Latest News

Wednesday, August 24, 2016

တိုင်းဧရာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်ထားရသော ကျောင်းပေါင်း ၁၅၀၀ ကျော် ပြန်လည်ဖွင့်လှစ်


မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ သြဂုတ်(၂၃)ရက်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံသဖြင့် ပိတ်ထားရသည့် ကျောင်း(၁၇၅၅)ကျောင်းအနက် သြဂုတ်(၂၃)ရက်တွင် (၁၅၁၇)ကျောင်းကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။

“ကျောင်းတွေပိတ်ခဲ့ရတဲ့အတွက် ကျောင်းသားတွေ စာနောက်ကျသွားတာမျိုး မဖြစ်ရအောင် အချိန်ပိုတွေခေါ် ယူပြီး သင်ကြားသွားမှာပါ။ တခြားခရိုင်များအတွင်းက ကျောင်းများအားလုံးကို ဖွင့်ထားပြီးဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ ဆရာမ ဒေါ်နှင်းနုဝင်းက ပြောသည်။

ပုသိမ်ခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် သြဂုတ်(၂)ရက်တွင် ဟသာင်္တမြို့နယ်မှ ကျောင်းများကို စတင်ပိတ်ခဲ့ရပြီး ဆက်လက် ပိတ်ထားရသည့် ကျောင်းပေါင်း(၂၃၈)ကျောင်းကျန်ရှိနေသေးကြောင်း ဧရာဝတီ တိုင်းဒေသကြီး၊ ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် ကျောင်းပေါင်း(၁၁)ကျောင်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“ရေကြီးတဲ့ အချိန်ကျောင်းတွေ ပိတ်ထားတာကောင်းပါတယ်။ နိုမို့ ကျောင်းတက်တာ စိုးရိမ်နေရတာ။ခုလို ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ကလေးတွေမသင်ခဲ့ရတဲ့ စာတွေလိုက်နိုင်အောင် အချိန်ပိုခေါ်ပြီး သင်ကြား ရမှာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မှ ဆရာမ ဒေါ်ဖူးငုံက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတစ်တိုင်းလုံးတွင် စုစုပေါင်းကျောင်းအရေအတွက်သည် အထက်တန်းကျောင်း (၂၁၈) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၂၂၄)ကျောင်း၊ အလယ်တန်းကျောင်း(၇၅)ကျောင်း၊အလယ်တန်း ကျောင်း (ခွဲ)(၇၅၇)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆၃၄)ကျောင်း၊မူလတန်းကျောင်း (၄၆၄၉)ကျောင်း၊မူလတန်း ကျောင်း(ခွဲ) (၃၁၀)ကျောင်းတို့ရှိပြီး ကျောင်းသား၊ကျောင်းသူပေါင်း(၇)သိန်းကျော် ပညာသင်ကြားနေကြောင်း သိရသည်။
myitmakhamediagroup

No comments:

Post a Comment