Latest News

Saturday, December 17, 2016

ချောင်းသာကမ်းခြေမှ အပန်းဖြေ ပြန်လာသော ကားတစ်စီး ချောက်ထဲပြုတ်ကျ၍ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ချောင်းသာကမ်းခြေမှ အပန်းဖြေ ပြန်လာသော ကားတစ်စီး ချောက်ထဲပြုတ်ကျ၍ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ချောင်းသာကမ်းခြေမှ အပန်းဖြေ ပြန်လာသော ကားတစ်စီး ချောင်းသာကျေးရွာနှင့် ဥတိုကျေးရွာအကြား သုံးထပ်ကွေ့အနီး၌ ဒီဇင်ဘာ ၁၇ ရက် ညနေ ၃ နာရီခန့်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေး ချောက်အတွင်းသို့ ပြုတ်ကျရာမှ ယာဉ်ပေါ်တွင် လိုက်ပါလာသူနှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ရန်ကုန်မြို့မှ ချောင်းသာကမ်းခြေသို့ အပန်းဖြေ လာရောက်ပြီးနောက် အပြန်ခရီးတွင် ယာဉ်မောင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေ ဦးမျိုးကိုအောင် (ခ) အရှည်ကြီး (ဘ) ဦးတင်ထွန်းအောင် (၂၈ နှစ်) မောင်းနှင်လာသည့် MarkII အဖြူရောင် မော်တော်ယာဉ်တစ်စီးမှာ ချောင်းသာ-ပုသိမ်ကားလမ်း သုံးထပ်ကွေ့အနီး မိုင်တိုင်အမှတ် ၃၃/၄ နှင့် ၃၃/၅ အကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်းသို့ တိမ်းမှောက် ကျဆင်းခဲ့ကြောင်း သိရသည်။

ယင်းယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် နေထိုင်သူများ ဖြစ်ကြသည့် ဦးသန်းဝင်း အသက် (၄၈)နှစ်၊ ဦးချစ်ညီညီ အသက် (၃၁)နှစ်၊ ဦးမျိုးသန်းထွန်း အသက် (၃၉)နှစ်၊ ဦးဇာနည်အောင် အသက်(၃၃)နှစ်တို့မှာ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး ဦးမျိုးကို (ခ) မျိုးအေး (ဘ) ဦးတင်ရွှေ အသက် (၄၇)နှစ်နှင့် ဦးတင်မင်းထွန်း (ဘ) ဦးမြင့်ထွန်း အသက် (၄၂)နှစ်တို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သုံးထပ်ကွေ့နားမှာ ပြုတ်ကျသွားတာ၊ နှစ်ဦးကတော့ ဆုံးပါးသွားတယ်။ ကျန်တဲ့သူတွေက ဒဏ်တွေရရှိပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ ယာဉ်မောင်းက မောင်းနှင်နေစဉ်မှာ အရက်သေစာ သောက်စားထားပါတယ်” ဟု ချောင်းသာနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ချောင်းသာနယ်မြေရဲစခန်းမှ ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သူ ဦးမျိုးကိုအောင် (ခ) အရှည်ကြီးအား ယာဉ်(ပ) ၁၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၈/၃၃၇/၃၇၉ တို့ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Writer:
မင်းသူဝင်းထွဋ်
Eleven Media Group Co., Ltd

No comments:

Post a Comment