Latest News

Tuesday, June 28, 2016

ပုသိမ်မနောသုခ အိမ်ရာစီမံကိန်းကို တိုက်ခန်းများတွင် နေထိုင်သည့် အိမ်ထောင်စုများ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ရန် တိုင်းဧရာအစိုးရ စီမံထား

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ ဇွန်(၂၈)ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ  ပြည်တော်သာအိမ်ရာ တိုက်ခန်းများကို ဖျက်သိမ်း၍ တည်ဆောက်မည့် မနှောသုခ အိမ်ရာစီမံကိန်းအား တိုက်ခန်းများတွင် နေထိုင်ကြသည့် အိမ်ထောင်စုများ ဆန္ဒသဘောထား အတိုင်း ဆက်လုပ်ဖြစ် မလုပ်ဖြစ် ဆုံးဖြတ်ရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ သဘောတူညီချက်ဖြင့် ပုသိမ်ပြည်တော်သာအိမ်ယာကို ဖျက်သိမ်း၍ အခန်းပေါင်း ၅၀၀ ပါဝင်သော မနောသုခတိုးချဲ့ အိမ်ရာစီမံကိန်းကို အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန စတင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဒေသနေပြည်သူလူထု၏ ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားခြင်းဖြစ်ပြီး ယခုအစိုးရသစ်လက်ထက် တွင်လုပ်ဆောင်ရန် ကြိုးပမ်းလာမှုအပေါ်တွင် ပြည်သူ့သဘောဆန္ဒအတိုင်း ဆုံဖြတ်ချက်ချသွားရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများထံမှ သိရသည်။

`အဓိကအရေးကြီးတာ ပြည်သူတွေရဲ့ဆန္ဒပါ။ အဲ့မှာ နေထိုင်တဲ့အိမ်ထောင်စုတွေက ပြည်သူတွေရဲ့ သဘောဆန္ဒကို သေသေချာချာကို လေ့လာနားထောင်ပြီးမှ ဆက်လုပ်ဖြစ်မလုပ်ဖြစ်ကို ဆုံးဖြတ်ချက် ချသွားပါမယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ပြောသည်။

စီမံကိန်းကို ပုသိမ်မြို့မှ လုပ်ငန်းရှင် ၉ ဦးဖြင့် ဖွဲ့စည်းထားသော Nine Engineering Group Co.Ltd မှ တည်ဆောက်မည်ဖြစ်ပြီး စာချုပ်အရ ၂၀၁၆ ဇွန်လတွင်ပြီးစီးရန်ပါရှိသဖြင့် သက်တမ်းကုန်ဆုံးနေပြီဖြစ်ကြောင်း မကြာမီအိမ်ခန်းများတွင်ရှိနေသော အိမ်ထောင်စုများနှင့် တွေ့ဆုံပြီးသဘောထား ဆန္ဒကိုရယူမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မနောသုခအိမ်ရာစီမံကိန်း ဆောင်ရွက်နိုင်ရန် ဖျက်သိမ်းမည့် အိမ်ရာများတွင် နေထိုင်လျှက်ရှိကြသော အိမ်ထောင်စု ၃၅၀ ရှိနေပြီး စည်းကမ်းပျက်သည်ဟုဆိုကာ အိမ်လခစည်းကျပ် ငွေရပ်ဆိုင်းထားသည့် အိမ်ထောင်စု ၁၇၁ စုရှိနေပြီး၊ အရေးယူဆောင်ရွက်ရမည့် အခန်း ၁၈ ခန်းရှိနေကြောင်း အိုးအိမ်ဦးစီးဌာနမှ တင်ပြထားပြီး ၎င်းတို့ကို အစိုးရအဖွဲ့မှပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“ကျွန်တော့်တို့ဆီက အိမ်လခယူတာကို ဖြတ်လိုက်တာ ၂ နှစ်လောက်ရှိပြီ အားလုံးစုပြီး စာတိုက် ကနေပို့တယ် လက်မခံဘူး။ အိမ်လခကို အိမ်အထိပြန်ပို့ပေးတယ်။ အိုးအိမ်စည်းကမ်း မချိုးဖောက်ဘဲနဲ့ စည်းကမ်းပျက်လို့ စွပ်စွဲတယ်။”ဟု အိုးအိမ်ဖွံ့ဖြိုးရေဦးစီးဌာန၏ ဖယ်ရှားရန် သတ်မှတ်သည့် အိမ်ထောင်စု ၁၇၁ စု တွင် ပါဝင်သော တပ်မတော်အငြိမ်းစား ဦးပြားကြီးက ပြောသည်။

မနောသုခအိမ်ရာစီမံကိန်းတည်ဆောက်ရန် ဖျက်သိမ်းမည့် ပုသိမ်မြို့ ပြည်တော်သာ အိမ်ယာကို ၁၉၅၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး မြန်မာပြည်တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ပြည်တော်သာအိမ်ယာကဲ့သို့ အိမ်ရာပေါင်း ၄၆ ခုတည်ဆောက်ခဲ့ကြောင်း၊ ထိုအိမ်ယာတို့တွင် နေထိုင်သူများမှာ သားစဉ်မြေးဆက် နေထိုင်ခွင့်ရှိကြောင်း ဒေသခံအိမ်ထောင်စုများထံက သိရသည်။

သို့သော် ပုသိမ်မြို့ ပြည်တော်သာအိမ်ရာစီမံကိန်းမှာ ၁၉၉၄ ခုနှစ် ၀န်ထမ်းအိမ်ရာအဖြစ် အမည်ပြောင်းခဲ့ ကြောင်း ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က ပြည်တော်သာအိမ်ရာမှာ ၀န်ထမ်းအိမ်ရာ မဟုတ်ကြောင်း ပြည်သူ့အိမ်ရာသာဖြစ်ကြောင်း ပြည်သူလွှတ်တော်နှင့် ပြည်ထာင်စုစာရင်းစစ်ချုပ်တို့ထံ နေထိုင်သူ အိမ်ထောင်စု ၂၆၁ စုတို့က လက်မှတ်ရေးထိုးတင်ပြထားကြောင်း သိရသည်။
http://myitmakhamediagroup.com/news/public-news/8307/

No comments:

Post a Comment