Sunday, April 24, 2016
သူငယ်တန်း (KG) ကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားပေးနိုင်ရေး မြို့နယ်အဆင့် ဆရာ ဆရာမများအား လေ့ကျင့်သင်တန်းပေး
ဝါးခယ်မ ဧပြီ ၂၅
၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော်မည့် သူငယ်တန်း (KG) ကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားပေးနိုင်ရေးအတွက် ဆရာ ဆရာမများအား လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအား ဧပြီ ၂၅ ရက် နံနက် ၈ နာရီက အ.ထ.က (၁) ဒေါ်ပိုက်မိခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက အဖွင့်အမှာစကားပြောကြားပေးကာ မြောင်းမြခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးလှရှင်က သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းသစ်အား ကလေးသူငယ်များ မိမိကိုယ်ကိုမိမိ ယုံကြည်အားကိုးတတ်သူများဖြစ်လာရန်၊ အာဟာရပြည့်ဝ၍ ကျန်းမာပျော်ရွှင်သူများဖြစ်လာရန်၊ စာရေး စာဖတ်ခြင်းနှင့် အသိပညာများကို စိတ်အားထက်သန်စွာ လေ့လာသင်ယူသူများဖြစ်လာရန်၊ မိမိပတ်ဝန်းကျင်အကျိုးဆောင်ရွက်တတ်သူများဖြစ်လာရန် ရည်မှန်းချက်များဖြင့် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ တက်ရောက်နိုင်မည့်ကလေးငယ်က အသက် ငါးနှစ်အရွယ်ဖြစ်ပြီး ကဗျာ၊ သီချင်းများဖြင့် ပညာပေးလေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ လေ့ကျင့်ခန်းများကို သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများဖြင့် ကလေးဗဟိုပြု သင်ကြားပေးနိုင်ရေးအတွက် သင်တန်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးကြွယ်က သင်တန်းဆိုင်ရာ ကိစ္စများကို ရှင်းလင်းပြောကြားရာ ၀ါးခယ်မမြို့နယ်အတွင်း အခြေခံပညာမူလတန်းအဆင့် ဆရာ ဆရာမ ၆၂၆ ဦးကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဧပြီ ၂၅ မှ မေ ၁၀ ရက်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (၀ါးခယ်မ)
Hlwann Thiha
သူငယ်တန်း (KG) ကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားပေးနိုင်ရေး မြို့နယ်အဆင့် ဆရာ ဆရာမများအား လေ့ကျင့်သင်တန်းပေး
Reviewed by timeayeyar
on
9:57 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment