Latest News

Tuesday, August 30, 2016

တိုင်းဧရာအတွင်း စက်တင်ဘာ(၁)ရက်နေ့မှ စတင်၍ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်


ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုနေကြသော လိုင်စင်မဲ့ မော်တော်ကားနှင့် ဆိုင်ကယ် အားလုံးကို စက်တင်ဘာ(၁) ရက်နေ့မှ စတင်ကာ စီမံချက်ချမှတ်၍ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

မည်သည့်အဖွဲ့အစည်း၊ မည်သူပိုင်သည့် လိုင်စင်ကားကိုမဆို ဖမ်းဆီးသွားမည်ဖြစ်ပြီး တပ်မတော်နှင့် ဌာနဆိုင်ရာအားလုံးမှ ကားများသည် အထက်အဆင့်ဆင့်သို့ အကြောင်းကြား စာရင်းပြုစုခိုင်းထားကြောင်း သိရသည်။

လူနာတင်ကားများအား လာရောက် အကြောင်းကြားစေကာ သံဃာတော်များ စီးနင်းနေသော ကားများကို သာသနာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဖမ်းဆီးတဲ့အခါမှာ ဘယ်သူကိုမဆို မေတ္တာရပ်ခံ ရပ်တန့်စစ်ဆေးပြီး ဖမ်းဆီးမှာပါ။ ရာထူးသြဇာကြီးတဲ့ သူတွေ စီးလာတဲ့ ကားဆိုရင်လည်း ဒီတိုင်းပါပဲ။ စစ်ဆေးတာ မနာခံတာ ရှိကောင်းရှိနိုင်ပါတယ်။ မောင်းသွားမယ် ဆိုရင်တော့ သူ့ဌာန အကြီးအကဲကို သတင်းပို့ပါမယ်။ တိုင်းဒေသကြီး အကြီးအကဲဖြစ်တဲ့ ၀န်ကြီးချုပ်ဆီလဲ သတင်းပို့မယ်။ ကျွန်တော်တို့ တာဝန်ဝတ္တရား ဆောင်ရွက်တာကိုတော့ အနှောင့်အယှက် အဟန့်အတား မခံပါဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောသည်။

ဖမ်းဆီးသည့်အဖွဲ့တွင် ဌာနဆိုင်ရာအဖွဲ့ပေါင်း ၁၄ ခု အနည်းဆုံး ပါဝင်မည်ဖြစ်ပြီး စီမံချက်ကို စက်တင်ဘာလနှင့် အောက်တိုဘာလဟု သတ်မှတ်ထားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာမောင်းနှင်သည့် အနေအထား ရောက်သည့်အခါတွင် စစ်ဆေးတော့မည်မဟုတ်ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း ဖမ်းဆီးမိသည့် လိုင်စင်မဲ့ကားများကို အပ်နှံစေပြီး ပိုင်ရှင်အား ပညာပေးကာ ပြန်လွှတ်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် အောက်တိုဘာလအတွင်း ဖမ်းမိသည့် လိုင်စင်မဲ့ကားများကို အပ်နှံစေသည့်အပြင် ပိုင်ရှင်ကို ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဖြစ်သည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ဖမ်းမိပါက သက်ဆိုင်ရာ တရားရုံးတွင် ဒါဏ်ကြေးပေး ဆောင်စေကာ ကုန်းလမ်းညွန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထားသော နှုန်းအတိုင်းဖြင့် လိုင်စင်ဝင်စေပြီး အဆိုပါနှုန်းထားအား မတတ်နိုင်ပါက ဆိုင်ကယ်ကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အရေးပေါ် လူနာတင်ယာဉ်တွေအဖြစ် ပုသိမ်က လူမှုအဖွဲ့အတော်တော်များများမှာ လိုင်စင်မဲ့ကားတွေ ရှိကြတယ်။ ဒေသခံတွေ ကျန်းမာရေးအတွက် စိတ်အေးအေးလေးထားပြီး အကောင်းဆုံးဖြစ်အောင် အောက်ခြေအထိ ဘာအခက်အခဲတွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာ ဆင်းစစ်ပြီး ဆုံးဖြတ်စေချင်ပါတယ်” ဟု ပုသိမ်မြို့ စေတနာမွန်လူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် ကိုဝင်းနိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုင်စင်ရှိ ဆိုင်ကယ်စီးရေ ၁၃၃၀၀၀ ကျော်နှင့် လိုင်စင်ရှိ ကားအစီးရေ ၁၃၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း သြဂုတ်လ အထိ စာရင်းများအရ လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးမှု ၉၂ မှုတွင် ကား ၁၉ စီးအထိ သိမ်းထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

MMK
The Ladies News

http://www.theladiesnewsjournal.com/…/tue-2016-08-30-1…/3160

No comments:

Post a Comment