Latest News

Wednesday, December 21, 2016

ကွန်တိန်နာအလွတ်များ နေ့ပိုင်း သွားခွင့်ပြု

ကွန်တိန်နာအလွတ်များ နေ့ပိုင်း သွားခွင့်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ၀င်ထွက်ခွင့်ကို ကန့်သတ်လိုက်ပြီး နောက်တွင် ၀န်မပါသည့် ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို နံနက် ၁၁ နာရီမှ ညနေ ၃နာရီထိ သွားလာခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

အဆိုပါယာဉ်များ သွားလာရေးအတွက် ကန့်သတ်သည့် စီမံချက်ကို ဒီဇင်ဘာ လ ၇ ရက်က စတင်ခဲ့ပြီး ည ၉နာရီမှ နောက်တစ်နေ့ နံနက် ၆နာရီထိသာ ၀င်ထွက် သွားလာခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ယင်းစီမံချက်အရ ဗိုလ်တထောင် ကမ်းနားလမ်း ကွန်ကရစ်လမ်းထိပ်မှ မဟာဗန္ဓုလတံတားကို ဖြတ်ကာ သာကေတ ရှုခင်းသာလမ်း၊ ရတနာလမ်း၊ ဧရာဝဏ်လမ်း မှတစ်ဆင့် ပဲခူးမြစ်အထိလမ်းကြောကို နံနက် ၁၁နာရီမှ ညနေ ၃ နာရီ ဖြတ်သန်းခွင့်ပြုရန် တိုင်းအစိုးရအဖွဲ့ထံ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တင်ပြခဲ့ခြင်း ဖြစ်သည်။

"မှန်ပါတယ်။ အစည်းအဝေးကနေ ခွင့်ပြုပေးလိုက်တာပါ။ ကန့်သတ်တဲ့ စီမံချက်နဲ့တော့ မဆိုင်ပါဘူး"ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုသည်။

ထိုသို့ တင်ပြလာမှုအပေါ် တိုင်းအစိုးရအဖွဲ့ ၃၅။၂၀၁၆ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ခရီးအစ/အဆုံး ထိပ်နှစ်ဖက်မှ နံနက် ၁၁ နာရီတွင် စေလွှတ်ပေးရန် ရန်ကုန်တိုင်း ကုန်တင်မော်တော်ယာဉ်များ ကြီးကြပ်မှုကော်မတီသို့ ဒီဇင်ဘာလ ၁၉ ရက်တွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လက်မှတ်ထိုးကာ အကြောင်းကြားခဲ့သည်။

"ပြန်ပြီးတော့ အချက်အလက်တွေ ကောက်ပြီး မနက် ၁၁နာရီနဲ့ ၃ နာရီကြား လွှတ်လို့ရတယ်။ လမ်းတွေက လက်ခံနိုင်တဲ့ အဆင့်ရှိသေးတယ်။ အကုန်လုံး မဟုတ်ဘူး။ တချို့နေရာလေးတွေကိုပါ။ Fine Tune လုပ်တဲ့သဘောပါပဲ။ နည်းပညာသဘောအရ လုပ်ကိုလုပ်ရတယ်။ လှေနံဓားထစ် ၀ုန်းခနဲလုပ်ပြီး မပြောင်းတော့ဘူးဆိုတာ လုပ်လို့မရဘူး။ သွားတဲ့ လမ်းကြောင်းကို လွှဲပစ်တာမဟုတ်ဘူး။ ပိုပြီးချောမွေ့အောင် စေတနာထားပြီး လုပ်ပေးတာပါ။ အဆင်ပြေအောင် လုပ်ပေးတာပါ"ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဦးသန်းဝင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန် ကုန်သေတ္တာတင်ယာဉ်များ ညဘက်သီးသန့် ပြေးဆွဲသည့် စီမံချက်ကို နိုဝင်ဘာလ ၁ရက်တွင် စတင်မည်ဟု ကြေညာခဲ့ပြီး ယင်းနေ့တွင် စီမံချက်စရန် အဆင်မပြေသောကြောင့် နိုဝင်ဘာလ ၁၅ ရက်၊ ထိုမှ နိုဝင်ဘာလကုန်ပိုင်း၊ ယင်းနောက် ဒီဇင်ဘာလ ၁ ရက် စသဖြင့် ဆက်တိုက်ရက်ရွှေ့ခဲ့ပြီး ဒီဇင်ဘာလ ၇ရက်တွင် စီမံချက်ကို စတင်ခဲ့သည်။

အဆိုပါစီမံချက်ကို တုံ့ပြန်သည့်အနေနှင့် ဒီဇင်ဘာလ ၈ ရက်၊ နံနက်၆ နာရီမှစ၍ ကွန်တိန်နာယာဉ်များမှာ ယာဉ်ကြောအပြည့် လမ်းပိတ်ရပ်နားခဲ့သည့် ဖြစ်စဉ်သည် ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ဖြစ်ပွားခဲ့သည်။  
   
E-04

SOURCES THE VOICE

No comments:

Post a Comment