Latest News

Saturday, December 17, 2016

လမ်းဘေးဈေးသည်တွေ ကမ်းနားကို ပြောင်းရွှေ့လိုက်တာက ယာဉ်ကြောပိတ်ဆို့မှု လျော့ချခြင်းရဲ့ အဖြေလား

လမ်းဘေးဈေးသည်တွေ ကမ်းနားကို ပြောင်းရွှေ့လိုက်တာက ယာဉ်ကြောပိတ်ဆို့မှု လျော့ချခြင်းရဲ့ အဖြေလား

ရန်ကုန်၊ဒီဇင်ဘာ၁၈ ။            ။ ရန်ကုန်မြို့တွင်းလမ်းဘေးဈေးသည်တွေကြောင့် ယာဉ်လမ်းကြောပိတ်ဆို့မှုတွေကို ဖြေရှင်းပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်ကနေစပြီး ရန်ကုန်မြို့တွင်း ၄ မြို့နယ်ကလမ်းဘေးဈေးသည်ပေါင်း ၁၆၀၀ ကျော်ကို ကမ်းနားလမ်းဘက်ကို ရွှေ့ပြောင်းပြီး ညဈေးတန်းတစ်ခုဖွင့်လှစ်ပေးခဲ့ပါတယ်။

မဇ္ဈိမ စီးပွားရေးသတင်းဌာနအနေနဲ့ အဲဒီကအခြေအနေတွေကိုစောင့်ကြည့်နေပြီး ကမ်းနားလမ်းညဈေးကြောင့် ရန်ကုန်မြို့ရဲ့ မြို့တွင်းလမ်းမတွေမှာ သိသိသာသာယာဉ်ကြောပိတ်ဆို့မှု   ပြသနာပြေလည်သွားသလားဆိုတာ ခရီးသည်နဲ့ မော်တော်ယာဉ်မောင်းတစ်ချို့ကို မေးကြည့်ထားပါတယ်။

အခုဆိုရင် ကမ်းနားလမ်းညဈေးကအချိန် တစ်လအတွင်းမှာတင် အတော်လေးစည်ကားတဲ့ နေရာဖြစ်နေပါပြီ။ အဲဒိမတိုင်ခင်ကဆိုဒီကဈေးသည်တွေကလမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားစတဲ့ မြို့နယ် ၄ မြို့နယ်ကကားလမ်းမတွေအနီးမှာ ဈေးရောင်းချခဲ့ကြတာဖြစ်ပါတယ်။

ဒီဈေးကိုဖွင့်လှစ်ခဲ့တုန်းကဆိုရင်လည်း ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို တစ်နည်းတစ်ဖုံဖြေရှင်းနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ပေးခဲ့တာပါ။ ဒါပေမယ့် လောလောဆယ်အခြေအနေမှာ ရန်ကုန်ကယာဉ်လမ်းကြောပိတ်ဆို့တဲ့ ပြသနာပြေလည်သွားရဲ့ လားဆိုတာ ရန်ကုန်ကအငှားယာဉ်မောင်းတစ်ဦးကို မေးကြည့်ထားပါတယ်။

"အရမ်းကြီးတော့ ချောင်မသွားဘူးပေါ့ ကြပ်တာတော့ ကြပ်တုန်းပဲပေါ့။ အဓိကကကားများတာပဲ ထင်ပါတယ်။ ကားများတာရယ် လမ်းတွေရဲ့ လုပ်ထားတဲ့ ဒီဧရိယာတွေကဘယ်လိုခေါ်မလဲ လက်ရှိကားများနေတာနဲ့ စာရင်မလုံလောက်ဘူးလို့ ထင်တာပဲ" လို့ အလုံမြို့နယ်က အငှားယာဉ်မောင်း ဦးစိန်လင်းက ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မှတ်တမ်းအရဆို မြို့တွင်း ၄ မြို့မှာ ဈေးသည်ပေါင်းက ၆၀၀၀ ကျော်ရှိတာပါ။ အဲဒိလမ်းဘေးဈေးသည် ၆၀၀၀ ကျော်ရှိတဲ့အထဲက   ဈေးသည် လေးချိုးတစ်ချိုးလောက်ကိုပဲ ကမ်းနားလမ်းညဈေးတန်းဘက်ကို ရွှေ့ပြောင်းနိုင်သေးတာဖြစ်ပါတယ်။

"ကားမောင်းရတာထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ညောင်ပင်လေးဈေးနဲ့ ဘုန်းကြီးလမ်းလောက်ကစပြီး တိုးရတာပေါ့၊ဒါပေမယ့် ဗန္ဓုလလမ်းမှာရှင်းသွားတဲ့အတွက် ဒီဗန္ဓုလလမ်းကို ပြန်သုံးတော့ နည်းနည်းရတာပေါ့နော်။ အမှန်မှန်တော့ စည်ကမ်းရှိဖို့ပါပဲသမီးရယ်။" လို့လည်း ဒေါပုံမြို့က အငှားယာဉ်မောင်း ဦးအေးခိုင်က ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုထဲမှာ စည်းကမ်းလိုက်နာမှုနည်းပါတာက အဓိက အကြောင်းအရင်း ဖြစ်နိုင်တယ်လို့လည်း ပြောပြခဲ့ပါတယ်။ အနော်ရထာလမ်း၊ ဗန္ဓုလလမ်း၊ ကုန်သည်လမ်းပေါ်မှာ ဈေးသည်းတွေကို ကမ်းနားလမ်းမှာပြောင်းရွှေ့ရောင်းချခွင့်ပေးလိုက်တာကြောင့် လမ်းပိတ်ဆို့မှု ဒဏ် အနည်းငယ် သက်သာလာတယ်လို့ သာကေတမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပြလာပါတယ်။

"အရင်တုန်းကဆိုရင် သမီးတို့တွေကားအပြန်လမ်းဆိုရင်အရင်ကတစ်နာရီသွားရမယ့်ခရီးဆိုအခုဆိုလေးဆယ့်ငါးမိနစ်ဘဲသွားရတာပေါ့ အရင်တုန်းကထက်တော့ ပိုမြန်သွားတယ်။" လို့ သာကေတမြို့နယ်မှာ နေထိုင်သူ နန်းဆုမြတ်ထက်က ပြောပါတယ်။

ရန်ကုန်မြို့မှာ တစ်နေတစ်ခြားများပြားလာတဲ့ မော်တော်ယာဉ်နဲ့ နေထိုင်သူလူဦးရေကြောင့် ယာဉ်ကြောပိတ်ဆို့မှုကိုကုစားဖို့ ယိုပေါက်တွေက ရှိနေတုန်းဖြစ်ပါတယ်။ တစ်ဘက်မှာကလည်း လမ်းဘေးဈေးသည်တွေရဲ့ နေရာထိုင်ခင်း ပြသနာကလည်းလုံးစေ့ပတ်စေ့ ဖြေရှင်းဖို့ကလည်း စိန်ခေါ်စရာဖြစ်နေတုန်းပါ။ ဒါကြောင့် ပြသနာအလုံးစုံ ပြေလည်ဖို့ဆိုတာက အခုလက်ရှိလသားအစိုးရအတွက် ရင်လေးစရာ ဖြစ်လာဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Mizzima

No comments:

Post a Comment