Latest News

Friday, August 26, 2016

ဒီဇိုင်းကွာခြားသဖြင့် ရပ်ဆိုင်းခံရသည့် ပုသိမ်ကုတင်(၅၀၀)ဆေးရုံသစ်ကြီးကို စိစစ်၍ ဆက်လက်တည်ဆောက်မည်


မျိုးမင်းထွန်း(မြစ်မခ)

ပုသိမ်၊ သြဂုတ်(၂၆)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒီဇိုင်းကွာခြားသဖြင့် ရပ်ဆိုင်းခံရသည့် ပုသိမ်မြို့ကုတင်(၅၀၀)ဆန့် ဆေးရုံသစ်ကြီးကို ကျန်းမာရေးဝန်ကြီးဌာနမှ တည်ဆောက်ရေးကော်မတီများဖြင့် ပြန်လည်စိစစ်ပြီး ဆက်လက်တည်ဆောက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

အဆိုပါ ဆေးရုံတည်ဆောက်မှုစီမံကိန်းတွင် ယခင်အစိုးရ လက်ထက်က ကွန်ကရစ်အဆောက်အဦးအဖြစ်(၉) ထပ်တည်ဆောက်ရန် စီမံကိန်းတင်ပြထားသော်လည်း ဆေးရုံသစ်ကြီးသည် (၉)လွှာအထိ အကြမ်းထည်ပြီးစီး နေချိန်တွင် စတီးလ်တိုင်များဖြင့် တည်ဆောက်ခဲ့ခြင်းကြောင့် ရပ်ဆိုင်းထားခံရခြင်းဖြစ်ကြောင်း သိရသည်။

“သိန်းပေါင်းများစွာအကုန်ခံပြီး ကွန်ကရစ်အဆောက်အဦးအဖြစ်ဆောက်မယ် ထင်ထားပေမယ့် အခု တကယ့် တကယ်စစ်ဆေးကြည့်လိုက်တော့ စတီးလ်တွေနဲ့ဖြစ်နေလို့ ရပ်ခိုင်းထားတာပါ။အခုက ကျန်းမာရေးဝန်ကြီးဌာန က တည်ဆောက်ရေးအဖွဲ့တွေနဲ့ ပြန်လည်စီစစ်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်။”ဟု ဧရာဝတီ တိုင်းဒေသကြီး၊လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

ဆေးရုံသစ်ကြီးကို Royal Lotus ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေပြီး အဆိုပါ ကုမ္ပဏီနှင့် ယခင်အစိုးရအဖွဲ့ကြားတင်ဒါစပေးစဉ်က ကြီးကြပ်ရေးအဖွဲ့များရှိနေခဲ့သော်လည်း အစိုးရသစ်တွင် ဆက်လက် တည်ဆောက်ပါက ကြီးကြပ်ရေးအဖွဲ့ကိုလည်းစီစစ်၍ ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားထားသည်။

ပုသိမ်ကုတင်(၅၀၀)ဆန့် ဆေးရုံသစ်ကြီးကို ၂၀၁၅ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လာရောက် စစ်ဆေး ပြီးနောက် ရပ်ဆိုင်းထားခြင်းဖြစ်သည်။

“ဆေးရုံကိစ္စက အခုလက်ရှိတာဝန်ယူနေတဲ့ အစိုးရကိုပဲ မေးကြည့်ပါ။ ကျွန်မသေချာတော့ မမှတ်မိတော့ဘူး။ သူတို့က လက်ရှိတာဝန်ယူနေတဲ့သူတွေဆိုတော့ အဲ့မှာပဲမေးရင် အဆင်ပြေလိမ့်မယ်။”ဟု ဧရာဝတီတိုင်းဒေသ ကြီး ယခင်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ယခု ကန်ကြီးထောင့်လွှတ်တော် ကိုယ်လှယ် ဒေါ်ခင်စောမူက ပြောသည်။

ပုသိမ်ကုတင်(၅၀၀)ဆန့် ဆေးရုံသစ်ကြီး တည်ဆောက်ရေးအတွက် ယခင်အစိုးရအဖွဲ့လက်ထက်တွင် ပထမ အကြိမ်လွှတ်တော်တွင်တင်ပြ၍ သဘောထားရယူခြင်း မရှိသကဲ့သို့ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောက်လုပ်မည့် ကုမ္ပဏီအားပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဟောင်းများထံမှ သိရသည်။
myitmakhamediagroup

No comments:

Post a Comment