Latest News

Sunday, December 11, 2016

ပတ္တမြားမြို့သစ်တွင် စိတ်ကြွဆေးပြား ၂၄ သိန်းဖမ်းမိ

ပတ္တမြားမြို့သစ်တွင် စိတ်ကြွဆေးပြား ၂၄ သိန်းဖမ်းမိ


ရန်ကုန် ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံတွင် စိတ်ကြွဆေးပြားများ အများဆုံး စံချိန်တင် ဖမ်းမိခဲ့သည့် မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက် ၁ နာရီက ပတ္တမြားမြို့သစ်ရှိ နေအိမ် တစ်လုံးတွင် ကျပ်သန်း ရှစ်သောင်းခြောက်ထောင်ကျော်ရှိ စိတ်ကြွဆေးပြား ၂၄ သိန်းကျော်ကို ထပ်မံ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရန်ကုန်မြို့လယ်မှာ ဖမ်းမိတဲ့ မူးယစ်ဂိုဏ်း အဖွဲ့က နိုင်ငံခြားသား ငါးယောက် အမှုရဲ့ နောက်ဆက်တွဲ ကွင်းဆက် ထပ်ဖမ်းမိတာ။ ပစ္စည်းပဲမိပြီး လူက လွတ်သွားတယ်”ဟု အမည်မဖော်လိုသူ ရဲအရာရှိက ပြောကြားသည်။

ပတ္တမြားမြို့သစ် မေတ္တာလမ်းသွယ် ၃ လမ်းရှိ အမှတ် ၂၁ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်စစ်ဆေးချိန် ယင်းနေအိမ်ရှိ အမျိုးသားက ထွက်ပြေးခဲ့ပြီး WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၄ သိန်းကျော်နှင့် ဘိန်းဖြူ ၆၈၅ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

နိုဝင်ဘာလ ၁၈ ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပုဇွန်တောင်လမ်းတွင် ကွန်တိန်နာ ယာဉ်ငယ်ဖြင့် သယ်ဆောင်လာသော ကန်ဒေါ်လာသန်း ၃၀ ကျော်ရှိ အိုက်စ် မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်ဂိုဏ်း အဖွဲ့ဝင် ထိုင်ဝမ်နိုင်ငံသား အမျိုးသား လေးဦးနှင့် ဟောင်ကောင် နိုင်ငံသား အမျိုးသား တစ်ဦးကို မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် မင်္ဂလာဒုံ ဥယျာဉ်မြို့တော်အနီး ပိုင်ရှင်မဲ့ ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကမ္ဘာ့ဒုတိယမြောက် စံချိန်တင် WY စိတ်ကြွဆေးပြား ၂၆ သန်းကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

Sources ; The Voice

No comments:

Post a Comment