မျိုးမင်းထွန်း (မြစ်မခ)
လပွတ္တာ၊ သြဂုတ်(၃၀)ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသော သူရိယအလင်းဂျာနယ်မှ သတင်းထောက် ကိုဇော်မျိုးဦးနှင့် ဇနီး မစန်းစန်းအေးတို့အား သြဂုတ် (၂၉)ရက် ရက်နေ့ ရုံးချိန်းတွင် ဆက်သွယ်ရေးဝန်ကြီးထံမှ မှတ်ချက်မကျ၍ ကိုယ်ပိုင်ခံဝန်ဖြင့်ပြန်လွှတ်ပေးခဲ့ကြောင်း လပွတ္တာမြို့နယ်တရားရုံးမှ သိရှိရသည်။
ကိုဇော်မျိုးဦးသည် Zawmyo Stephan အမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ လအတွင်းက ဘီတွတ်ကျေးရွာ NLD ပါတီဝင်များအပေါ် အသရေဖျက်ခြင်း မလျှော်သြဇာသုံး၍ခြိမ်းခြောက်ခြင်း တို့ ပြုလုပ်ခဲ့သည်ဟုဆိုကာ ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် သြဂုတ်လ ၁၅ ရက်နေ့က ပါတီဝင် ဦးရွှေကိုကိုက ကန်ဘက်ရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အကောင့်တစ်ခုတည်းနှင့် လင်မယားနှစ်ယောက်စလုံးဖမ်းထားခြင်းသည် ဆက်သွယ်ရေးဥပဒေနှင့် ညီမညီ ပြန်လည်စိစစ်ပေးလိုကြောင်း ထိုသို့သာ တိုင်ကြားသမျှအား ရဲတပ်ဖွဲ့မှ အာမခံမရသည့် ပုဒ်မဖြင့် လိုက်လံ ဖမ်းဆီးနေပါက Facebook သုံးစွဲနေသည့် ပြည်သူများ၏ ဘ၀လုံခြုံမှု မရှိသလိုဖြစ်လာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောသည်။
ကိုဇော်မျိုးဦးတို့ ဇနီးမောင်နှံသည် ဘီတွတ်ကျေးရွာနှင့် ပတ်သတ်ပြီး မဟုတ်မမှန် ရေးသားမှုများစွာကို လူမှုကွန်ယက်တွင် တင်ကာဖြန့်ချိမှုများ ပြုလုပ်ခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် အရေးမယူခင်ကပင် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုများပြားစွာရှိခဲ့ကြောင်း လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
“ဇူလိုင်လအတွင်းကလည်း မဘသအဖွဲ့ကို ညစ်ညမ်းတဲ့စာသားတွေရေးသားခဲ့တာကို ဆရာတော်တွေက ရေးသားသူကို စုံစမ်းဖော်ထုတ်ပေးပါရန် ဆိုပြီး တိုင်တော့ ရဲစခန်းကို ခေါ်တဲ့အခါ ဖေ့ဘွတ်စ်ပေါ်မှာ ဇော်မျိုးဦးဆိုတဲ့ သူ့ရဲ့အကောင့်နာမည်ကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကနေ ရေးသားပါတယ်လို့ ထွက်ဆိုဖူးပါတယ်။”ဟု လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး တင်မောင်ဌေး ကပြောသည်။
ကိုဇော်မျိုးဦးနှင့် ၎င်း၏ ဇနီး မစန်းစန်းအေးတို့အား ကန်ဘက်နယ်မြေ ရဲစခန်းမှ (ပ) ၆၇/၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သြဂုတ်(၂၉)ရက်က လပွတ္တမြို့နယ် တရားရုံးမှ ကိုယ်ပိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကာ စက်တင်ဘာလ ၈ ရက်နေ့သို့ ရုံးချိန်းပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
myitmakhamediagroup
No comments:
Post a Comment