရော်နာကိုပဲ ညွှန်ပြနေပါတယ်။ ဒါပေမယ့် ရော်နာကိုဖမ်းဆီးစစ်ဆေးဖို့ ဒါမှမဟုတ် သူ့အိမ်ကိုရှာဖွေဖို့အတွက် သက်သေခံပစ္စည်းတွေအများကြီး လိုအပ်နေပါသေးတယ်။ ဥပဒေအရ အရေးကြီးတဲ့အခြေအနေမဟုတ်ရင် ရဲတွေဟာ အိမ်ကိုရှာဖွေဖို့ ဒါမှမဟုတ် နေအိမ်ထဲဝင်ဖို့အတွက် တရားသူကြီးဆီကနေ ရှာဖွေခွင့် ဒါမှမဟုတ် ဝရမ်း အရင်လျှောက်လွှာတင်ရပါတယ်။ လျှောက်လွှာတင်ချိန်မှာ ဒီနေအိမ်ကို ဘာကြောင့်ရှာဖွေရတယ်၊ ဒီလူကို ဘာကြောင့်ဖမ်းရတယ်ဆိုတဲ့ ခိုင်လုံပြည့်စုံတဲ့အကြောင်းပြချက် သက်သေတွေနဲ့ လျှောက်ရပါတယ်။
.
ရဲဘက်က ပြည့်စုံတဲ့သက်သေတွေ မသိမ်းဆည်းနိုင်သေးပေမယ့် အသစ်ရှာဖွေတွေ့ရှိထားတဲ့ သဲလွန်စဓားနဲ့ ရော်နာကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ Newhouse အိမ်ကို သူတို့သွားလိုက်ကြတယ်။ အမှုစစ်ရဲ White နဲ့ Brown တို့က Newhouseရဲ့ နေအိမ်ကားပတ်ကင်မှာ ကားတစ်စီးရပ်ထားတာကို တွေ့လိုက်တယ်။ အိမ်ထဲမှာ လူရှိနေတယ်ဆိုတာကိုသိလို့ တံခါးခေါက်လိုက်တယ်။ အချိန်အတော်ကြာတဲ့အထိ အိမ်ထဲက တုန့်ပြန်သံမကြားမိပါဘူး။ မိနစ်တော်တော်ကြာမှ အသက် ၄ဝကျော်အမျိုးသမီးတစ်ယောက်ဟာ ပြတင်းပေါက်ခန်းဆီးကို အသာလေးဟပြီး တံခါးခေါက်တဲ့လူကို ချောင်းကြည့်လိုက်တာ တွေ့ရတယ်။
.
“ကျွန်တော်တို့က ရဲတွေပါ.. မေးစရာတချို့ရှိလို့ပါ” လို့ Brownကပြောတယ်။
.
“ဘာကိစ္စလဲ..” အမျိုးသမီးက စိတ်လှုပ်ရှားစွာမေးတယ်။
.
လှုပ်လှုပ်ရှားရှားမဖြစ်စေချင်တာကြောင့် “ပုံမှန်လုပ်ရိုးလုပ်စဉ်မေးမြန်းမှု” လို့ ရဲကဖြေလိုက်တယ်။
.
အမျိုးသမီးက တံခါးဖွင့်လိုက်တယ်.. ရဲက “ခင်ဗျားက ရော်နာမိခင်လား.. ရော်နာရှိလား” လို့မေးတယ်။
.
အမျိုးသမီးက ပိုစိတ်လှုပ်ရှားသွားသလိုနဲ့ ကပျာကယာ..
.
“ဘာဖြစ်တာလဲ… ရော်နာ ဘာပြဿနာလုပ်မိပြီလဲ” လို့ ပြန်မေးတယ်။
.
“ဘာမှလုပ်ပါဘူး.. သူ့ကို ဓားတစ်ချောင်းနဲ့ပတ်သက်တာလေး မေးချင်လို့ပါ”
.
“သူ အိမ်မှာမရှိဘူး”
.
Brown က ဓာတ်ပုံရိုက်ထားတဲ့ ဓားပုံကို ပြလိုက်ပြီး “ဒီဓားကို ခင်ဗျားတွေ့ဖူးလား” လို့ မေးလိုက်တယ်။
.
အမျိုးသမီးက ဓာတ်ပုံကိုကြည့်ပြီး ခဏလောက်မှင်တက်သွားတယ်။ ပြီးမှ ခေါင်းခါပြီး ပလုံးပထွေးနဲ့ “မ..မတွေ့.. တွေ့ဖူးဘူး.. ” လို့ ဖြေတယ်။
.
အမှုစစ်ရဲက တဆင့်တိုးပြီး “အိမ်ထဲ ခဏဝင်ကြည့်လို့ရနိုင်မလား” လို့ သွေးတိုးစမ်းမေးကြည့်တယ်။
.
အမျိုးသမီးက ချက်ချင်းအသိဝင်လာသလို “ရှင်တို့ ဘာရှာချင်တာလဲ။ ဒီဓားကို မတွေ့ဖူးပါဘူးလို့ ကျွန်မပြောပြီးပြီပဲ။ ရှာဖွေခွင့်လက်မှတ်မပါရင် ကျွန်မအိမ်ထဲဝင်ဖို့ ရှင်တို့မစဉ်းစားနဲ့…”
.
ရော်နာမိခင်က ပုလင်းဝ ဘူးဆို့ထားသလို ဘာမှထပ်မပြောတော့ဘူး။ အိမ်ထဲလည်း ဝင်ရှာဖို့ခက်တယ်။ ဒါပေမယ့် အမျိုးသမီးရဲ့အပြုအမူက ရဲကို သံသယဖြစ်နေစေခဲ့ပါပြီ။
.
အိမ်ကနေခွာဖို့ ရဲတွေပြင်ဆင်ချိန် တံခါးဝမှာ အပြင်ကနေ တက်တက်ကြွကြွအပြေးပြန်လာတဲ့ ရော်နာရဲ့ညီ ဂျော်နီကို တွေ့လိုက်တယ်။ ရဲက ဓာတ်ပုံထုတ်ပြီး “ဟေ့ ကောင်လေး.. ဒီဓားကို မင်းတွေ့ဖူးလား” လို့ မေးလိုက်တယ်။
.
ဂျော်နီက မျက်လုံးတစ်ချက်လက်သွားပြီး ချက်ချင်းပဲ.. “ဒါ ကျွန်တော့်အစ်ကိုဓားမဟုတ်လား။ ခရစ္စမတ်လက်ဆောင်ဆိုပြီး အဖေက သူ့ကိုဝယ်ထားပေးတာ။ သူက ဒီဓားကို အရမ်းတန်ဖိုးထားတာ .. တခြားလူကို ပေးမကိုင်ဘူး” လို့ဆိုတယ်။
.
White က တဆက်တည်းပဲ.. “ဒီဓားအခု ဘယ်မှာလဲ မင်းသိလား” လို့ မေးလိုက်တယ်။
.
“ရှေ့ရက်က မတော်တဆ ဘယ်နားကျကျန်ခဲ့မှန်းမသိဘူးလို့ သူပြောပါတယ်။ အဖေသူ့ကို လက်ဆောင်ပေးပြီးနောက် သူက ဒီဓားကို ကိုယ်နဲ့မခွာ သေချာသိမ်းထားတယ်၊ ဒီဓားကို သူလုပ်ဖျောက်လိုက်တယ်လို့ပြောရင် ကျွန်တော်ယုံမှာမဟုတ်ဘူး…… ”
.
“ဂျော်နီ…. စကားလျှောက်မပြောနဲ့.. အိမ်ထဲ အမြန်ဝင်ခဲ့စမ်း..”
.
ရော်နာရဲ့မိခင်က တံခါးဝမှာရပ်ပြီးအော်လို့ ဂျော်နီက လက်ပြပြီး အိမ်ထဲဝင်သွားခဲ့တယ်။
.
ရော်နာအိမ်အပြန်ကိုစောင့်ပြီး သေချာမေးမယ်လို့ ရဲတွေကဆုံးဖြတ်လိုက်တယ်။ သိပ်မကြာဘူး ရော်နာအိမ်ပြန်လာပါတယ်။ အိမ်အပြင်မှာ ရဲရောက်နေတာကိုတွေ့တော့ သူထိတ်ထိပ်ပြာပြာဖြစ်သွားတယ်။ ဒါပေမယ့် ဟန်ကိုချက်ချင်းထိန်းပြီး ရဲတွေမေးမြန်းသမျှကို သူမူမပျက်ပြန်ဖြေတယ်။ ဓားဘယ်ရောက်သွားသလဲလို့ ရဲတွေမေးတဲ့အခါ အိမ်ပေါ်ထပ်မှာလို့ သူထစ်ထစ်ငေါ့ငေါ့ဖြေတယ်။
.
အိမ်ပေါ်တက်ပြီး သွားရှာကြည့်ပါလို့ ရဲတွေပြောတော့ အိမ်ထဲသူဝင်သွားတယ်။ နာရီဝက်ကျော်ကြာမှ အိမ်အောက်ပြန်ဆင်းပြီး ဓားကို သူရှာမတွေ့ကြောင်း၊ ကြည့်ရတာ မတော်တဆလုပ်ဖျောက်လိုက်မိတာဖြစ်နိုင်ကြောင်း ပြောတယ်။
.
လူသတ်လက်နက်က ရော်နာရဲ့ဓားဖြစ်တယ်ဆိုတိုင်း ဒီလူသတ်မှုကို ရော်နာကျူးလွန်တာ မဟုတ်နိုင်ပါဘူး။ သူ့ဓားကို တခြားလူကောက်မိပြီး လူသတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဓားကို ရော်နာလုပ်ဖျောက်လိုက်မိတယ်ဆိုတာကို တကယ်ဟုတ်မဟုတ် ရဲတွေက စမ်းသပ်ကြည့်ချင်ပါသေးတယ်။
.
ဒါကြောင့် ဒီအကြောင်း ရော်နာကိုသေချာရှင်းပြဖို့ ရဲစခန်းကို ခဏလောက်လိုက်ခဲ့နိုင်မလားမေးတော့ ရော်နာက ဘာမှမဖြစ်သလို “သွားဆိုလည်း သွားတာပေါ့” လို့ပြောတယ်။
.
ရဲစခန်းရောက်တော့ အမှုမဖြစ်ခင် နွေရာသီသင်တန်းကို သူလည်းပါဝင်ခဲ့တယ်လို့ ဝန်ခံပါတယ်။ ဒါပေမယ့် ဂျိုအမ်နာနဲ့ နှစ်ယောက်တည်း သွားလာဆက်ဆံဖူးတာတော့မရှိဘူးလို့ ဆိုတယ်။ သင်တန်းပြီးတော့ သူ့တစ်ယောက်တည်း တောင်ပေါ်တက်လမ်းလျှောက်ထွက်တယ်လို့ဆိုတယ်။ ဒါပေမယ့် လမ်းမှားသွားလို့ ညမှ အိမ်ပြန်ရောက်ကြောင်းပြောတယ်။ ရော်နာရဲ့အိမ်က တောင်ခြေမှာမို့ တောင်ပေါ်ကို သူမကြာခဏ သွားလာတတ်မှာပါ။ လမ်းမှားတယ်ဆိုတဲ့အပြောက သင်္ကာမကင်းဖြစ်တာမို့ သူ့ကို Polygraph လိမ်ညာစမ်းသပ်စက် (လူရဲ့သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းကနေတဆင့် ဒီလူရဲ့ပြောစကားဟာ အလိမ်အညာစကားလားဆိုတာကို လျှပ်စစ်လှိုင်းအနေအထားကနေတဆင့် စူးစမ်းကြည့်တဲ့ကိရိယာ) နဲ့ စမ်းသပ်ကြည့်ဖို့ သဘောတူလားလို့ မေးလိုက်တယ်။
.
လိမ်ညာစမ်းသပ်စက်ရဲ့ ရလဒ်အဖြေက တရားရုံးမှာတွက်ဆိုချိန် သက်သေခံအဖြစ် တင်ပြလို့မရနိုင်ပေမယ့် ရဲတွေက တရားခံရဲ့စိတ်အခြေအနေကို ဒီစက်နဲ့စမ်းသပ်အသုံးပြုနေဆဲဖြစ်တယ်။
.
ရော်နာက စမ်းသပ်ကြည့်ဖို့ သဘောတူတာမို့ စမ်းသပ်သူက ကိရိယာတွေကိုပြင်ဆင်ပြီး စမ်းသပ်ဖို့စတင်ချိန်မှာ ရော်နာရဲ့မိဘနဲ့ ရှေ့နေတစ်ဦးက ရဲစခန်းကို အလျင်စလိုရောက်လာခဲ့ပါတယ်။ ရော်နာရဲ့လက်မှာ၊ ခေါင်းမှာ လိမ်ညာစမ်းသပ်စက်နဲ့စမ်းသပ်ဖို့ ဝါယာကြိုးတွေကပ်ထားတာကို မြင်တော့ ရှေ့နေက ရဲတွေကို ဝရမ်းထုတ်ပြဖို့၊ မထုတ်ပြနိုင်ရင် စမ်းသပ်မှုလုပ်နေတာကို ချက်ချင်းရပ်ဖို့ဆိုပါတယ်။
.
ရော်နာကို ရဲတွေက ရဲစခန်းကို “ပင့်ဖိတ်” ခဲ့တာပါ။ တရားရုံးကနေ ဝရမ်းမတင်ရသေးပါဘူး။ ဒါကြောင့် ရော်နာကို အတင်းအဓမ္မ ဘာမှစစ်ဆေးခွင့်မရှိပါဘူး။ ဒါနဲ့ ရော်နာကို အိမ်ပြန်လွတ်လိုက်ရပါတယ်။ ရဲစခန်းကနေ ဟိတ်ကြီးဟန်ကြီးနဲ့ထွက်သွားတဲ့ရော်နာကို ရဲတွေက ဒီအတိုင်းသားကြည့်နေခဲ့ရတယ်။
.
အမေရိကန်အခြေခံဥပဒေက လူတွေကို ကိုယ်ရေးကိုယ်တာကာကွယ်နည်းတွေ အများအပြား ပံ့ပိုးပေးထားပါတယ်။ ဒါဟာ အမှုအခင်းစစ်ရာမှာ ရဲဘက်ကို အဆင်မပြေမှု၊ ခက်ခဲမှုတွေ များစွာပေးလာနိုင်ပေမယ့် ရဲတွေကို အကူအညီမဲ့စေ၊ လက်လျော့စေလိုစိတ်တွေတော့ မဖြစ်စေခဲ့ပါဘူး။ ရော်နာရဲ့ သွေးနဲ့ လက်ဗွေရာကိုသာ ကျွန်တော်တို့ရနိုင်ခဲ့ရင် ဂျိုအမ်နာကိုယ်ပေါ်ကသုတ်ပိုးကို ကျွန်တော်တို့အတည်ပြုနိုင်ပါပြီ။ အမွှေးအမျှင်နဲ့ ဓားလက်ကိုင်ပေါ်က လက်ဗွေရာတို့တူညီရင် ရော်နာဟာ ဒီအမှုရဲ့တရားခံဆိုတာ တပ်အပ်ပြောနိုင်ပါပြီ။
.
ကျွန်တော်တို့ ချက်ချင်းပဲ တရားရုံးသွားပြီး ဆင့်ခေါ်စာသွားလျှောက်ပါတယ်။ ဒီအမှုမှာ ရော်နာတရားခံဖြစ်နိုင်ချေများတာမို့ ရော်နာဆီကနေ သွေးနမူနာနဲ့ လက်ဗွေနမူနာရယူနိုင်အောင် သဘောတူညီချက်ပေးဖို့ တရားသူကြီးကို တင်ပြပါတယ်။
.
တရားသူကြီးက ကျွန်တော်တို့ရဲ့တင်ပြချက်ကို သဘောတူပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ ရော်နာတို့မိသားစုဟာ နယူးယောက်ကို ရုတ်တရက်ပြောင်းသွားပါတယ်။ သိပ်မကြာပါဘူး… ရဲဘက်က ရော်နာကိုရှာတွေ့ပြီး လိုအပ်တဲ့ သွေးနဲ့လက်ဗွေရာကိုရခဲ့ပါတယ်။
.
စမ်းသပ်စစ်ဆေးမှုအပြီးမှာ ရော်နာရဲ့သွေးဟာ ဘီသွေးဖြစ်ပြီး PMG အင်ဇိုင်းက 2-1 အမျိုးအစားဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒါဟာ သေဆုံးသူ ဂျိုအမ်နာကိုယ်ပေါ်မှာရရှိခဲ့တဲ့ သွေးအမျိုးအစားနဲ့ တူညီနေပါတယ်။ တစ်ချိန်တည်းမှာပဲ ရော်နာရဲ့လက်ဗွေရာဟာ ဓားလက်ကိုင်ပေါ်က လက်ဗွေရာနဲ့ တူညီနေပါတယ်။ အမွှေးအမျှင်အသွင်အပြင်ကလည်း တူညီနေပါတယ်။
.
ဒီသက်သေခံပစ္စည်းတွေနဲ့ ရော်နာကို ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးချိန်မှာပဲ သူ့အိမ်မှာ ဖိနပ်ကြိုးတစ်စည်းကိုလည်း ရှာဖွေတွေ့ခဲ့ရပြီး ဓာတ်ဆီအနည်းငယ်ကျန်နေသေးတဲ့ ဓာတ်ဆီပုံးတစ်ခုကိုလည်း တွေ့ခဲ့ပါတယ်။ ဓာတ်ဆီကိုဓာတ်ခွဲစမ်းသပ်ကြည့်တော့ အခင်းဖြစ်ပွားရာမှာတွေ့ခဲ့တဲ့ဓာတ်ဆီနဲ့ ကိုက်ညီနေပါတယ်။
.
တရားခံကိုရှာဖွေတွေ့ရှိပြီဆိုရင် အမေရိကန်ရာဇဝတ်မှုဖော်ထုတ်ရေးမှာ အမှုကို တစ်ဝက်ဖော်ထုတ်နိုင်ခဲ့ပြီလို့ ဆိုရပါမယ်။ ကျန်တစ်ဝက်က တရားရုံးမှာ ခိုင်လုံတဲ့သက်သေပြမှု၊ တွက်ဆိုမှုတွေနဲ့ တရားခံမှာ ပြစ်မှုထင်ရှားကြောင်း ဂျူရီလူကြီးအဖွဲ့က သံသယမကင်းမဖြစ်အောင် တွက်ဆိုရပါတယ်။ စွဲချက်တင်သူဘက်က တွက်ဆိုချက်တွေကို ဂျူရီလူကြီးအဖွဲ့ယုံအောင်ပြောရသလို အတိုင်ခံရသူဟာ သက်သေခံပစ္စည်းတွေနဲ့ လူသတ်ရခြင်းရဲ့အရင်းခံ၊ လူသတ်ပုံ၊ လူသတ်နိုင်တဲ့အခွင့်အလမ်းတွေကို တွက်ဆိုရပါတယ်။
.
စွဲချက်တင်သူဘက်က လိုအပ်တဲ့သက်သေခံပစ္စည်းတွေကို စုစည်းပြီး စိတ်ကူးပုံဖော်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ အဲဒီစိတ်ကူးပုံဖော်မှုက --- အဲဒီနေ့က ဂျိုအမ်နာဟာ နွေရာသီစခန်းချသင်တန်းပြီးတော့ တစ်ယောက်တည်း အိမ်ကို စက်ဘီးစီးပြန်လာခဲ့တယ်။ လမ်းမှာ သူနဲ့သိတဲ့ ရော်နာကိုတွေ့ခဲ့တယ်။ ရော်နာက ဂျိုအမ်နာနောက်မှာ ကားမောင်းပြီး လာနေတယ်။ ဂျိုအမ်နာနားရောက်ချိန် သူ့ကားနဲ့လျှောက်လည်မလားလို့ ရော်နာကမေးတယ်။ ဂျိုအမ်နာက သဘောတူပြီး ရော်နာကားပေါ်တက်လိုက်တယ်။ လမ်းတဝက်ရောက်တော့ ဘာကြောင့်မှန်းမသိ ဂျိုအမ်နာအပေါ် ရော်နာစိတ်ဖောက်ပြန်လာခဲ့ပြီး ဂျိုအမ်နာကိုတောအုပ်ထဲခေါ်သွားတယ်။ ပြီးတော့ သူ့ကိုတုတ်ချည်ပြီး အဓမ္မကျင့်လိုက်တယ်။ အိမ်ကိုဂျိုအမ်နာပြောပြမှာစိုးလို့ မစဉ်းစားမဆင်ခြင်ဘဲ ဓားနဲ့ထိုးသတ်လိုက်တယ်။ အဲဒီနောက် ဓာတ်ဆီလောင်းမီးရှို့ပြီး အလောင်းကိုဖျောက်ဖျက်လိုက်တယ်။
.
ဒီလိုစိတ်ကူးပုံဖော်မှုမှာ ဂျိုအမ်နာရဲ့သက်သေခံစက်ဘီးလိုနေပါတယ်။ ဂျိုအမ်နာက စက်ဘီးကို လမ်းဘေးမှာပစ်ထားခဲ့မှာ မဟုတ်လောက်ဘူး။ ကားနောက်ဖုံးခန်းမှာ ထည့်ထားနိုင်ပါတယ်။ ကားနောက်ဖုံးခန်းကို ကျွန်တော်တို့ဖွင့်ကြည့်တော့ စက်ဘီးကိုမတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ကားဘော်ဒီသတ္တုပြားတစ်နေရာဟာ အခြစ်ခံထားရပြီး ဆေးကျွတ်ကျန်နေခဲ့တာကို တွေ့လိုက်ရပါတယ်။ ဆေးက အနီ၊ အဝါ၊ အမည်းပါတဲ့အရောင်ဖြစ်တယ်။ စက်ဘီးကို ရော်နာမ,ယူချိန် မတော်တဆ ကားဘော်ဒီပြားကိုခြစ်မိပြီး စက်ဘီးရဲ့ဆေးတွေ ကျွတ်ကျန်ခဲ့ပုံရပါတယ်။ ဒါပေမယ့် ဂျိုအမ်နာရဲ့စက်ဘီးကို ရှာမတွေ့သေးတာကြောင့် နှိုင်းယှဉ်လို့ မရခဲ့သေးပါဘူး။ အမှုကိုဖော်ထုတ်နိုင်ဖို့ ကံတရားလည်း လိုအပ်ပါတယ်။  သက်သေခံပစ္စည်းစက်ဘီးကို ရှာမတွေ့သေးလို့  ကျွန်တော်တို့စိတ်ပူနေတဲ့တစ်နေ့မှာ ဒေသခံပြည်သူတစ်ဦးက ကီလို၆ဝအကွာနေရာမှာ သူအပြေးကျင့်နေတုန်း တောအုပ်တစ်နေရာမှာ စွန့်ပစ်ထားတဲ့ စက်ဘီးတစ်စီးကိုတွေ့ခဲ့ကြောင်း အကြောင်းကြားလာခဲ့ပါတယ်။ ရဲတွေက စက်ဘီးကိုသိမ်းပြီး ဂျိုအမ်နာမိဘတွေကို မေးကြည့်တော့ ဒါဟာ ဂျိုအမ်နာအမှုဖြစ်တဲ့နေ့က စီးခဲ့တဲ့ စက်ဘီးဖြစ်တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ နှိုင်းယှဉ်စမ်းသပ်မှုအပြီးမှာ ရော်နာကားနောက်ဖုံးခန်း ခြစ်ရာပေါ်တွေ့ခဲ့တဲ့ ဆေးနဲ့ ဂျိုအမ်နာစက်ဘီးရဲ့ဆေးတို့ဟာ တူညီနေတာကို တွေ့ခဲ့ရပါတယ်။
.
ဒီလိုသက်သေခံပစ္စည်းတွေနဲ့ တရားလိုတိုင်တန်းထားသူက ရော်နာကို အရွယ်ရောက်အဓမ္မကျင့်လူသတ်မှုနဲ့ စွဲချက်တင်တိုင်ကြားခဲ့ပါတယ်။ ဒီအမှုမှာ မျက်မြင်သက်သေမရှိတာကြောင့် သက်သေခံပစ္စည်းတွေနဲ့သာ အမှုဖွင့်ရတာမို့ တရားလိုဘက်က စွဲချက်တင်နိုင်မတင်နိုင် ဂျူရီလူကြီးအဖွဲ့ရဲ့ အမှုစစ်ဆေးချက်နဲ့သာ ဆုံးဖြတ်ချက်နိုင်ပါတယ်။
.
အမေရိကန်ဗဟိုရဲ့ အမှုစုံစမ်းစစ်ဆေးမှုအများစုက ဂျူရီလူကြီးအဖွဲ့ရဲ့ အကြိုစစ်ဆေးမှုကိုခံရပါတယ်။ ဂျူရီလူကြီးအဖွဲ့ရဲ့ထုတ်ဖော်မပြောကြားတဲ့အခြေအနေမှာ စစ်ဆေးပြီးနောက် သက်သေတွေပြည့်စုံမှုရှိတယ်လို့ အတည်ပြုမှ တရားလိုက တရားဝင်စွဲချက်တင်ရပါတယ်။ ဂျူရီလူကြီးအဖွဲ့ကို သာမန်အရပ်သားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဘယ်သက်သေခံပစ္စည်းကိုမဆို သူတို့ဆန်းစစ်ဖတ်ရှုနိုင်ပါတယ်။ သက်သေတွေကို သက်သေထွက်ဆိုဖို့ အာဏာနဲ့ဆင့်ခေါ်နိုင်ပါတယ်။ တရားလိုဟာ ဂျူရီလူကြီးအဖွဲ့ရဲ့စစ်ဆေးမေးမြန်းမှုပြုစဉ်အတွင်းမှာ ဥပဒေနဲ့ကာကွယ်ခွင့်မရှိပါဘူး။ အခုချိန်မှာတော့ ပြည်နယ်တော်တော်များများက ဂျူရီလူကြီးအဖွဲ့ရဲ့ အကြိုစစ်ဆေးမှု လုပ်ထုံးလုပ်နည်းကို ပျက်ဖျက်လိုက်ပြီဖြစ်ပါတယ်။ အမှုဖွင့်စွဲချက်တင်မလား ဒါမှမဟုတ် သက်သေခိုင်လုံမှုရှိမရှိဆိုတာကို အစိုးရရှေ့နေကပဲ ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် အခြားအရေးကြီးတဲ့အမှုကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ချိန်မှာတော့ ဂျူရီလူကြီးအဖွဲ့ကို အကြိုစစ်ဆေးမှုအတွက် အရင်တင်ပြနေရဆဲဖြစ်ပါတယ်။
.
---------------- ဆက်ပါဦးမယ်
.
#NineNineSaNay
.
 

No comments:

Post a Comment