Latest News

Saturday, October 8, 2016

ပယောဂ ဆိုတာဘာလဲ


ဗုဒ္ဓဘာသာကိုပူးရင် မြေဖုတ်ဘီလူး။ ခရစ်ယာန်ကိုပူးရင် စာတန်။ ဘာ့ကြောင့် ပြောင်းသွားတာလဲ။ မြန်မာပြည်မှာရှိတဲ့ လူကို ပူးရင် ဘာ့ကြောင့် ပယောဂဆရာ ပဲနိုင်ရတာလဲ။ အမေရိကန်မှာ ရှိတဲ့လူကို ပူးရင်ရော ဘာ့ကြောင့် Exorcist ဆရာ ပဲနိုင်ရတာလဲ။ ကျွန်တော်တို့ အတူတူ လေ့လာကြည့်ရအောင်။

(၁) Exorcism နှင့် အမှောင့် ပယောဂ

ပယောဂ၊ ယောဂေ၊ ယုဇ် အခေါ်ကွဲပြားပေမယ့် ဆိုလိုရင်းကတော့ တစ်ခုထဲသာ ဖြစ်သည်။ အားထုတ်ခြင်း ဟု အဓိပ္ပာယ် ရသည်။ အပြင်မှ အတွင်းသို့ သက်ရောက်အောင် ဖြစ်စေ၊ အတွင်းမှ အပြင်သို့ တွန်းလှန်၍ ဖြစ်ပါစေ လုံ့လပြုခြင်းကို ပယောဂဟု ခေါ်သည်။

Exorcism ဆိုသည့် ဝေါဟာရကတော့ ဂရိစကား Exorkismos - ကျမ်းကျိန်၍ ဖမ်းချုပ်ခြင်း ဟု အဓိပ္ပာယ်ရသည်။ တစ်စုံတစ်ဦးကို မကောင်းဆိုးဝါး ဝင်ရောက် နှောင့်ယှက်သည်ဟု ထင်မြင်လျှင် လက်မှတ်ရ ခရစ်ယာန် ဖာသာ က သက်ဆိုင်ရာ ကျမ်းအစောင့် အရှောက် ကိုယူ၍ ယေရှုသခင်၏ နာမတော်အား တိုင်တည်၍ ဖမ်းချုပ်နိုင်သည် ဟု ယုံကြည်ကြသည်။

(၁.၁) ဘယ်ကစလာသလဲ။

မကောင်းဆိုးဝါး ဝင်ရောက်သည်။ ပူးဝင်သည်။ နှောင့်ယှက်သည် ဟူသော အယူအဆမှာ ရှေးယခင် သမိုင်း မတင်ခင်ကထဲက ရှိလာခဲ့သည့် အယူအဆတစ်ရပ်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ၁၈ ရာစု နှောင်းကာလမှ စတင်ကာ နှောင့်ယှက်ခံရသည့် ဖြစ်စဉ်များ နည်းပါးလာသော်လည်း ၂၀ ရာစု အလယ်ပိုင်းတွင် ရုတ်တရက်ပြန်လည် များပြားလာခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။ တိတိ ကျကျ ဟုဆိုလျှင် ၁၉၆၀ ကာလမှ ၁၉၇၀ ဝန်းကျင်အတွင်း ပြန်လည်မြင့်တက်လာနှုန်းမှာ ၅၀% ခန့် ဖြစ်လာသည် ဟု ဆိုသည်။

(၁.၁.၁) သမိုင်းကြောင်း - (spirit possession) အနှောင့်အယှက် ဝင်ပူးခြင်း

ထူးခြားချက်တစ်ခုမှာ အနှောင့်အယှက်ဝင်ပူးသည့် ပုံစံသည် ဘာသာမျိုးစုံ တူညီမှု ရှိကြခြင်းပင် ဖြစ်သည်။ ကဏ္ဍခွဲကြည့်ပါက အောက်ပါအတိုင်းတွေ့နိုင်မည် ဖြစ်သည်။

(၁) တိရိစ္ဆာန်/ပြိတ္တာအဆင့်
(၂) သရဲ/ တစ္ဆေအဆင့်
(၃) မိစ္ဆာ/ နတ်ဆိုးအဆင့်
(၄) နတ်ဘုရားများ
(၅) ဝိညာဉ်များ စသဖြင့် ဖြစ်ကြသည်။

၁၉၆၉ ခုနှစ်တွင် National Institute of Mental Health မှ ကောက်ယူခဲ့သော စစ်တမ်းများအရ အနှောင့်အယှက် ဝင်ပူးခံရသည် ဟူသော ကိစ္စအတော်များမျာတွင် မိန်းကလေးများ ဖြစ်ကြသည်။

(၁.၁.၂) အနောက်နိုင်ငံများနှင့် Exorcism ပြုလုပ်ခြင်း

ခရစ်ယာန် အယူအဆတွင် Exorcism သည် နတ်ဆိုးများကို တိုက်ထုတ်ခြင်း အကျင့်ဟု အဓိပ္ပာယ် ရသည်။ ထိုသို့ တိုက်ထုတ်နိုင်သူကိုမူ Exorcist ဟု ခေါ်သည်။ များသောအားဖြင့်မူ ထိုသို့တိုက်ထုတ် သူသည် ဘုရားကျောင်းတို့နှင့် အဆက်အစပ်ရှိလေ့ ရှိကြသည်သာ။ ဒါမှမဟုတ်လည်း စွမ်းအား တစ်စုံတစ်ရာ ရှိသူဟု လူအများက ယုံကြည်ကြသည့် ဘုရားကျောင်း နှင့်မသက်ဆိုင်သော လူများ ဖြစ်ကြသည်။

သို့သော်လည်း တိုက်ထုတ်သူတိုင်း၏ တူညီချက်တစ်ခုမှာမူ ကျမ်းစာမှ တရားတော်တို့ကို ရေရွတ်ခြင်း၊ ဘာသာရေး အဆောင်အဖွဲ့များကို အသုံးချခြင်း၊ Set Formula ဟု ခေါ်သည့် ဖြစ်ရပ် အလိုက် လိုသလို ပေါင်းစပ်၍ စီမံခြင်းတို့ကို လက်ဟန်ခြေဟန်များ၊ သင်္ကေတများ၊ တံဆိပ်တော်များ၊ အဆောင်ဆွဲကြိုးများ စသဖြင့် အသုံးချ၍ တိုက်ထုတ်ခြင်း အလုပ်ကို လုပ်ဆောင်လေ့ ရှိကြသည်။

တိုက်ထုတ်သူတိုင်း၏ ခံယူချက်အရ ၎င်းတို့ကိုယ်စီတွင် ရှိနေသည့် တိုက်ထုတ်နိုင်စွမ်းအားသည် မြင့်မြတ်တော်မူလှသော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ၀ိညာဉ်တော် ဟူသည့် သုံးပါး တစ်ဆူ ဘုရားက ပေးသနားတော်မူသည် ဟု ခံယူထားကြခြင်းပင် ဖြစ်သည်။

(၁.၁.၃) မြန်မာနိုင်ငံနှင့် ပယောဂကုထုံး

မြန်မာနိုင်ငံရှိ ပယောဂဆရာတို့၏ အဆိုအရ ပယောဂ (၇) မျိုး ရှိသည်။ ၎င်းတို့မှာ (၁) ခြေစုန်း - ရွာသူ (၂) ခေါင်းစုန်း - နပဒက် (၃) မောက်လုံးစုန်း - ကိုယ်စုန်း (၄) မောက်ပြားစုန်း - ရွာ၏သမီး (၅) ကိုယ်စုန်း - ဆင်ကွန်း (၆) အိမ့်တလိမ့်စုန်း - ဇော်ဂနီ (၇) ကဝေမြောက်စုန်း ဟူ၍ ဖြစ်ကြသည်။

၎င်းအပြင် ဝမ်းတွင်းကို မုဆိုးဟု သမုတ်သည်။ မှော်ဝင်ကို တံငါဟု သမုတ်သည်။ ဘီလူး၊ သဘက်ကို တောသူဟု သမုတ်သည်။ တစ္ဆေ၊ ပြိတ္တာကို ဘုတ်ဟု သမုတ်သည်။ သရဲအပေါင်းကို နတ်စိမ်း၊ နတ်ဝါးဟု သမုတ်သည်။ စသဖြင့် အပြားမျိုးစုံသည် ကွဲပြားကြသည် ဆိုသည်။

စုန်းနှင့် ပယောဂတို့ကို အားထုတ်ပြုလုပ်သူတို့ကိုမူ ပညာသည် သို့မဟုတ် အောက်လမ်းဆရာဟု ခေါ်ဝေါ်ကြပြီး နိုင်နင်းသူတို့ကိုမူ အထက်လမ်း ဆရာများ၊ ဗိန္နောဆရာများ၊ ဆေးဆရာများဟု အသီးသီး ခေါ်ဆိုကြသည်။

အသုံးအဆောင်အနေဖြင့် မန္တန်များကို ရွတ်ဖတ်ရာတွင် သုံးသည်။ ကြိမ်လုံး၊ ဓာတ်လုံး တို့ကို အာဏာနှင့် သြဇာသက်ရောက်စေရန် သုံးသည်။ အင်း၊ စမစသည်တို့ကို ဆောင်စေခြင်း၊ ပြာချမြိုစေခြင်းဖြင့် ကုသည်။ ဤသည်မှာ အကျဉ်းမျှသာ ဖြစ်သည်။

(၁.၁.၄) အစ္စလာမ်ဘာသာနှင့် စဟရ် ပယောဂပညာ

အရဗီအဘိဓာန်၌ စဟရ်ဆိုသည့် ဝေါဟာရ ရှိသည်။ ဖုံးကွယ်နေသောအရာ ဟူ၍ အဓိပ္ပါယ်ရသည်။ တစ်နည်း အလ္လာဟ် အရှင်မြတ်၏ အကြောင်းခံကို လွှတ်၍ ဖုံးကွယ်နေသော (အခြား) အကြောင်းခံ များကို အသုံးချပြီး ထူးဆန်း အံ့သြ လောက်သည့် ဖြစ်ရပ်ကိစ္စများကို ဖြစ်ပေါ် ဖန်တီးစေခြင်းကို စဟရ် ဟု ခေါ်သည်။

အစ္စလာမ့် ပညာရှင်အားလုံး၏ အဆိုအရ စဟရ် အမှောင့်ပယောဂပညာသည် ပယောဂလုပ်ခံရသူ၊ ပြုစားခံရသူတို့တွင် ဆုတ်ယုတ်နစ်နာမှုများကို ဖြစ်ပေါ်စေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တန်ခိုးတော်ဖြင့် ထိရောက်စေနိုင်သောစွမ်းပကားကို ထည့်သွင်းပေးထားတော်မူသည်။ ဥပမာ အဆိပ် အတောက်နှင့် ဆေးဝါးများတွင် သက်ဆိုင်ရာအစွမ်းသတ္တိရှိသကဲ့သို့ စဟရ် ပယောဂ၌လည်း ဤသို့ စူးရှမှုနှင့် အစွမ်းများ ရှိနေပေသည်။ စဟရ် အမှောင့်ပယောဂဟူသည်ကား သီးသန့်စနစ်တကျ သင်ယူပြသမှ ရရှိနိုင်သည့် အတတ်ပညာဖြစ်သည်။

စဟရ်၏ အချို့သောလုပ်ရပ်များတွင် ရှိုက်သွာန်များ၊ မကောင်းဆိုးဝါးများ၊ မကောင်းသော ဝိဉာဉ်များ၏ အကူအညီကို ရယူကြသည်။ ဤလုပ်ရပ်သည် ရှရစ်က်လုပ်ရပ်နှင့် တူညီသောကြောင့် ပြုလုပ်သူသည် ကာဖိရ်ဖြစ်သည်။

(၁.၂) ကုသသူဆရာတို့သုံးလေ့ရှိသော နည်းစနစ်များ

(၁.၂.၁) Placebo (ဆီမန်း၊ ရေမန်း၊ မန္တာန်)

အသုံးများသည့် ပစ္စည်းဖြစ်သည်။ ကုသပေးသည့်ဆရာသည် ဆီမန်း သို့မဟုတ် ရေမန်းတစ်မျိုးမျိုးကို ဂါထာစုပ်၍ သော်လည်းကောင်း၊ တိုင်တည်၍ သော်လည်းကောင်း ဝေဒနာရှင် မြင်သာအောင် ပြုလုပ် ပြပြီးမှ သူ့အပေါ်တွင် ပက်ဖျန်း၍သော်လည်းကောင်း သောက်သုံးစေခြင်း ဖြင့် သော်လည်းကောင်း ကုသပေးခြင်း ဖြစ်သည်။

ဤ ဖြစ်စဉ်တွင် လူနာ၏ သက်ဝင်ယုံကြည်မှုသည် အရေးကြီး လာသည်။ ထို အရည်သည် အစွမ်း ထက်သည်ဟူသော သုံးသပ်ချက်နှင့်တကွ စီရင်ထားပါသည် ဟူသော အမြင်သည် လူနာ၏ ခန္ဓာကိုယ် ဓာတုဖြစ်စဉ်တို့ အပေါ်တွင် ကြီးမားသော သက်ရောက်မှု တစ်ခုဖြစ်လာစေသည်။

ဥပမာဆိုရလျှင်ရေနှင့်ထိလိုက်သည်နှင့် အစွမ်းပြပြီဟု သုံးသပ်မိခြင်းကြောင့် ထိရာနေရာ တလျှောက် ပူလာခြင်း၊ အေးသွားခြင်း၊ ခေါင်းထဲတွင် မူးမိုက်သွားခြင်း၊ မူးနောက်လာခြင်း၊ စသည် တို့သည် ဆက်ကာ ဆက်ကာ ဖြစ်လာလေ့ ရှိသည်။ ဤဖြစ်စဉ်ကို Placebo Effect ဟု ခေါ်သည်။

(၁.၂.၂) Suggestion, Auto-suggestion (အမိန့်၊ အာဏာ၊ ညှို့ခြင်း)

ဆာဂျက်ရှင်း ဆိုသည်မှာ သူတပါးကိုညှို့ယူခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် နားထောင်နေသူသည် ပြောဆိုနေသူအား သြဇာအာဏာ ရှိသူဟု ထင်မြင်လာစေရန် အတွက် ပုံပန်သဏ္ဍာန် အဆင်အယင်၊ အပြောအဆို၊ ကိုယ်ဟန် အနေအထား စသဖြင့် သုံးသပ်နိုင်သည့် ရှုထောင့် ပေါင်းစုံဖြင့် ညှို့ယူ လာ ခဲ့သည့်အခါ အမိန့်ဆို့သည် သက်ရောက် လာခဲ့သည်။

ဆာဂျက်ရှင်း ဖြစ်လာသည်နှင့်မျှ အော်တိုဆာဂျက်ရှင်း သည်လည်း လူနာ၏ စိတ်တွင် ဖြစ်ပေါ် လာ သည်။ အမိန့်အတိုင်း လိုက်လုပ်ချင်စိတ်၊ လိုက်လံ ဖြစ်ပေါ်လိုစိတ် စသဖြင့် ရလာသည့် အမိန့် ကိုလိုက်လံ၍ ဇီဝဖြစ်စဉ် ပြောင်းလဲအောင် မသိစိတ်မှ အားထုတ်လာခြင်းသည် အော်တို ဆာဂျက်ရှင်း ပင် ဖြစ်သည်။

(၁.၂.၃) Direct Authority (သေနတ်၊ ကြိမ်တုတ်)

တလောက ကျောင်းတစ်ကျောင်းတွင် သေနတ်ပစ်ဖောက်၍ မကောင်းဆိုးဝါး ရှင်းရသည့် သတင်း ကြားလိုက်မိသည်။ ထိုသို့သော ဖြစ်စဉ်မျိုးသည် အလယ်ခေတ်က ပြင်သစ်တွင်လည်း ဖြစ်ပွားခဲ့ ဖူးသည်။ ဘုရားကျောင်းဝင်းတွင်းရှိ ခရစ်ယာန် သီလရှင်တို့သည် တစ်ယောက်စ နှစ်ယောက်စ ကြောင်ကဲ့သို့ အော်ကြခြင်းဖြစ်သည်။

နာရီပိုင်းအတွင်း ကျောင်းလုံးအနှံ့မှ သီလရှင်တို့ ကြောင်ကဲ့သို့ အော်လာကြသည့်အခါတွင်တော့ အနီးအနားရွာတို့မှ ကြောက်လန့်ကုန်ကြပြီး စစ်သားတို့ကို သွားခေါ်ကြသည်ဟု ဆိုသည်။ ထို့နောက် တွင်မှ စစ်သားတို့ ရောက်လာပြီး သေနတ်ဖြင့် ပစ်ဖောက်လိုက်သောအခါတွင် အားလုံးသည် အသိပြန်ဝင်လာကြသည်။

ကြိမ်တုတ်အသုံးသည်လည်း ထို့အတူပင်။ အသားကို နာကျင်စေခြင်း၊ အာရုံကို လွန်ကဲစေခြင်း စသည့် ပရိယာယ်သုံးပြီး သတိပြန်ကပ်စေခြင်းသည် Direct Authority နည်း စနစ်ကို အသုံးချလိုက်ခြင်းပင် ဖြစ်သည်။

(၂) ယနေ့ခေတ် စိတ်ပညာရှုထောင့်

ယနေ့ခေတ်စိတ်ပညာရှုထောင့်မှ Exocism ကို ကြည့်လျှင် ၂ ပိုင်းခွဲကြည့်လေ့ ရှိကြသည်။ (၁) Entity တစ်စုံတစ်ခု က Host ဖြစ်သည့် ကိုယ်ခန္ဓာကို ဝင်ရောက်နှောင့်ယှက်ခြင်းဖြစ်စဉ် နှင့် (၂) စိတ်ရောဂါနှင့်ကုထုံး ဖြစ်စဉ် ဟူ၍ ဖြစ်ကြသည်။

တိကျသည့် သုံးသပ်ချက် တစ်ခုကို ထုတ်ပါမည်။

"ဖြစ်စဉ် (၁) ကို လုံးဝ လက်ခံစဉ်းစား၍ မဖြစ်နိုင်ပါ။"

သို့သော် ဖြစ်စဉ် (၂) ကို ထောက်ဆ၍သာ အနောက်တိုင်းမှ ပညာရှင်တို့သည် ချင့်ချိန်၍ ပြောကြလေ့ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် လူနာတို့သည် အခြေခံအားဖြင့် စိတ်ပိုင်း ဆိုင်ရာ အားနည်းကြသည့်အတွက်ကြောင့် လည်းကောင်း၊ ၎င်းတို့ကိုယ်တိုင် သူ့တွင် မကောင်းဆိုးဝါး စွဲကပ်နေပါသည် ဟူ၍ လည်းကောင်း၊ ဤစွဲကပ်နေသော မကောင်းဆိုးဝါး ပျောက်စေရန် ဆရာလိုအပ်သည်ဟု ခံယူထား၍ လည်းကောင်း စသဖြင့် မိမိကိုယ်ကို ဆရာ့ထံသို့ မအပ်နှံခင် ကြိုတင်၍ အော်တိုဆာဂျက်ရှင်းနည်းဖြင့် ညှို့ထားပြီးသား ဖြစ်နေလေ့ ရှိသည်။ ထို့ကြောင့်သာ Exorcism ဓလေ့သည် ယနေ့တိုင် တိုးတက်ပြီးနိုင်ငံများတွင်ပင် ရှိနေသေးသည်။

(၂.၁) DSM-5

DSM-5 သည် Diagnostic and Statistical Manual of Mental Disorders ဆိုသည့် ဦးနှောက် ရောဂါများ အားလုံးကို မှတ်တမ်းတင်ထားသော လမ်းညွှန် စာအုပ် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ စိတ်ရောဂါ ကု ဆရာဝန်တိုင်း၏ လက်စွဲစာအုပ်လည်း ဖြစ်သလို ယနေ့နောက်ဆုံးပေါ် သိလာခဲ့သည့် စိတ်ရောဂါ ဝေဒနာ တို့သည်ပင် ပါရှိသောကြောင့် လေ့လာနိုင်သာ။

၎င်းစာအုပ်၏ မည်သည့် စာမျက်နှာတွင်မျှ မကောင်းဆိုးဝါးပူးသဖြင့် ဖောက်ပြန်ခြင်းဟု အဓိပ္ပာယ် ရသည့် ရောဂါ တစ်ခုမရှိပါ။ သို့သော် ကမ္ဘာအရပ်ရပ်ရှိ နှောင့်ယှက်ခံရသည့် လူနာများအားလုံးကို ရောဂါ လက္ခဏာ တိုက်ကြည့်သောအခါတွင် ရှင်းလင်းစွာသိလာရသည်၊

(၂.၃) Hysteria (စိတ်ချောက်ချားခြင်း)

တကယ်တော့ ပယောဂနှင့် Exocism တို့သည် Hysteria ဟူသည့် စိတ်ချောက်ချားခြင်း ခေါင်းစဉ်ကြီး အောက်တွင် ပါဝင်သည်။ ၎င်းအောက်တွင်ရှိသော ခေါင်းစဉ်ငယ်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

(၂.၄) အမျိုးသမီးထုနှင့် ပယောဂ ဆက်နွယ်ခြင်း

၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားရှိ စက်ရုံအလုပ်သမ အယောက် ၂၀၀၀ နီးပါးလုပ်ငန်းခွင်ထဲတွင် မေ့လဲဖူးသည်။

၁၉၆၂ ခုနှစ်ကလည်း တန်ဇန်နီးယားနိုင်ငံရှိ ကျေးရွာတစ်ရွာတွင် စာသင်ကျောင်း တစ်ကျောင်းလုံး ရက်ဆက် အရယ်မရပ်သည့် ကိစ္စသည် မိန်းကလေးထု အတွင်းတွင်ပင် ဖြစ်ပေါ်လာခဲ့ဖူးသည်။

အထက်တွင်ဖော်ပြခဲ့ဖူးသည့် အခယ်ခေတ် ဘုရားကျောင်းမှ ခရစ်ယာန် သီလရှင်ကိစ္စတွင်ရော မိန်းမသားများပင် ဖြစ်ကြသည်။

ဒါဟာ ဘာ့ကြောင့်များလဲ။ အမျိုးသမီးတွေသည် Hysteria ဖြစ်နိုင်ချေ ဘာ့ကြောင့် ပိုများကြရတာလဲ။

တကယ်တော့ Hysteria ဆိုသည်မှာ ဂရိစကား Hystera မှဆင်းသက်လာသည်။ သားအိမ်ဟု အဓိပ္ပာယ်ရသည်။

Female Hysteria (အမျိုးသမီး ဓမ္မတာမမှန်ခြင်း) ဟု ခေါ်ဆိုလျှင် သင့်လျော်မည် ထင်သည်။ အမျိုးသမီးတို့ ဓမ္မတာ မမှန်ခြင်းကြောင့် လည်းကောင်း၊ ဘေးပတ်ဝန်းကျင်ကြောင့် လည်းကောင်း စိတ်ဂယောက်ဂယက်ဖြစ်ခြင်းမျိုး ဖြစ်သည်။

(၂.၅) Mass Hysteria (အုပ်လိုက် မချုပ်တည်းနိုင်အောင် စိတ်လှုပ်ရှားထကြွခြင်း)

ဤဖြစ်စဉ်တွင်တော့ ယောက်ျား၊ မိန်းမ နှစ်မျိုးလုံးတွင် ဖြစ်သည်ကို တွေ့နိုင်သည်။ သို့သော်လည်း အမျိုးသမီးတို့ သည်သာပင် အဖြစ်များလေ့ရှိကြသည်။ များသောအားဖြင့် ၁၄ နှစ်မှ ၂၅ နှစ်ကြားတွင် အဖြစ်များသည်ကို တွေ့နိုင်သည်။

ထို့အပြင် Mass Hysteria တွင် ရှိသော ထူးခြားချက်မှာ ဖြစ်လာစေရန် လှုံ့ဆော်မှု တို့ရှိကြသည်။ ထိုလှုံ့ဆော်မှုတို့သည် ကား စိတ်ဖိစီးမှုကွန်ကဲခြင်း နှင့် ထိန်းချုပ်ထားခံရခြင်း တို့ဖြစ်ကြသည်။

(၃) ကျောင်းပညာရေးနှင့် Hysteria ပြဿနာ

အထက်တွင် ဆိုခဲ့သည့် အတိုင်း Mass Hysteria တို့တွင် ဖြစ်လေ့ရှိသော လှုံ့ဆော်မှုများမှာ စိတ် ဖိစီးမှု လွန်ကဲခြင်း နှင့် ထိန်းချုပ်ထားခံရခြင်း တို့ဖြစ်ကြပြီး ဤ ၂ ချက် ဖြစ်လေ့ရှိသော နေရာတို့မှာ စက်ရုံ၊ အလုပ်ရုံနှင့် ကျောင်းတို့ပင် ဖြစ်ကြသည်။

ဤ ၃ နေရာတွင်မှ Hysteria ဖြစ်လာစေရန် အသက်အရွယ် လိုအပ်ချက် အရ ကျောင်းတို့သည် အဖြစ်အများဆုံး ဖြစ်လာသည်။

(၄) သုံးသပ်၊ အဖြေရှာခြင်း (နိဂုံး)

(၄.၁) လွဲမှားမှုများ

ဝေဖန်ပါမည်။ ခွင့်ပြုကြစေလိုပါသည်။ ယနေ့အထိ လွဲမှားစွာ ပယောဂ ဟု ယူဆနေကြသည့် ခေတ် သည် ကျန်ခဲ့ သင့်ပြီ ဟု ကျွန်ုပ်ထင်သည်။ ကိုယ့်မှာ မရှိတဲ့ ပညာကို အရှိလုပ်နေမယ့် အစား တကယ့် ယုံကြည်မှုစစ်စစ်ဖြင့် ကုစားပေးခြင်းကို အားပေးပါသည်။ ကုစားပေးပြီးလို့ တစ်ဖက် လူနာ ပျောက်ကင်းသွားလျှင် ဖြစ်စဉ်စစ်စစ်ကို ထုတ်ပြောပြစေလိုပါသည်။

သူ၏ ယုံကြည်မှုကြောင့် သာ ပျောက်ကင်းသည် ဖြစ်ကြောင်း၊ မိမိနှင့် မည်သို့မျှမသင်ဆိုင်ကြောင်း။ မဟုတ်ပဲ မိမိတွင်ရှိသည့် အတတ်ပညာတစ်စုံတစ်ခုကြောင့် တစ်ဖက်သား ပျောက်ကင်းသည်ဟု စိတ်အထင် ရောက်နေလျှင် ဤ အစွဲသည် ရှေ့သို့သာ ဆက်ဖို့ ရှိတော့သည်။

(၄.၂) ထိခိုက်မှုများ

ရှေ့ဆက်လျှင်တော့ မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးတွင် နှောင့်နှေးပါလိမ့်မည်။ ယုံကြည်မှု လွန်ကဲခြင်း ဖြစ်စဉ်တို့၏ ထုံးစံအတိုင်း အရာရာကို ဆန်းစစ်ခြင်း အားနည်း မြဲ အားနည်း နေကြမည် သာ။ ဘယ်မလဲ ကလေးသူငယ်တွေအတွက် ကိုယ့် အားကိုယ် ကိုးချင်စိတ်။ဘယ်မလဲ လွတ်လပ် ဖောက်တွေးနိုင်ခွင့်။ အားလုံးဆုံးရှုံးမြဲ ဆုံးရှုံးနေကြမည်သာ ဖြစ်သည်။

(၄.၃) အသိပညာပေးရေး

အကယ်၍ လူတစ်ယောက်သည် ဤသို့ သရဲပူးခြင်း၊ တစ္ဆေ ပူးခြင်းတို့ကို စိတ်မဝင်စားသော် ဤသို့ ဖြစ်ရပ်မျိုး တွေ့ကြုံစရာ မလိုတော့ဘူးလား။ မေးစရာရှိလာပြီ ဖြစ်သည်။

မှားပါသည်။ အကြောင်းအရာ၊ အနေအထိုင်၊ အတွေ့အကြုံတို့ တိုက်ဆိုင်ပါက ဖြစ်နိုင်ပါသေးသည်။

သို့သော် ပယောဂဟု ခေါ်စရာမလိုတော့။ ထိုကဲ့သို့သော လူများအတွက် DSM-5 /Diagnostic and Statistical Manual of Mental Disorders (DSM-5®) လမ်းညွှန် စာအုပ်တွင် ရောဂါလက္ခဏာ များနှင့် ကုထုံးများ ပါရှိသည်။ ထို စိတ်ရောဂါကု ဆရာဝန်တို့၏ လက်စွဲစာအုပ်တွင် အဖြေပါရှိပါသည်။ ရှာဖတ်ကြစေလိုပါသည်။

(၄.၄) ကလေးငယ်တို့၏ အနာဂတ်

ကလေးသူငယ်တို့၏ အနာဂတ်ကို ပယောဂတို့မစီရင်နိုင်။ စီရင်ခွင့်မရှိစေရပါ။ သို့သော်လည်း ယုံကြည်မှု အရေး ဖြစ်သောကြောင့် ပယောဂသမားက ကိုယ့် ပယောဂ ကို ကိုယ် ခွာပေးမှ ဖြစ်လိမ့် မည်။ မိမိတို့အလုပ်လုပ်ပုံကို သေချာမသိသေးသည့် ပယောဂ ဆရာများလည်း ဤပို့စ်ပါ အချက် အလက် များကို လေ့လာကြပါ။ ရှာဖတ်ကြပါ။ သိလာလျှင်လည်း မကွယ်မဝှက် ရှင်းကြကြပါလို့ အနာဂတ် သာယာရေး ရှေးရှု၍ တိုက်တွန်းလိုက်ရပါသည်။

ကိုးကားများ -
(၁) Exorcism နှင့် အမှောင့် ပယောဂ - (ကိုးကား - ဆဋ္ဌသိင်္ဂီတိပိဋက- အဘိဓာန)
(၁.၁) ဘယ်ကစလာသလဲ။ - ကိုးကား - Martin, M (1992). Hostage to the Devil: The Possession and Exorcism of Five Contemporary Americans. San Francisco: Harper San Francisco. p. 120.
(၁.၁.၁) သမိုင်းကြောင်း - (spirit possession) အနှောင့်အယှက် ဝင်ပူးခြင်း - Lewis, I.M. 1966 Spirit Possession and Deprivation Cults. Man, New Series: 1 (3): 307-329.
(၁.၁.၂) ခရစ်ယာန်ဘာသာနှင့် Exorcism - Mohr, M. D., & Royal, K. D. (2012). "Investigating the Practice of Christian Exorcism and the Methods Used to Cast out Demons", Journal of Christian Ministry, 4, p. 35.
(၁.၁.၃) မြန်မာနိုင်ငံနှင့် ပယောဂကုထုံး - တောင်တွင်း ဆရာတော်ကြီး ခင်ကြီးဖျော် ရေးသား စီရင် သည့် ပထမဆရာသင်လက်စွဲ (ကဝေသာရကျမ်း - ပထမတွဲ)
(၁.၁.၄) အစ္စလာမ်ဘာသာနှင့် စဟရ် ပယောဂပညာ - http://aaitee.blogspot.com/2015/07/blog-post_15.html?m=1 [http://aaitee.blogspot.com/2015/07/blog-post_15.html%3fm%3d1&h=6aqgz_icfaqf1k_-jsrvzf2hxvrm0lyndzvieyww8kw922g&enc=azo7sr73ktwy7pmser1wiet-otwbr0ubkz2dddzx_ti774mwmjbddbkheaspjk0zyiobmmq-tzucveyvr7lpiqsc8a5chuz45vngyri16gk640lnxg-gtafo92ftytqxo7wliesicz0_-ngslun7p5ojcm7cpgqx5aiw74enjwzt3n0ks2983ipfjyiekddzukh72jyffdjv8bcmmw13dr6b&s=1_green]


(၁.၂.၁) Placebo (ဆီမန်း၊ ရေမန်း၊ မန္တာန်) - http://www.m.webmd.com/pain-mana…/what-is-the-placebo-effect [http://www.m.webmd.com/pain-management/what-is-the-placebo-effect&h=haqhuadbiaqhsfmd7bejzmk6rhxum3wf1sk3hyxxopvvilq&enc=azmp-9wzphuabfdy3k_uk6cyhc4jatrzm2_0dsabza-jnr7hda5f9uqkbe9rp-hup2vcxlvrza_kicrbrb1rb-xrlz3sdzycdcu607ekzb45-1-sqg20eaqcvajal387qbowhxz3azcygwgu_ztumqrnsxedfz_0fabvts3nlvfpvjh_z3i2bk9eflswoea6xb67jljzugslege2pt7gwyuu&s=1_green]


(၁.၂.၂) Suggestion, Auto-suggestion (အမိန့်၊ အာဏာ၊ ညှို့ခြင်း) - http://www.tools-for-abundance.com/Autosuggestion.html [http://www.tools-for-abundance.com/autosuggestion.html/&h=6aqgz_icfaqga6nyrapt31ke9boyvyx4xzqqtfrtxdzzm_a&enc=azmtcruh4l5uo38-3ve553snr04oihvejq9wjvwogm2cflskau1cmg9vzn5ckv4x-6y22-smtchcgko2jieazp37gqacho65dgd2mm8lme6inqk4ufsx-onrwnp3ilrvcusmtibn5mv0ssthwq5cbmcl92mkh_6t2pctkbrl_2firavznzxanyqgetydmmilymmrf7syb8fqq1sjcolyetil&s=1_green]


(၂.၁) DSM-5 - https://www.psychiatry.org/psychiatrists/practice/dsm/dsm-5 [https://www.psychiatry.org/psychiatrists/practice/dsm/dsm-5&h=raqe5gcrjaqhmcxurkfh3gf0ci6josb3fpr2s6jdjdobkdq&enc=azpyhq0iygewtdoo9nzjbgsinzujsqm3uznc-w-ndvccci0brqxptkmwgdkwndjeqvbfugdcnwupkejcs3mjsichjh6ctx-vlg21httmpxlf8itnxcxr5hvyzdg1zrcvpqsy_6zqjiupwxdkowct3m_zbnnpgnrz88sv4vu85x1iosbfesqmbpsmbky3zhmocgpzpgjpibrdyhcbdzgclrui&s=1_green]


(၂.၃) Hysteria (စိတ်ချောက်ချားခြင်း) - http://www.sciencemuseum.org.uk/brought…/techniques/hysteria [http://www.sciencemuseum.org.uk/broughttolife/techniques/hysteria&h=aaqeyrpwqaqfy93t71w43mj6pjathphjr63dlbra924r9qq&enc=azmkd6mjcfhhsk4ppmli7ao49cl78ixwxueje0h_bgtbpr5fm_tzpmnk0nzmbrhlgt6kjdkiklsuprajzkg3mvcdvzznutotp4ymd6fdnpfd1lna0yn9p6invrl3uvmwjyqexdgx1sm9ciwymy0cg1kqdsl05nehd2nwmtkosxpyuhirs_67fdlzpyisodxuigfbow90fph-dfbnnqrifgvq&s=1_green]


(၂.၄) အမျိုးသမီးထုနှင့် ပယောဂ ဆက်နွယ်ခြင်း - http://m.nautil.us/…/why-does-mass-hysteria-affect-mostly-w… [http://m.nautil.us/blog/why-does-mass-hysteria-affect-mostly-women&h=1aqf9rflpaqg9bezk0xork6woa3fgba121rsp83mtxf_nqw&enc=azpq-vvibl4crg-psqsnhizrfotoz72r5eadppzyiortpmhklzyqarjoljf8pbf08drcifzr8gygbepubbn-z_3u-vws4nmna4djcltnj_xmvfwy5zlzpo1z5oyyg1ogsnx3yccvgrmcikoao4lwnd0ekanolehmgiltdow20a3jiiybq2js1gky90jnxmlnawoyg5oz2dts-wjj18u20otu&s=1_green]


(၃) ကျောင်းပညာရေးနှင့် Hysteria ပြဿနာ - http://www.vice.com/…/how-does-mass-hysteria-take-over-a-sc… [http://www.vice.com/read/how-does-mass-hysteria-take-over-a-school&h=laqg7dubqaqg_fiwcq0twirzswhga9u9xqnvky-yfipd7na&enc=azo1chgaidfkk0mspvu7qtvllfq8xb6twhyl3hu2puf1heuywrbwi_8si5-zy_9hfo1qeyo8lrfdwz4a8c0vmnxbmjg7jufkfloqff8kvcinx1iaiw0drqilhrxny_p1npv40e2z8qsormkb8csgz5opaybje8emtvqq93lbdktoqo8dymsujim8n9cunfloqxhgdvus83xool0so3msmu9r&s=1_green]


- မှတ်စုကြမ်း #kyawnge

No comments:

Post a Comment