Latest News

Wednesday, December 21, 2016

ဖေါက်ခွဲပစ္စည်းများပိုင်ဆိုင်သည်ဟု စွပ်စွဲ ထောင်ချခံရသူ ကိုခိုင်နေမင်း စစ်တွေထောင်မှ ပြန်လွတ်မြောက်လာ

ဖေါက်ခွဲပစ္စည်းများပိုင်ဆိုင်သည်ဟု စွပ်စွဲ ထောင်ချခံရသူ ကိုခိုင်နေမင်း စစ်တွေထောင်မှ ပြန်လွတ်မြောက်လာ


စံမောင်သန်း ၊ စစ်တွေ ၊ ဒီဇင်ဘာ ၂၁

ဖေါက်ခွဲပစ္စည်းများပိုင်ဆိုင်သည်ဟု စွပ်စွဲထောင်ချခံခဲ့ရသည့်  လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုခိုင်နေမင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကျဉ်းထောင်မှ ယနေ့နံနက် ၆ နာရီခန့်က လွတ်မြောက်လာခဲ့သည်။

ပေါက်ကွဲစေနိုင်သော ပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ထောင် ၄ နှစ် ကျခံခဲ့ရပြီး ထောင်ရက်စေ့၍ လွတ်မြောက်လာခြင်းဖြစ်သည်ဟု ခိုင်နေမင်းက နိရဉ္စရာသို့ ပြောဆိုသည်။

“ဌေးလွင်ဆိုတဲ့လူတစ်ယောက်က ကျွန်တော့်ကို ချဉ်းကပ်နေတာကြာပါပြီ။ သူဘာလုပ်တယ် ဆိုတာကို ကျွန်တော် မသိရှိခဲ့ရဘူး။ လှိုင်သာယာမှာ ရခိုင်အမျိုးသမီး ၂၀ ကျော် အလုပ်ဖြုတ် ခံထားရတာနဲ့ ပတ်သက်ပြီး ကိုခိုင်နေမင်း ကူညီပါဆိုပြီး ဖိတ်ခေါ်လို့ သွားခဲ့တာပါ။ Sky တည်းခိုခန်းမှာ သူနေရာချပေးထားတဲ့ အခန်းမှာ တည်းခိုနေတုန်း ရဲမှူးမြင့်မောင်တို့ ရောက်ရှိ လာပြီးတော့ ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီပစ္စည်းတွေဟာ ရဲမှူးမြင့်မောင်နဲ့ပဲ ပါလာတာလား၊ ဌေးလွင်ကပဲ ယူလာသလားဆိုတာကို ကျွန်တော်မသိရှိလိုက်ရပါဘူး”ဟု ခိုင်နေမင်းက ပြောသည်။

အဆိုပါရဲမှူး မရောက်ရှိမီ သူ့လက်ထဲတွင် မည်သည့်ဖေါက်ခွဲ ပစ္စည်းမှမရှိသော်လည်း သူကို ခေါင်းမော့ခိုင်းပြီး မေးမြန်းနေတုန်း သူ့မျက်စိကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ဖေါက်ခွဲရေး ပစ္စည်းများ သူ့ရှေ့သို့ ရောက်ရှိနေသည်ကို တွေ့ရှိရသည်ဟု ပြောသည်။

ကိုခိုင်နေမင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ် နှိပ်စက်ညှင်းပန်းမှု တစ်ချို့ ရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်ကတော့ အဖွဲ့ရယ်လို့ သီးသန့်မရှိပါဘူး။ အားလုံး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တိုင်းရင်းသား ညီအကို မောင်နှမတွေနဲ့အတူတူ ဆန္ဒပြပွဲတွေ လုပ်ခဲ့တယ်။ ရခိုင်ပြည်နယ် အတွက်လည်း ပထမဦးဆုံး ရှင်စောပုလမ်းမှာ ကျွန်တော်တို့ ဆုတောင်းပွဲတွေလုပ်တယ်။ ရွှေတိဂုံဘုရားမှာလည်း ဆုတောင်းပွဲတွေ လုပ်လာခဲ့ပါတယ်”ဟု ခိုင်နေမင်းက သူလူပ်ရှားမှုနှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ခိုင်နေမင်းသည် အင်းစိန်ထောင်တွင် ၃ နှစ်ကျော်နေခဲ့ရပြီး၊ ယခုနှစ် ဧပြီလတွင် စစ်တွေထောင်သူ ပြောင်းရွှေ့လာခဲ့ကာ ယနေ့နံနက်က စစ်တွေ အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်မြောက် လာခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ ဒေါ်မဲမချေက “သူအမှုရင်ဆိုင်နေရတုန်း ရန်ကုန်မှာ သူ့အမှုအတွက် ၁၃ လတိုင်တိုင် လိုက်ပါ လုပ်ဆောင် နေခဲ့ရပြီး နဂိုရှိနေတဲ့ နေအိမ်ကိုရောင်းပြီး လုပ်ဆောင်ခဲ့ရတဲ့အတွက် အခုဆိုရင် ငှက်ပျောခင်းမှာ ၀ါးအိမ်လေးနဲ့ပဲ နေနေရပါတယ်။ သူလွတ်မြောက်လာတော့လည်း ပျော်ရွှင်မိပါတယ်။ ၀မ်းလည်း နည်းမိပါတယ်။ ၀မ်းနေတယ်ဆိုတာက သူလွတ်မြောက်လာတဲ့အခါ သက်သက်သာသာ နေနေနိုင်ဖို့ မစီစဉ်ပေးနိုင်လို့ပါ”ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ခိုင်နေမင်းလွတ်မြောက်လာစဉ် မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ လူ ၅၀ ခန့်က စစ်တွေသို့ လာရောက်ပြီး ကြိုဆိုခဲ့ကြသည်။

ခိုင်နေမင်းကို ဖမ်းဆီးစဉ် အဆိုပါတည်းခိုခန်းတွင် သူတစ်ဦးတည်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကိုဘိုဘိုထွန်းနှင့် ကိုသိန်းညွန့်တို့ကိုမူ သူနှင့် ရင်းနှီးမှုရှိသည် ဆိုပြီး ဖမ်းဆီးခဲ့ဖြစ်သည်ဟု ဆိုသည်။

ကိုဘိုဘိုထွန်းသည် ထောင် ၆ နှစ် ကျခံနေရပြီး ယခုအချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပါ။

ခိုင်နေမင်းသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေ ရပ်ကွက်တွင် နေထိုင်ပြီး ယခုအချိန်တွင် ၈ နှစ်အရွယ် သမီးတစ်ဦးရှိသည်ဟု သိရှိရသည်။

Sources ; နိရဉ္စရာ

No comments:

Post a Comment