Latest News

Friday, July 8, 2016

ကလေးငယ် နှစ်ဦးကို ဓားစာခံအဖြစ် ခေါ်ထားပြီး မိဘထံမှ ကြွေးတောင်းသူကို ပုဒ်မလေးခုဖြင့် တရားစွဲ


မိဘဖြစ်သူတို့ထံက လယ်လုပ်ခ ကြိုတင်ယူထားသည့် ငွေပြန်လည်ပေးဆပ်စေရန် အတွက် သားငယ်နှစ်ဦးကို ကျွဲချည်ကြိုး၊ သံကြိုးတို့ဖြင့် တုတ်နှောင်၍ ဓားစာခံလုပ်ကာ ခေါ်ထားပြီး ကြွေးတောင်းသူ မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာအုပ်စု မာလိန်ကျေးရွာမှ ကျော်မျိုးအောင် (ခ) ကုလားကို ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် တရားရုံး၌ ပုဒ်မလေးခုဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါ တရားရုံးမှ သိရှိရသည်။

ဦးမြင့်အောင်နှင့် ဒေါ်နှင်းနှင်းခိုင်တို့၏ သားငယ် အသက်လေးနှစ်အရွယ် မောင်မျိုးသန့်နှင့် အသက်ခြောက်နှစ်အရွယ် ပထမတန်းကျောင်းသား မောင်ဇေထက်နိုင်တို့ နှစ်ဦးကို ကျွဲချည်ကြိုး၊ သံကြိုးတို့ဖြင့် တုတ်နှောင်၍ ဓားစာခံလုပ်ကာ ၄င်း၏အိမ်သို့ ခေါ်ထားပြီး ကြွေးတောင်းသူ ကျော်မျိုးအောင် (ခ) ကုလားလေး (၃၉) နှစ်ကို ပုဒ်မ ၄၅၁၊ ၁၁၄၊ ၃၄၂၊ ၃၃၂ ဖြင့် လည်းကောင်း၊ ယင်းဖြစ်စဉ်တွင် အတူပါဝင်ခဲ့သော ဖြိုးမင်းသူ၊ စိုးသူ၊ သိန်းဇော်ညွန့်တို့ သုံးဦးကို ပုဒ်မ ၄၅၁၊ ၁၁၄ တို့ဖြင့် လည်းကောင်း အသီးသီး တရားစွဲဆိုထားပြီး နစ်နာသူ တရားလိုဘက်မှ ရှေ့နေငှားရမ်းခြင်း မပြုနိုင်၍ နိုင်ငံတော်က ဥပဒေနှင့်အညီ လိုက်ပါဆောင်ရွက်ပေးလျက် ရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးမှ သိရှိရသည်။

“ပုဒ်မ ၃၄၂ နဲ့ ၃၃၂ က ကျော်မျိုးအောင် (ခ) ကုလားလေးကို ဦးမြင့်အောင်က စွဲဆိုတာ၊ ပုဒ်မ ၄၅၁ နဲ့ ၁၁၄ က ကုလားလေး၊ ဖြိုးမင်းသူ၊ စိုးသူ၊ သိန်းဇော်ညွန့်တို့ကို ဒေါ်သန်းခင်ဆိုတဲ့သူက သူ့အိမ်မှာ ရှိနေတဲ့ ဦးမြင့်အောင်ကို အိမ်ပေါ်တက် ကျူးကျော်ပြီး ခေါ်တယ်ဆိုပြီး တရားစွဲတာ” ဟု မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးမှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

အမှုစတင်ဖြစ်သည့်နေ့မှာ မေလ ၉ ရက်နေ့ ဖြစ်ပြီး မေလ ၁၀ ရက်နေ့တွင် နစ်နာသူတို့ တိုင်ကြားချက်အရ ကုလားလေးကို သွားရောက်ဖမ်းဆီးကာ ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ကလေးနှစ်ဦးကို မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း၊ နစ်နာသူတို့က တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့သဖြင့် ကျင့် ၂၀၂ အရ စစ်ဆေးကာ ဇွန်လ ၂၀ ရက်နေ့တွင် အမှုကို တရားစွဲဆို စစ်ဆေးနိုင်ရန် မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးသို့ တင်ပြခဲ့ကြောင်း မော်လမြိုင်ကျွန်း မြို့နယ်ရှိ မြတ်သာနယ်မြေ ရဲစခန်းမှ သိရှိရသည်။

အဆိုပါအမှုကို ဆက်လက်စစ်ဆေးနိုင်ရန် လာမည့် ဇူလိုင် ၂၁ ရက်သို့ ချိန်းဆိုလိုက်ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် တရားသူကြီး ဒေါ်စောဖြူဖြူလှိုင်က ဇူလိုင်လ ၇ ရက်က ရုံးတော်တွင် ပြောကြားသည်။
The Voice
ဓာတ်ပုံ - မောင်မျိုးထက် (ပုသိမ်)

No comments:

Post a Comment