Latest News

Tuesday, May 17, 2016

ကုမ္ပဏီမှ ဆောက်လုပ်ပြီး တစ်နှစ်အတွင်း ရှားခဲတိုက်နယ်ပြည်သူ့ဆေးရုံနှင့် ၀န်ထမ်းအိမ်ရာများ၌ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသဖြင့် စစ်ဆေးတင်ပြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ညွှန်ကြား


ဟင်္သာတ မေ ၁၇
ကုမ္ပဏီမှ ဆောက်လုပ်ပြီး တစ်နှစ်အတွင်း ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်ပြည်သူ့ဆေးရုံနှင့် ၀န်ထမ်းအိမ်ရာများ၌ ယိုယွင်းပျက်စီးမှုများဖြစ်ပေါ်လာသဖြင့် စစ်ဆေးတင်ပြရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ညွှန်ကြားထားကြောင်း သိရသည်။

“၀န်ကြီးချုပ်လာပြီး ဒီဆေးရုံကို လှည့်ပတ်ကြည့်တယ်။ ဒီဆေးရုံက စံချိန်စံညွှန်းနဲ့ကိုက် ညီမှုမရှိတဲ့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အချက်အလက်တွေစုဆောင်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုတင်ပါ။ ကျွမ်းကျင်အင်ဂျင်နီယာတွေနဲ့လာရောက်စစ်ဆေးပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့မှာကြားသွားပါတယ်”ဟု ဟင်္သာတမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး က ပြောကြားသည်။

လက်ရှိတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြို့နယ်ထွေအုပ်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့အပါအ၀င် ဆေးရုံကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတို့က ဆေးရုံနှင့်ပတ်သက်သည့် အချက်အလက်များကိုမှတ်တမ်းယူထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြရန်စီစဉ်နေကြောင်း သိရသည်။

“ပင်မဆေးရုံကြီးရဲ့ပတ်ချာလည် ရေလိုင်းတွေကလည်း ရေစီးမြောင်းမရှိဘူး။ အလုံပိတ်နဲ့ လှောင်ထားသလိုဖြစ်နေတော့ ခြင်ပိုးမွှားအကုန်ပေါက်ဖွားနိုင်တာပေါ့။ လေးခန်းတွဲအဆောက်အဦး ကျတော့ နောက်ဘက်တောက်လျောက်အုတ်မြောင်းတွေက ဘေးကိုလန်ကျနေတယ်။ သူတို့တစ်ဝက် တစ်ပျက်ပဲ ပြန်လုပ်ပေးပြီး ဆက်လုပ်ပေးတာမတွေ့ရဘူး။ ဆေးရုံအဆောက်အဦးပိုင်းလည်း အဲလိုပဲ အက်ကွဲကြောင်းတွေတွေ့ တယ်။ မိုးတွင်းဆိုရင် တော်တော်များများ မိုးယိုတယ်။ လျှောက်လမ်း တွေ မိုးယိုတယ်။ အခုဆေးထားတဲ့နေရာ၊ VIP အိမ်သာ အဲဒီ့နားတွေ တော်တော်မိုးယိုတယ်။ မွေးခန်း ရဲ့ရှေ့ဘက်မှာဆို အခုထိရေရှိနေတုန်းပဲ။ Operation Theatre ဆိုရင်လည်း အပြင်ကို ရေလှယ်ထုတ် ရတယ်”ဟု ရှားခဲ ဆေးရုံမှ ကျန်းမာရေး ၀န်ထမ်း ဦးနေမျိုးထက်က ပြောကြားသည်။

ရှားခဲတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာသီတာက “ဆေးရုံကြီးကြပ်မှု ကော်မတီရဲ့ အစည်းအဝေးမှာ ခရိုင်ဆရာဝန်ကြီးနဲ့ မြို့နယ်ဆောက်လုပ်ရေး ကော်မတီကို အကြောင်း ကြားဖို့ ကုမ္ပဏီကို အကြောင်းကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ့ ဆုံးဖြတ်ချက် အရ ခရိုင်ဆရာဝန်ကြီးကို တင်ပြတဲ့အခါ ဆရာဝန်ကြီးက ကုမ္ပဏီကို လှမ်းအကြောင်းကြားပေးပါတယ်။ အကြောင်းကြားတဲ့အခါ ကုမ္ပဏီက လာပြီးလုပ်ပေးပါမယ်ပြောပြီး အခုချိန်ထိ မလာသေးတာပါ”ဟု ပြောကြားသည်။

ပထမအကြိမ် ၀န်ထမ်းအိမ်ယာနောက်ဘက်ရှိ ရေမြောင်းပြိုကျစဉ်က ဆေးရုံကြီးကြပ်မှု ကော်မတီမှ ကုမ္ပဏီကို အကြောင်းကြားခဲ့ရာတွင် ဒေသခံပန်းရံဆရာကိုသာ လွှတ်ပေးခဲ့ပြီး ပြီးပြတ်အောင် ဆောင်ရွက်ပေးမှုလည်းမရှိခဲ့ကြောင်း ဒေါက်တာသီတာက ဆက်လက်ပြောကြားသည်။
ရှားခဲတိုက်နယ်ဆေးရုံမှ အဆောက်အဦးများကို ၂၀၁၄-၁၅ ဘဏ္ဍာငွေမှ ကျပ်သိန်း ပေါင်း ၅၀၀၀ ကျော်ဖြင့် ဧရာနဂါးကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံစတင် အသုံးပြုချိန်မှစကာ တစ်နှစ် အတွင်း ယိုယွင်းပျက်စီးမှု ကြုံတွေ့နေခြင်းဖြစ်ကာ မိုးမကျမီအချိန်အတွင်း ကုမ္ပဏီမှ ပြင်ဆင်မှုများ ဆောင်ရွက်ပေးရန် ဆေးရုံဝန်ထမ်းများက လိုလားနေကြကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
EMG



No comments:

Post a Comment