Latest News

Wednesday, May 25, 2016

သူငယ်တန်းသင်ရိုးသစ်ဖြင့် စာသင်ကျောင်းများဖွင့်တော့မည်

Byဇော်မျိုးလှိုင်
On  Wed, 2016-05-25 09:30
Issue No.အတွဲ (၁၅) ၊အမှတ် (၁၁)

လွန်ခဲ့သည့် ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်နှံနေသော ကျောင်းသားများကို မြင်တွေ့ရစဉ် ဓာတ်ပုံ - ကျော်ဇင်သန်း

အခြေခံပညာကျောင်းများတွင် ပညာသင်နှစ်အသစ် စတင်ဖွင့်လှစ်မည့်အချိန်ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ကျောင်းသား မိဘများသည် မိမိတို့၏ ရင်သွေးများကို ကျောင်းအပ်နှံရန် ပြင်ဆင်နေကြပြီဖြစ်သည်။


ဈေးဝယ်စင်တာနှင့် ဈေးများတွင် ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းများ၊ ကျောင်းသုံးပစ္စည်းများ၊လွယ်အိတ်၊ ကျောပိုးအိတ်၊ ထီး၊မိုးကာ၊ ဖိနပ်စသည်တို့ကို ကျောင်းသားမိဘများအတွက် အပြိုင်အဆိုင် ခင်းကျင်းပြသထားကြသည်။

မိဘများ တတ်နိုင်သည့်အပေါ်မူတည်၍ ကိုယ်ပိုင်ကျောင်းများ၊ အစိုးရကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ၎င်းတို့၏ ရင်သွေးငယ်များ အခြေခံပညာသင်ယူရန် ကျောင်းအပ်နှံရေး စီစဉ်နေကြ သည်။

‘‘ကျန်တဲ့နေရာမှာ ကုန်ကျမယ့်ဟာကို လျှော့ပြီးတော့ ကိုယ့်ကလေးပညာရေးအတွက် တတ်နိုင်သမျှလုပ်ပေးတယ်။ ကိုယ့်ကလေးမျက်နှာမငယ်ရအောင် တတ်နိုင်သလောက်လေး ဖြည့်ဆည်းပေးတယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းသားမိဘ ဦးထွန်းကြည်က ပြောသည်။

အခြေခံပညာကျောင်းများမှ ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများသည် ကျောင်းသားများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များကို ပြင်ဆင်ခြင်း၊ စာသင်ခုံများကိုပြန်လည်ပြင်ဆင်ခြင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် လိုအပ်သည်များကိုပြန်လည်ပြုပြင်ခြင်းတို့ ဆောင်ရွက်နေကြပြီဖြစ်သည်။

‘‘စာအုပ်တွေ၊ ပြဋ္ဌာန်းစာအုပ်တွေကို ကျောင်းကို ယူလာပြီးပြီ။ ပြင်ဖို့လိုတဲ့ စာသင်ခုံတွေကိုလည်း ပြန်ပြင်ထားတယ်။ အဓိကကတော့ ဒီနှစ်စမယ့် KG အတွက် ပြဋ္ဌာန်းစာအုပ်တွေ၊ KG Kit တွေကို ပြင်ထားတယ်’’ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးက ပြောသည်။

၂၀၁၆-၁၇ ပညာသင်နှစ်တွင် သူငယ်တန်းကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားရန်စီစဉ်နေပြီး သင်ကြားမည့် မူလတန်းပြ ဆရာ၊ ဆရာမ ကိုးသောင်းအား မြို့နယ်အဆင့် သင်တန်းများ ဧပြီလမှ မေလအတွင်း လေ့ကျင့်သင်ကြားခဲ့သည်။

အစိုးရသစ်လက်ထက်ပညာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်ရန် ဦးစားပေး နံပါတ် (၁) နေရာတွင် သတ်မှတ်ထားသည်။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်အတွက် အခမဲ့ထောက်ပံ့မှုများ၊ ပညာရေးဝန်ထမ်းများ သိရှိလိုက်နာရမည့်အချက်များ၊ မိဘများသို့ မေတ္တာရပ်ခံချက်များအစရှိသည့်အစီအစဉ်များကို အများပြည်သူများသို့ မေလအတွင်း ထုတ်ပြန်ခဲ့သည်။

ပညာရေးဝန်ထမ်းများအားလုံးကျောင်းအပ်နှံခြင်းနှင့် ပတ် သက်၍ ကျောင်းသားများထံမှမည်သည့်လက်ဆောင်၊ အခကြေးငွေမှကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန်နှင့် မိဘများအနေဖြင့် မိမိတို့သက်ဆိုင်သော နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံခဲ့သည်။

‘‘အခြေခံပညာကျောင်းတွေကို ကိုယ့်သက်ဆိုင်ရာနယ်မြေက ကလေးတွေကို ဦးစားပေးလက်ခံဖို့ မှာထားတယ်’’ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ထပ်ကျော့ကျောင်းအပ်နှံခြင်းကြောင့် လည်းကောင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်းကြောင့်လည်းကောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို မျှဝေခြင်း အစီအစဉ်နှင့် ပူးပေါင်း၍ ဖြန့်ဝေပေးနိုင်ရန် သတ်မှတ်မြို့နယ်အလိုက် ကျောင်းဝင်ခွင့် လျှောက်ထားမှု ပိုမိုအဆင်ပြေစေမည့်နည်းလမ်းများကို အကြံပြုရန် ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

အခြေခံပညာကျောင်းများတွင် သူငယ်တန်းကျောင်းသားများအား ဝင်ခွင့်လက်ခံရာ၌ လက်ရှိအတန်း တက်ရောက်နေဆဲ ညီအစ်ကို၊ မောင်နှမရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်များတွင် အခြေတကျ နေထိုင်သူများ၏ သား၊ သမီးများကို ဦးစားပေးလက်ခံလေ့ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ မူလတန်းကျောင်းအုပ် ဆရာမကြီးတစ်ဦးက ပြောသည်။

‘‘အနီးအနားက ကျောင်းမှာပဲ ထားဖို့စီစဉ်ထားတယ်။ ကိုယ့်အနီးအနားဆိုတော့ ကိုယ်တိုင်လည်းကြို၊ ပို့ လုပ်လို့ရတယ်။ ကိုယ့်မျက်စိအောက်မှာပဲဆိုတော့ စိတ်ချရတာပေါ့’’ဟု ကြည့်မြင်တိုင်မြို့နယ်မှ ကျောင်းသားမိဘဒေါ်လင်းလင်းက ပြောသည်။

အခြေခံပညာကျောင်းများတွင် သူငယ်တန်း တက်ရောက်ရန် စတင်ကျောင်းအပ်နှံမည့် ကျောင်းသား အသက် (၅)နှစ်ပြည့်မှ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး (၅) နှစ် မပြည့်ဘဲ လအနည်းငယ် လိုပါက သက်ဆိုင်ရာ ကျောင်းအုပ်၊ မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးနှင့် တိုင်းဒေသကြီးပညာရေးမှူးများနှင့် သွားရောက် ညှိနှိုင်းရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

‘‘မနှစ်ကအထိ ကျောင်းအပ်မယ့်ကလေးကတစ်လလို မြို့နယ်ပညာရေးမှူး၊နှစ်လလို ခရိုင်ပညာရေးမှူး၊ သုံးလလို တိုင်းပညာရေးမှူးဆီကို တင်ရတယ်။ အခုချိန်တော့ အဲဒါနဲ့ပတ်သက်ပြီးကြေငြာချက်အသစ် မထုတ်ပြန်ထားဘူး။ သူငယ်တန်းက ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကို အဓိကထားပြီး သင်ပေးတာဆိုတော့ အသစ်ထပ်ထုတ်ပြန်ထားတာ မရှိပါဘူး’’ဟုအဆိုပါအဆင့်မြင့်အရာရှိကပြောသည်။

အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ပညာရေးဝန်ထမ်းအားလုံးသည် ကျောင်းအပ်နှံခြင်းအတွက် ငွေကြေး၊ လက်ဆောင်ပစ္စည်း လက်ခံခြင်းမပြုရန်၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ အပါ အဝင် အခြားမည်သည့်ပစ္စည်းကိုမှ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ကိုယ်စား ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဝင်းက လက်မှတ်ရေးထိုး၍ ဧပြီ ၃၀ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

‘‘ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်းမှာ ငွေကြေး ကောက်ခံခြင်းမပြုရဘူးဆိုတာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ပညာရေးမှူးတွေဆီကို စာထွက်ထားတယ်။ငွေကြေး ကောက်ခံတာရှိခဲ့ရင် ဝန်ထမ်းစည်းကမ်းနဲ့ အညီ ထိရောက်စွာအရေးယူသွားမယ်’’ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ် စ တင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျောင်းအပ်နှံရာတွင် ငွေကြေး ပေးသွင်းရန် မလိုအပ်ဘဲ သူငယ် တန်းအတွက် ကျောင်းဝတ်စုံ တစ်စုံ၊ မူလအတန်းအဆင့်အတွက် ကျောင်းဝတ်စုံ တစ်စုံ၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ် ခြောက်အုပ်၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအ တွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံအခမဲ့ရရှိမည်ဖြစ်သည်။
7Daydaily

No comments:

Post a Comment