Latest News

Sunday, December 25, 2016

မန္တလေးမြို့ ၇၃ လမ်းနှင့် ၇၄ လမ်းကို ကျပ်သိန်းရှစ်သောင်းခန့် အကုန်ကျခံဖောက်လုပ်မည်

မန္တလေးမြို့ ၇၃ လမ်းနှင့် ၇၄ လမ်းကို ကျပ်သိန်းရှစ်သောင်းခန့် အကုန်ကျခံဖောက်လုပ်မည်

မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ ၇၃ လမ်းနှင့် ၇၄ လမ်းတို့ကို လာမည့်ဘဏ္ဍာ နှစ်တွင် ငွေကျပ်သိန်း ၇၈,၀၀၀ကုန်ကျခံကာ ဖောက်လုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် လာ မည့် ဘဏ္ဍာနှစ်မန္တလေးတိုင်း ဒေသကြီးအရ အသုံးငွေစာရင်းမှ ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ်ပြည်ကြီးတံခွန်မြို့နယ်ရှိ ၇၃လမ်းမကြီးနှင့် ၇၄ လမ်းမကြီးတို့ကို ကွန်ကရစ်တံတား၊ ရေမြောင်း၊ Land Scaping လမ်းမီး၊ ပလက်ဖောင်းအပါအဝင် တံခွန် တိုင်အဝိုင်းပတ်မှ ငွေတော်ကျီ ကုန်းမင်္ဂလာလမ်းအထိနှင့် ငွေ တော်ကျီကုန်း သာယာဝတီလမ်းမကြီးအထိ ကွန်ကရစ်လမ်းခင်း လုပ်ငန်းများ လုပ်ဆောင်ရန် တောင်းခံခြင်းဖြစ်သည်။

အဆိုပါလမ်းမနှစ်ခုသည် Mandalay Garden City ဆောက်လုပ်ရေးကုမ္ပဏီက တည် ဆောက်နေသည့် မန္တလေးစက်မှု ကုန်သွယ်ရေးစင်တာ (MITC) စီမံကိန်းနှင့် ဆက်စပ်နေပြီး ၇၄ လမ်းမကြီးသည် ဖောက်လုပ်ပြီးဖြစ် ၍ စည်ပင်သာယာအနေဖြင့် အဆိုပါလမ်းများကို ကျပ်သိန်း သောင်းချီ အကုန်အကျခံ ဖောက်လုပ်ခြင်းထက် အခြားမြို့သစ် နေရာများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးသင့်သည်ဟု ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ချစ်ကိုကိုက ပြောသည်။

‘‘၇၄ လမ်းက ဖောက်ပြီးပြီ။ ၇၃ လမ်းကတော့ မဖောက်ရသေး ဘူး။ အဲဒါကို ဘတ်ဂျက်တောင်း တဲ့နေရာမှာရောတင်ပြီး တောင်း ထားလို့ ကျွန်တော်တို့က ထောက် ပြတာ’’ဟု ဒေါက်တာချစ်ကိုကိုက ပြောသည်။

အဆိုပါလမ်းမနှစ်ခုအတွက် ဘတ်ဂျက်ငွေတောင်းခံခြင်းသည် ၂၀၁၅ ဧပြီက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးစက်မှုကုန်သွယ်ရေးစင် တာ တည်ဆောက်မည့် Manda- lay Garden City ဆောက်လုပ် ရေးကုမ္ပဏီတို့ကြား ချုပ်ဆိုထား သည့် စာချုပ်အရ တောင်းခံခြင်း ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

စာချုပ်ပါအချက်အလက် များ ရှုပ်ထွေး၍ ၎င်းအနေဖြင့် နားလည်နိုင်ရန် ကြိုးစားနေရ သည်ဟု မန္တလေးမြို့ တော်ဝန်က အဆိုပါဘတ်ဂျက်ငွေ တောင်းခံခြင်းနှင့်ပတ်သက်၍ လွှတ်တော် တွင်ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သော ဌာနအဖွဲ့ အစည်း ၂၄ ခု၏ လာမည့် ဘဏ္ဍာ နှစ်အတွင်း ရငွေ၊ သုံးငွေစာရင်း အရ  ရငွေကျပ်သန်း ၁၃၁,၀၀၀ ကျော်နှင့် သုံးငွေကျပ်သန်း ၂၄၀,၂၇၅ ဒသမ ၅၈၉ သန်းဖြစ် သည်။ လိုငွေကျပ်သန်း ၁၀၈,၀၀၀ ရှိမည်ဖြစ်ပြီး ယင်းလို ငွေအား ပြည်ထောင်စုကထောက်ပံ့မည် ဖြစ်သည်။

မန္တလေးစက်မှု ကုန်သွယ် ရေးစင်တာ (MITC) စီမံကိန်းကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့ နယ် တောင်မြင့် သုသာန်ဟောင်း အနီး တံခွန်တိုင်အဝိုင်းအရှေ့ ဘက်ရှိ မြေ ၇၇ ဧကကျော်ပေါ် တွင် Mandalay Garden City ဆောက်လုပ်ရေးကုမ္ပဏီကအကောင်အထည်ဖော် တည် ဆောက်နေခြင်းဖြစ်ကြောင်း မန္တ လေး စည်ပင်မှ သတင်းရရှိသည်။

ယင်းစီမံကိန်းကြောင့် အနီး ဝန်းကျင်ရှိ မြေကွက်များသည် ပြီးခဲ့သည့် ၂၀၁၄ ကစတင်ကာ ကျပ် သိန်းထောင်ချီ ဈေးနှုန်းမြင့်တက်ခဲ့သည်ဟု မြို့ခံအိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။



Sources:7Day

No comments:

Post a Comment