Latest News

Tuesday, June 7, 2016

ဒါငါ့လယ်…..ဒါဆို ပုံစံ(၇) ပြ


(မိမိ၏ လယ်ယာမြေအတွက် ၂၀၁၂ လယ်ယာမြေ ဥပဒေ ၏လုပ်ထုံးလုပ်နည်း သဘောတရားကို ချဉ်းကပ်လေ့လာခြင်း)

လယ်လုပ်သူလယ်ပိုင်ခွင့်ဆိုသည့် သဘောတရား အဘယ်ကြောင့်ပေါ်ထွက်လာခဲ့ရသနည်း……

လွတ်လပ်ရေးရပြီးစကာလတွင် လူအများစုသည် မြေမဲ့ယာမဲ့ဖြစ်နေခြင်း…လယ်ယာမြေအများစုသည် ငွေရှင်ကြေးရှင်များလက်ဝယ်သို့ရောက်ရှိနေပြီး တောင်သူလယ်သမားထုကြီးသည် မြေရှင်များအား သီးစားခကြီးစွာပေးပြီး လုပ်ကိုင်နေရခြင်းကြောင့် ကြွေးမြီများစွာတင်ရှိနေခဲ့ကြရသည်….

ထို့ကြောင့် လယ်လုပ်သူလယ်ပိုင်ရမည်ဆိုသည့် သဘောတရားပေါ်ထွက်လာခဲ့ပြီး လယ်ယာမလုပ်သူတို့ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့်မရသူတို့အားမျှဝေပေးရန်အတွက်
လွတ်လပ်ရေးရပြီးစတွင်…..

၁၉၄၈ သီးစားချထားရေးဥပဒေ နှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုရေး အက်ဥပဒေကို ပြဌာန်းခဲ့သည်……..

…………………………………………………………………………

ကိုလိုနီခေတ်မှသည် ယနေ့၂၀၁၆ အစိုးရသစ်အထိ ပြဌာန်းခဲ့သောလယ်ယာမြေဥပဒေများ-

(၁) ၁၉၃၉ သီးစားအက်ဥပဒေ
(၂) ၁၉၄၆ သီးစားအက်ဥပေဒေ
(၃) ၁၉၄၈ သီးစားချထားရေး နှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုရေး အက်ဥပဒေ

(၁၉၅၀ မှာသန်လျင်မြို့နယ်တွင်စတင်ကျင့်သုံးခဲ့ပြီး ချို့ယွင်းချက် အားနည်းချက်များရှိခြင်းကြောင့်…..၁၉၅၃ တွင်)

(၄) ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင်ပြုရေး ဥပဒေ
(၅) ၁၉၆၃ သီးစားချထားရေး ဥပဒေ
(၆) ၁၉၆၃ တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့် ဥပဒေ
(၆) ၁၉၆၅ သီးစားချထားရေးကို ပြင်ဆင်သည့် အက်ဥပဒေ
(၆) ၂၀၁၂ လယ်ယာမြေဥပဒေ

(ဥပဒေတို့၏ထုံးစံအရ နောက်ဆုံးထွက်ရှိသည့် ဥပဒေသည်အတည်ဖြစ်ပြီး အဟောင်း အကုန်လုံးသည် ပျက်ပြယ်သည်။)

………………………………………………………………………..

“၂၀၁၂ လယ်ယာမြေ နည်းဥပဒေ”
(လယ်ယာမြေဥပဒေ ပုဒ်မ ၄၂ အပိုဒ်ခွဲ(က) အရအောက်ပါနည်း ဥပဒေကို ထုတ်ပြန်ခဲ့သည်)

အခန်း(၁) ၏ ဆိုလိုရင်းကို ချဉ်းကပ်ခြင်း…..

ဤအခန်း၏ အနှစ်ချုပ်မှာ အခေါ်အဝေါ်များကိုရှင်းပြထားခြင်းသာလျှင်ဖြစ်ပါသည်……

(လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်၊ မြေခွန်၊ မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်၊ စာချုပ်စာတမ်း မှတ်ပုံတင်၊ ပေးကမ်းခြင်း၊ နိုင်ငံသား၊ နိုင်ငံခြားသား၊ အဖွဲ့အစည်း ဆိုသည့် အဓိပ္ပါယ်ကိုရှင်းပြခြင်းမျှသာလျှင်ဖြစ်ပါသည်)

ဤအခန်းတွင် အဓိကနားလည်ထားရမည်မှာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ကိုမည်သို့ဖွဲ့စည်းထားသနည်းဆိုသည်ကို သိထားရန်ဖြစ်သည်….

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အားလုံးအတွက် ကိုယ်စားပြုအဖွဲ့ “ဗဟို အဖွဲ့” ကို ပြည်ထောင်စုအစိုးရက ဖွဲစည်းပေးထားခြင်းဖြစ်သည်......

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ နေပြီး
(၁)တိုင်းဒေသကြီး/ပြည်နယ် - လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
(၂) ခရိုင် - လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
(၃) ရပ်ကွက်/ကျေးရွာအုပ်စု - လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ များကို ဖွဲ့စည်းသည်……

……………………………………………………………………………

အခန်း (၂) ၏ ဆိုလိုရင်း ကို ချဉ်းကပ်ခြင်း.......

“လက်ရှိအသုံးပြုခွင့်ရထားသော လယ်ယာမြေအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်”

ဒီအခန်း၏ ဆိုလိုရင်းအနှစ်ချုပ်ကို အလွယ်တကူပြောရမည်ဆိုလျှင် ဒါငါ့လယ်ကွဆိုပြီး ပြောနိုင်ရန်အတွက် ပြေစာ လက်ထဲကိုင်ထားလို့ရနိုင်ရန်အတွက် အစိုးရဆီလျှောက်ထားခြင်းဟုပြောရမည်…..

ပြေစာ = လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ် = ပုံစံ - (၇)

လျှောက်ထားရန်တာဝန်မှာ လယ်သမား၏တာဝန်ဖြစ်ပါသည်
လျှောက်ထားလာသူကို အမှန်အကန်လား အကြံအဖန်လား သေချာစီစစ်ပြီး ပုံစံ(၇) ထုတ်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ပါသည်…

“လယ်သမားအပိုင်းမှ လုပ်ဆောင်ရန်…..”
******************************************
လယ်သမားအနေဖြင့် ရပ်ကွက်/ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ လျှောက်လွှာပုံစံတောင်းယူဖြည့်စွက်ပြီး ဖြည့်ပြီးသားပုံစံအား ရပ်ကွက်/ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ပြန်လည်ပို့ဆောင်ရမည်…

ခေတ်မှီမှီပြောလျှင် ဖောင်တင်ခြင်းဟုခေါ်မည်…

ထိုဖောင်တင်ခြင်းကို လယ်သမားက လုပ်ဆောင်ရမည်….ဒါသည် လယ်သမား၏တာဝန်ဖြစ်သည်…..
(ဖောင်နဲ့အတူ ဒီလယ်ကို မိမိ ပိုင်ဆိုင်တာမှန်ကန်ကြောင်း လယ်နီးချင်းနှစ်ဦးရဲ့ထောက်ခံချက်၊ အခြားမိမိတင်ပြနိုင်သည့် အထောက်အထားများကိုလည်း ပူးတွဲတင်ပြရမည်)

(ယခင်က ဒီလယ်က မိမိရဲ့လယ်..ဒါပေမဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် လက်ငုပ်ပြတ်တောက်ခဲ့ရသည်ဆိုလျှင်လည်း ဘာ့ကြောင့် လက်ငုပ်ပြတ်တောက်ခဲ့ရသည်ဆိုသည့်အကြောင်း လုံလောက်သည့် အထောက်အထား ပူးတွဲတင်ပြရမည်)

“အစိုးရအဖွဲ့မှ ဆောင်ရွက်သည့်အပိုင်း”
***************************************
-ရရှိသော ဖောင်အား ရပ်ကွက်/ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကနေစီစစ်ပြီး သူကမှတစ်ဆင့် မြို့နယ်ဦးစီးမှုးရုံး ကိုပို့ပေးရမည်(လယ်သမားတင်တဲ့ရက်ကနေ ရက်ပေါင်း ၃၀ အတွင်းအရောက်ပို့ပေးရမည်)

-မြို့နယ်က တက်လာတဲ့ ဖောင်အတွက် ကန့်ကွက်လိုသူရှိပါသလား ကြေငြာပေးရမည်…
(ကြေငြာတဲ့ရက်ကနေ ၁၅ ရက်အတွင်း သွားရောက်ကန့်ကွက်နိုင်သည်…)

-တင်ထားတဲ့ဖောင်အတွက် မြို့နယ်က စစ်ဆေးစီစစ်မည်
(၁) ၁၈ နှစ်ပြည့်ရဲ့လား
(၂)နိုင်ငံသားလား
(၃)ရပ်/ကျေး စီစစ်ထောက်ခံချက်ပါမပါ
(၄)ရပ်/ကျေး လုပ်ပိုင်ခွင့်ရလယ်ယာမြေဧရိယာဖေါ်ပြသောစာရင်း တွင်ပါဝင်ခြင်းရှိမရှိ
(၄)ကွင်းအမှတ် ဦးပိုင်အမှတ် ဧရိယာ နှင့် မြေအမျိုးအစားတွေ မြို့နယ်စာရင်းမြေပုံနှင့်ကိုက်မကိုက်

(မြေပုံနဲ့မကိုက်ရင် မြေပြင်အမှန်တကယ်အနေအထားကို ကွင်းဆင်းစစ်ဆေးရမည်…စစ်ဆေးသည့်အခါတွင်
လျှောက်ထားသူ+လယ်နီးချင်း+ရပ်/ကျေး လယ်ယာမြေစီမံအဖွဲ့တွေကိုခေါ်ပြီး အတူစစ်ဆေးရမည်)

မြို့နယ်က အားလုံးစီစစ်ပြီးရင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်…..
ခရိုင်က မြို့နယ်မှ စီစစ်တင်လိုက်သည်လျှောက်လွှာကို ပုံစံ(၇)မှာစာရင်းသွင်းပြီး - လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇) ကို အဲ့ဒီကျမှ ထုတ်ပေးခြင်းဖြစ်ပါသည်......

ပုံစံ-၇ လက်ထဲကိုင်ထားနိုင်ပြီဆိုလျှင် ဒါငါ့လယ်ဟု ခိုင်ခိုင်မာမာပြောနိုင်ပါပြီ....

(ဆက်လက်ဖေါ်ပြပါမည်။)

ဇာနည်မောင်မောင်ကျော်



ဓါတ်ပုံ။ ။အင်တာနက်.....

No comments:

Post a Comment