Latest News

Wednesday, December 14, 2016

ဘင်္ဂါလီပုံဆိုပြီး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်အတုများ ဖြန့်ဝေနေမှုကို နိုင်ငံတကာမီဒီယာအချို့ စတင်ဖော်ထုတ်

ဘင်္ဂါလီပုံဆိုပြီး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်အတုများ ဖြန့်ဝေနေမှုကို နိုင်ငံတကာမီဒီယာအချို့ စတင်ဖော်ထုတ်
=


===================

ဘင်္ဂါလီများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများအဖြစ် နိုင်ငံတကာရှိ အင်တာနက်အသုံးပြုသူများက ဖြန့်ဝေနေမှုများ၌ အစစ်အမှန် မဟုတ်ဘဲ အခြားနိုင်ငံများမှ အဖြစ်အပျက်များ၊ သဘာဝဘေးဒဏ်ခံ ရပုံများကိုပါ ရောယောင်ဖြန့်ဝေနေကြောင်း ဘီဘီစီ၊ ၀ါရှင်တန်ပို့စ် အပါအ၀င် နိုင်ငံတကာ သတင်း ဌာနများက စတင်ထုတ်ဖော် ရေးသားလာသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာ) များအပေါ် နှိပ်စက်ညှဉ်းပန်းနေပုံများအဖြစ် ကမ္ဘာတစ်ဝန်း လူမှုကွန်ရက်များတွင် ဓာတ်ပုံအတုများ ဖြန့်ဝေလျက်ရှိသည်။ လူအချို့မှာ ယင်းပုံများ အစစ်အမှန်မဟုတ်ကြောင်း မသိဘဲ နှင့် ဖြန့်ဝေနေခြင်းဖြစ်သည်။

ယင်းပုံများအနက်တစ်ပုံမှာ အလောင်းကောင်များကြားတွင် ရပ်နေသော ဗုဒ္ဓဘာသာဘုန်းကြီးများပုံဖြစ်ပြီး ဘင်္ဂါလီများအပေါ် ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်နေမှု နမူနာပုံတစ်ပုံ အထောက်အထားအကိုးအကားအဖြစ် အသုံးပြုနေသည်။ သို့သော် ယင်းပုံမှာ မြန်မာနိုင်ငံမှမဟုတ်ဘဲ ၂၀၁၀ ဧပြီက တရုတ်နိုင်ငံ ငလျင်လှုပ်ခတ်မှုပြီးနောက် ငလျင်ဒဏ်သင့် သေဆုံးခဲ့ရသူများကို မီးသင်္ဂြိုဟ်ရန် ဘုန်းကြီးများက ပြင်ဆင်နေပုံဖြစ်သည်။

အခြားပုံ တစ်ပုံမှာ မီးလောင်ကျွမ်းနေသော လူတစ်ယောက်လမ်းပေါ် ပြေးလွှားနေပုံဖြစ်သည်။ ထိုလူကို အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း အဖွဲ့တစ်ဖွဲ့က ဖေ့စ်ဘွတ်ခ်တွင် ရေးသား ဖြန့်ဝေခဲ့သည်။ သို့သော် အဖြစ်မှန်မှာ ထိုဓာတ်ပုံပါလူမှာ တိဗက်တက်ကြွလှုပ်ရှားသူ Jamphel Yeshi ဆိုသူဖြစ်ပြီး အိန္ဒိယသို့ တရုတ်သမ္မတ၏ အလည်အပတ်ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ၎င်းကိုယ်၎င်း မီးရှို့ဆန္ဒပြခြင်းဖြစ်သည်။

အခြားတစ်ပုံမှာ ကျောပြင်အနှံ့ ရိုက်နှက်ခံထားရသည့် အရှိုးရာများအပြည့်ဖြင့် ယောက်ျားလေးတစ်ဦး သစ်သားတိုင်တစ်တိုင်တွင် ချည်နှောင်ခံထားရသော ပုံဖြစ်သည်။ အွန်လိုင်းပို့စ်များက ထိုကလေးငယ်မှာ ဘင်္ဂါလီ (နိုင်ငံတကာသတင်းများတွင် ရိုဟင်ဂျာ) ကလေးငယ်ဖြစ်သည်ဟု ပြောသော်လည်း အမှန်တကယ်တွင် ၂၀၁၅ အစောပိုင်းက သကြားလုံးခိုးခြင်းကြောင့် ဆွေမျိုးတစ်ဦး၏ ရိုက်နှက်ခြင်းခံရသော အသက် (၇)နှစ်အရွယ် ထိုင်းကလေးငယ် ဖြစ်နေသည်။

ထို့အပြင် အိန္ဒိယနှင့် ပါကစ္စတန်တွင် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ ခဲ့သော ဓာတ်ပုံတစ်ပုံရှိသေးသည်။ မြေပြင်ပေါ်တွင် မှောက်လှဲ၍ လက်များရှေ့သို့ ဖြန့်တန်းခင်းကျင်းထားသော ကျောင်းသားကလေးများ၏ လက်များပေါ်သို့ ဆိုင်ကယ် တစ်စီးက ဖြတ်မောင်းနေသောပုံ ဖြစ်သည်။ ထိုအဖြစ်အပျက်မှာ အိန္ဒိယတောင်ပိုင်းရှိ ကိုယ်ခံပညာသင်တန်းကျောင်းတစ်ခုမှ ကျောင်းသားများ၏ပုံဖြစ်သည်။

‘Last Blood’ အမည်ရှိ ဟောလိဝုဒ်၏ ရမ်ဘိုရုပ်ရှင် ဇာတ်လမ်းတွဲတစ်ခုမှ ဇာတ်ဝင်ခန်းတစ်ခန်းကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဘင်္ဂါလီများကို နှိပ်စက်ညှဉ်းပန်းမှု ဗီဒီယိုဟုဆိုကာ ဘင်္ဂလားစာတန်းထိုး ၍ ဖြန့်ဝေမှုများလည်းရှိသည်။ နိုဝင်ဘာ ၂၀ ရက်ကလည်း ဖေ့စ်ဘွတ်ခ် အသုံးပြုသူတစ်ဦးသည် မီးတောက်မီးလျှံများကြားမှ မိန်းကလေးတစ်ဦး၏ ဗီဒီယိုကို ‘မြန်မာမွတ်စလင်များကို သတ်ဖြတ်နေမှုရပ်’ ဟု စာထိုးကာ ဖြန့်ဝေခဲ့သည်။

ယင်းဗီဒီယိုထဲမှ အဖြစ်အပျက်အမှန်မှာ ဂွါတီမာလာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ မေလက အသက် (၁၆)နှစ်အရွယ် မိန်းကလေးကို လူအုပ်ကြီးက ရိုက်နှက်၍ မီးလောင်တိုက်သွင်းသတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းကို CNN၊ The Independent တို့ အပါအ၀င် နိုင်ငံတကာ မီဒီယာများစွာက သတင်းအမှန်ဖြင့် ဖော်ပြခဲ့ဖူးသည်။

နိုဝင်ဘာ ၂၀ ရက်က AFP ဓာတ်ပုံတစ်ပုံကိုသုံးကာ ဘင်္ဂလား ဒေ့ရှ်သတင်းစာတစ်စောင်က တလွဲဖော်ပြမှုရှိခဲ့သည်။ AFP က ယင်း၏ပုံစာတွင် ထိုပုံကို ၂၀၁၆ နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့ကြောင်း၊ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက အိမ်အလုံး ၈၀ ကို မီးရှို့ခဲ့သည်ဟူသော စွပ်စွဲမှုထွက်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ် မောင်တော၌တည်ရှိသော ၀ါးပိတ်ကျေးရွာတွင် မြန်မာစစ်သားများက မီးငြှိမ်းသတ်နေကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ် သတင်းစာတစ်စောင်က ယင်းပုံကို ပြန်လည်ဖော်ပြရာတွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအိမ်များကို မီးရှို့နေကြောင်း ရေးသားခဲ့ပြီး ပုံခရက်ဒစ်ကိုမူ AFP ဟု ဖော်ပြခဲ့သည်။

ဘီဘီစီ ထရန်းဒင်းက အွန်လိုင်းဓာတ်ပုံရှာဖွေရေးကိရိယာများ အသုံးပြု၍ ခြေရာကောက်ဖော်ထုတ်ခဲ့သော အခြားထင်ယောင်ထင်မှား ဓာတ်ပုံများထဲတွင် မြေပြင်ပေါ်လဲလျောင်းနေသော လူအုပ်ကြီးဓာတ်ပုံ (အဖြစ်မှန်မှာ ၂၀၀၄ က ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဆန္ဒပြသူများပုံ)၊ မီးလောင်းကျွမ်းခံထားရသော အလောင်များပုံ(အမှန်မှာ ကွန်ဂိုနိုင်ငံတွင် ၂၀၁၀ က ဆီသယ်ယာဉ်မတော်တဆမှုမှပုံ)၊ သွေးစွန်းနေသော အ၀တ်များနှင့် ကလေးငယ်များ၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာဓာတ်ပုံ (အဖြစ်မှန်မှာ သီရိလင်္ကာပဋိပက္ခအတွင်း ရိုက်ကူးခဲ့သောဓာတ်ပုံ) စသည်တို့ ပါဝင်သည်။ ထိုဓာတ်ပုံများနှင့် အခြားဓာတ်ပုံများကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် အကြိမ်ပေါင်း ထောင်ချီဖြန့်ဝေထားကြပြီး ဘင်္ဂါလီများကို ထောက်ပံ့ကူညီရန် မျှော်လင့်ချက်ဖြင့် လူများက ဖြန့်ဝေခြင်းဖြစ်သည်ဟုဆိုသည်။

ဘယ်သူတွေက လုပ်နေကြလဲ

ဘင်္ဂါလီအဖွဲ့တစ်ဖွဲ့သည် စနစ်တကျစုစည်းပြင်ဆင်ထားသော နည်းလမ်းတစ်ရပ်ဖြင့် ထိုပုံတုများကို အသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေကြောင်း ဘင်္ဂါလီအကျပ်အတည်း၊ စစ်သွေးကြွမှု၊ စစ်ရာဇ၀တ်မှုများဆိုင် ရာကိစ္စရပ်များအပေါ် နှစ်ပေါင်းများစွာ စုံစမ်းထောက်လှမ်းအတွေ့အကြုံရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စုံစမ်းထောက်လှမ်းသူ သတင်းထောက်တစ်ဦးဖြစ်သည့် Julfikar Ali Manik က ပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ နေရာများတွင် ဘင်္ဂလားဒေ့ရှ် မိုဘိုင်းဖုန်းအော်ပရေတာများ၏ ကွန်ရက်များအသုံးပြုနိုင်ပြီး မောင်တောရှိ ဘင်္ဂါလီများက ၎င်းတို့၏ဖုန်းများဖြင့် ဘင်္ဂလားဒေ့ရှ်၌ နေထိုင်သော ဘင်္ဂါလီများ၊ ၎င်းတို့နှင့် သိကျွမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများထံသို့ ဓာတ်ပုံအတုများ ပေးပို့ကြသည်ဟု ဘင်္ဂလား ဒေ့ရှ်သတင်းထောက် Manik က ပြောသည်။

‘‘အဲဒီလိုဖြစ်စဉ် မြန်မာမှာ ဖြစ်ပွားခဲ့တယ်လို့ပြောပြီး တစ်ယောက်ယောက်က မြန်မာနိုင်ငံကနေပြီး အဲဒီလိုပုံ (အတု) တစ်ပုံကို ပို့တဲ့အခါ လူတွေက စယုံကြတာပဲ။ အဲဒီနောက်မှာ ရိုဟင်ဂျာတွေနဲ့ ကော့ဘဇားဒေသခံတွေဟာ အဲဒီပုံက ယုံကြည်စိတ်ချရတယ်လို့ မှတ်ပြီးတော့ ဖြန့်ဝေကြတော့တာပဲ’’ဟု နယူးယောက်တိုင်းမ်သတင်းဌာနသို့ ကူညီသတင်းပေးပို့သူလည်းဖြစ်သည့် Manik က ပြောသည်။

၎င်းတို့ကို ယုံကြည်စာနာသော အရှေ့အလယ်ပိုင်းနှင့် အခြားနိုင်ငံအချို့မှ လူများက ၎င်းတို့၏ အွန်လိုင်းကမ်ပိန်းများကို ထောက်ခံအားပေးကြသည်။ The Daily Star ၏ အကြီးတန်းသတင်းထောက်တစ်ဦးသည် Teknaf ဒေ သတွင် ဘင်္ဂါလီပြဿနာကို သတင်းလိုက်လျက်ရှိရာ ဒေသခံများ နှင့် တွေ့ဆုံရာ၌ ထိုဝါဒဖြန့် ဓာတ်ပုံအတုများကို ဒေသခံအများအပြားက မြင်တွေ့ထားကြပြီး ထိုပုံများ အစစ်အမှန်ဟု ထင်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

လတ်တလောဖြစ်ပွားခဲ့သော အတုဖြန့်ချိမှုမှာ ကမ္ဘောဒီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခု၏ ဗီဒီယိုနှင့် ဓာတ်ပုံများကို အသုံးပြု၍ ဘင်္ဂါလီ (ရိုဟင်ဂျာ) ကလေးငယ်အား မြန်မာစစ်သားတစ်ဦးက နှိပ်စက်နေကြောင်း ယူကေအခြေစိုက် ဒေးလီးမေးလ်သတင်းဌာနက သတင်းမှား ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်အတွင်း မြန်မာများနှင့်တွေ့ဆုံပွဲ ဗီဒီယိုကို မသမာသူများက စာတန်းမှားများထိုး၍ ဘင်္ဂါလီများအရေး ရယ်မောခဲ့သော ဒေါ်အောင်ဆန်းစုကြည်ဟုဆိုကာ စွပ်စွဲဝါဒဖြန့်မှုရှိခဲ့သည်။

ယင်းတို့နှင့် ပတ်သက်၍ မြန်မာအစိုးရက တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ထုတ်ပြန်ထားသည်။

‘‘ဒေးလီးမေးလ်ရဲ့ပုံစံဟာ အလောတကြီးနိုင်ပြီးတော့ သဘောထားကွဲစရာကောင်းတာ ကြာလှပါပြီ။ သူ့ရဲ့ တိကျမှုနဲ့ ပတ်သက်လို့ အရင်ကလည်း မေးခွန်းထုတ်တာ ခံထားရဖူးပါတယ်။ ဒီဆောင်းပါးကို ဖြန့်ချိခြင်းအားဖြင့် ဗြိတိသျှတက်ဘလွိုက် (လူပြိန်းကြိုက်သတင်းစာ)ဟာ ကမ္ဘာတစ်ခြမ်းကျော် အချက်အလက်မှားယွင်းမှုနဲ့ သတင်းမှားမှုဆိုင်ရာ ရှုပ်ထွေးနက်နဲပြီးတော့ ဗျာများရမယ့် တိုက်ပွဲတစ်ပွဲထဲ ခြေချမိသွားပြီ’’ ဟု ၀ါရှင်တန်ပို့စ်သတင်းစာက ရေးသားခဲ့သည်။

ဗြိတိန် အခြေစိုက် ဘင်္ဂါလီတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဘလော့ဂါလည်းဖြစ်သည့် ဂျမီလာဟန်နန်က လူတိုင်းဓာတ်ပုံများမသုံးမီ သေသေချာချာ စစ်ဆေးစေလိုကြောင်း ဘီဘီစီသတင်းအား ပြောကြားခဲ့သည်။

Ref:BBC,Washington Post, The Daily Star
  7 Day

No comments:

Post a Comment