Latest News

Thursday, August 19, 2021

မြန်မာ့နိုင်ငံရေးထဲက 'ဂျင်း' - အပိုင်း (၁)


"ဗမာတွေလည်း တစ်နေ့လုပ်မှ တစ်ရက်စားရတာ၊ ဗမာလူမျိုးကြီးဝါဒဆိုတာ မရှိဘူး၊ စစ်အာဏာရှင်နဲ့ ဗမာလူမျိုးကို ခွဲမြင်ပါ" ဆိုတဲ့ ဂျင်းက စစ်ကောင်စီတစ်သက်လုံး ရိုက်သွင်းခဲ့တဲ့ နိုင်ငံရေးဂျင်းပါ။

စစ်ကောင်စီက ဒီဂျင်းကို ဗမာလူထုကြားထဲ ရိုက်သွင်းခဲ့တဲ့အတွက် ဒီဂျင်းစားမိတဲ့ ဗမာတိုင်းရင်းသားတွေက ဗမာလူမျိုးကြီးဝါဒဆိုတာ လုံးဝ မရှိဘူးလို့ ခံယူတယ်။ 

နောက်ဆက်တွဲအနေနဲ့ ကျန်တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးကို တိုင်းရင်းသားအခွင့်အရေးအတွက် တော်လှန်တယ်လို့ မမြင်တော့ဘူး။ 

ဘယ်လိုမြင်သွားလဲဆိုတော့ "ငါတို့ဗမာတွေလည်း ဘာထူးပြီးရတာမှမဟုတ်တာ။ တိုင်းရင်းသားတွေက အခွင့်အရေးပိုလိုချင်တာ၊ ပညာမတတ်လို့ တိုင်းပြည်ပျက်အောင်လုပ်နေတာ၊ သောင်းကျန်းနေတာ" လို့မြင်သွားရော။ 

ဆိုတော့ ဒီနိုင်ငံရေး 'ဂျင်း' ကိုကြည့်ရင် "ဗမာလူမျိုးကြီး" ဆိုတာနဲ့ "ဝါဒ" ဆိုတာကို ခွဲမြင်ဖို့လိုမယ်။ 

"ဝါဒ" ဆိုတာက "ဒီမိုကရေစီဝါဒ" "ကွန်မြူနစ်ဝါဒ" အစရှိတဲ့ အတွေးအခေါ်နဲ့ မူဝါဒလိုဟာမျိုးကိုပြောချင်တာပါ။ "ဗမာလူမျိုးကြီးဝါဒ" ဆိုတာက ဗမာလူမျိုးကြီးစိုးရေးဝါဒလို့ အဓိပ္ပာယ်ဖွင့်လို့ရမယ်ထင်ပါတယ် (မိမိအမြင်သာ)။

ဗမာလူမျိုးကြီးဝါဒနဲ့ မြန်မာနိုင်ငံရဲ့ အရှိတရား

ဗမာတိုင်းရင်းသားတွေရဲ့ ကြီးစိုးလိုတဲ့ စိတ်အခံကြောင့် တိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှု၊ တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းကို ကျောင်းတွေမှာ သင်ကြားခွင့်မရခဲ့ဘူး။ တိုင်းရင်းသား ဘာသာ စကားတွေကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုခွင့်မရဘူး။ 

ဥပမာပေးရရင် အိန္ဒိယမှာ နိုင်ငံအဆင့် ရုံးသုံးဘာသာစကားကို ဟိန္ဒီးနဲ့ အင်္ဂလိပ်ဘာသာကို သုံးတယ်။ တရားရုံးချုပ်က အင်္ဂလိပ်ဘာသာစကားပဲသုံးတယ်။ ပြည်နယ်တွေမှာတော့ အိန္ဒိယအခြေခံဥပဒေမှာ တရားဝင်သတ်မှတ်ထားတဲ့ ဘာသာစကား ၂၂ မျိုးထဲက ကြိုက်တာကို ရုံးသုံးအနေနဲ့ သုံးခွင့်ရှိတယ်။ တခြား ဖက်ဒရယ်နိုင်ငံတွေမှာလည်း အလားတူပါပဲ။ 

မြန်မာနိုင်ငံမှာတော့ ဗမာကလွဲရင် ကျန်ဘယ်တိုင်းရင်းသားတွေရဲ့ ဘာသာစကားကိုမှ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုခွင့်မပေးထားဘူး။ 

တိုင်းရင်းသားတွေရဲ့ အထွတ်အမြတ်ထားတဲ့နေရာတွေကို အတင်းအကြပ်ဖျက်ဆီးတာနဲ့ ဗမာမှုပြုတာတွေ အများကြီးရှိခဲ့တယ်။ ပူတာအိုရဲ့ ကျောက်နဂါးကို စေတီတည်ပစ်တာ၊ ရှမ်းစော်ဘွားတွေရဲ့ ဟော်နန်းတွေကို ဗုံးခွဲဖျက်ဆီးပစ်တာတွေဟာ သိပ်မကြာသေးတဲ့ နှစ်တွေမှာပဲ လုပ်ပစ်ခဲ့တာ။ ခရစ်ယာန်ဘာသာရေး အဆောက်အအုံ တွေကို ပြည်သူပိုင်သိမ်းပြီး စေတီဆောက်ပစ်တာတွေ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာ အများကြီး ရှိခဲ့တယ်။ 

အစိုးရဌာနတွေမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဗမာမဟုတ်ရင် ရာထူးမတိုးပေးတာတွေလုပ်ခဲ့တယ်။ ရှေ့မှီနောက်မှီတွေရဲ့ အဆိုအရ ၁၉၉၀ နောက်ပိုင်း ပိုဆိုးခဲ့တယ်လို့ ဆိုပါတယ်။ ရာထူးတိုးချင်ရင် ရှမ်းဆိုတာကို ဗမာလို့ပြောင်း။ ရှမ်းနာမည်ဖြစ်နေရင် ဗမာနာမည်ပြောင်း အစရှိသဖြင့် ဗမာ၊ ဗုဒ္ဓ မဟုတ်ရင် ဒုတိယအတန်းအစားနိုင်ငံသား (second class citizen) လိုမျိုး လုပ်ဆောင်ခဲ့တယ်။ 

၁၉၄၇ ပင်လုံမှာ 'ကချင်တစ်ကျပ်၊ ဗမာတစ်ကျပ်' လို့ ဗမာတိုင်းရင်းသားခေါင်းဆောင်တွေက သဘောတူခဲ့ပေမယ့် အစိုးရအဆက်ဆက် ပြည်သူ့ဘဏ္ဍာခွဲဝေချထားတာကို ကြည့်ရင် ပြည်နယ် ၇ ခု၊ တိုင်း ၇ ခုခွဲပြီး တိုင်းရင်းသားတွေ တစ်ကျပ်စီနဲ့ ဗမာတိုင်းရင်းသားတွေအများစုနေတဲ့ တိုင်း ၇ တိုင်းကို ဘဏ္ဍာငွေအတူတူခွဲပေးရတဲ့အတွက် ဗမာ ၇ ကျပ်ဆိုတာမျိုးအကောင်အထည်ဖော်ခဲ့တယ်။ 

အစိုးရဘဏ္ဍာငွေနဲ့ စီမံကိန်းချမှတ်လုပ်ဆောင်ထားတာတွေကို ကြည့်ရင် ကယားကထွက်တဲ့လျှပ်စစ်မီးနဲ့ ရန်ကုန်မီးလင်းတယ်၊ ရခိုင်ကထွက်တဲ့ ဓာတ်ငွေ့ကို ပြည်ပရောင်းပြီး ရခိုင်ပြည်သူတွေက ဆင်းရဲတွင်းနက်နေတယ်၊ ကချင်ကထွက်တဲ့ကျောက်စိမ်းကို လက်ဝါးကြီးအုပ်ပြီး ကချင်တစ်သိန်းကျော် စစ်ရှောင်ဖြစ်အောင် တိုက်ပွဲဆင်တယ်။ 

ပြည်နယ်တွေက သယံဇာတတွေကို လက်ဝါးကြီးအုပ်ရောင်းစားပြီး တိုင်းရင်းသားတွေ မွဲခဲ့တာ တကယ်ဖြစ်နေဆဲ အရှိတရား။ ကချင်ကထွက်တဲ့ ကျောက်စိမ်းကို ကချင်ပြည်နယ်အတွင်း တရားဝင်သယ်ယူခွင့်မပေးဘူး၊ တရားဝင်ရောင်းချခွင့်မပေးဘူး။ 

အဆင့်မြင့်ကျောက်စိမ်း (အဖိုးတန်တဲ့ A အဆင့် ကျောက်စိမ်း) တွေကို တရားဝင်ရောင်းဝယ်ဖောက်ကားနိုင်တဲ့ ဈေးကွက် (ကျောက်ဝိုင်း) ကချင်ပြည်နယ်မှာ တရားဝင်ဖွင့်ခွင့်မရဘူး။ 

ခေတ်အဆက်ဆက် အစိုးရက အကောင်အထည်ဖော်တဲ့ ဆည်မြောင်းစီမံကိန်းတွေ၊ လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းတွေကို ကြည့်ရင် ဗမာတွေနေတဲ့ အလယ်ပိုင်းမှာ အများစုပဲ။ NLD လက်ထက်က နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်တဲ့ စက်ရုံတည်ဆောက်ဖို့ စီမံကိန်းနေရာရွေးထားတာတွေကို ကြည့်ရင် သိပ်သိသာပါတယ်။

"အဲတာ စစ်အာဏာရှင်တွေလုပ်တာ၊ ငါတို့သာမန်ပြည်သူတွေနဲ့ မဆိုင်ဘူး။ ငါတို့ဗမာတွေလည်း ကိုယ်လုပ်မှကိုယ်စားရတာ" လို့ပြောရင် ဒီလိုလေးစဉ်းစားစေချင်တယ်။

ဗမာတိုင်းရင်းသားတွေဟာ အသက် ၅ နှစ်ပြည့်လို့ ကျောင်းတက်ရင် ကိုယ်တစ်ခါမှ မပြောဖူးတဲ့ တိုင်းရင်းသားဘာသာစကားနဲ့ ကျောင်းတက်ဖို့မလိုဘူး။ 

ဗမာတိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို တိုးတက်အောင် မလုပ်နိုင်ဖို့ ပိတ်ပင်ခံရတာတွေ မရှိဘူး။

ဗမာဖြစ်တဲ့သူဟာ အစိုးရဝန်ထမ်းဖြစ်လာရင် ရာထူးတိုးဖို့အတွက် ကိုယ့်နာမည်နဲ့ ကိုးကွယ်တဲ့ဘာသာပြောင်းဖို့ မလိုဘူး။ 

ဗမာဖြစ်တဲ့အတွက် လွတ်လပ်ရေးရကတည်းကနေ ၂၀၂၁ ဇန်နဝါရီလကုန်တဲ့အထိ စစ်ဘေးရှောင်ဖို့ မလိုခဲ့ဘူး (ဗမာတွေ စစ်ရှောင်ဖြစ်တာ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှလို့နားလည်တယ်၊ အဲ့မတိုင်ခင် ရှိရင်တောင် အနည်းအကျဉ်းပဲရှိမှာပါ)

ဗမာဖြစ်တဲ့အတွက် ရွာလုံးကျွတ်အစုလိုက်အပြုံလိုက် သတ်ဖြတ်တာခံရဖို့ စိုးရိမ်စရာမလိုခဲ့ဘူး။ 

ဗုဒ္ဓဘာသာဝင်တွေရဲ့ စေတီတွေ၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးပြီး ခရစ်ယာန်ဘုရားကျောင်းတွေ၊ အစ္စလာမ်ဗလီတွေ အတင်းအဓမ္မဆောက်တာမျိုးတွေ မကြုံရဘူး။

တိုင်းရင်းသားဒေသကထွက်တဲ့ လျှပ်စစ်မီးတွေ၊ သယံဇာတတွေနဲ့ ဗမာတိုင်းရင်းသားတွေနေတဲ့ နေရာမှာ မီးလင်းနေတာ၊ လမ်းတွေနဲ့ တခြားအခြေခံအဆောက်အအုံတွေ တိုးတက်လာတာကို သတိရစေချင်တယ်။

တိုင်းရင်းသားတွေကို ကိုယ်ချင်းစာပါ

နောက်တစ်မျိုးစဉ်းစားစေချင်တာက ဗမာမဟုတ်တဲ့ ကျန်တိုင်းရင်းသားတွေအားလုံးက ဗမာလူမျိုးကြီးဝါဒရှိပါတယ်လို့ ပြောနေတာက ဗမာတွေကို မုန်းလို့မဟုတ်ဘူး။ အပေါ်မှာ ပြောခဲ့တဲ့ တန်းတူညီမျှမှုမရှိတာတွေ၊ ဖိနှိပ်မှုတွေ၊ နိုင်ထက်စီးနင်းမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို သတိရပေးပါ။ ကိုယ်ချင်းစာပေးပါ။ 

"ဗမာလူမျိုးကြီးဝါဒ" မရှိဘူးလို့ ငြင်းနေတာက တိုင်းရင်းသားတွေ ခေတ်အဆက်ဆက်ကြုံခဲ့ရတဲ့ ဖိနှိပ်မှုကို ကိုယ်ချင်းမစာတဲ့အပြင် စစ်ကောင်စီနဲ့ အလိုတူအလိုပါ ဖြစ်တာနဲ့ တူပါတယ်။ 

စစ်ကောင်စီက ဗမာလူမျိုးကြီးဝါဒမရှိဘူးလို့ ယုံစေချင်တယ်။ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သူ့မိန့်ခွန်းမှာ "ဗမာလူမျိုးကြီးဝါဒကိုင်စွဲထားတဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမယ်" လို့ပြောခဲ့တယ်။

ပြည်သူအားလုံးတိုက်နေတဲ့ စစ်အာဏာရှင်ဟာ ဗမာလူမျိုးကြီးဝါဒကို ကိုင်စွဲထားတယ်လို့ KIO/KIA ဥက္ကဌ ပြောခဲ့တာပါ။ စစ်အာဏာရှင်ဟာ ‘ဗမာလူမျိုးကြီးဝါဒမရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အခွင့်အရေးပိုယူချင်လို့ သောင်းကျန်နေတာ’ လို့ ဗမာလူထုကို ယုံစေချင်နေတယ်။ 

ဗမာလူမျိုးကြီးဝါဒမရှိဘူးလို့ ဗမာလူထုက ယုံကြည်မှ စစ်ကောင်စီက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို စစ်တိုက်လို့ရမယ်။ တိုင်းရင်းသားလူမျိုးတွေကို ဖိနှိပ်လို့ရမယ်။ တိုင်းရင်းသားတွေကို ဖိနှိပ်တိုက်ခိုက်နေမှပဲ သူ (စစ်ကောင်စီ) ဟာ မြန်မာ့နိုင်ငံရေးမှာ သူမရှိရင် မဖြစ်ဘူးဆိုတဲ့အတွေးအခေါ်တွေ ရိုက်သွင်းလို့ရမယ်။ ('တပ်မတော်မရှိရင် ဘာဖြစ်သွားမယ်ထင်လဲ' ဆိုပြီး သူတို့ပြောတတ်တယ်မဟုတ်လား)

ဗမာလူမျိုးကြီးဝါဒမရှိဘူး၊ အရင်ကတည်းက အားလုံးတန်းတူပဲလို့ ယုံကြည်နေသေးတယ်ဆိုရင် စစ်အာဏာရှင်ရဲ့ ဂျင်းကို ကောင်းကောင်း စားမိနေပြီဆိုတာ သတိရစေချင်တယ်။

စစ်အာဏာရှင်အမြစ်ပြတ်ဖို့ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးဖို့လိုတယ်။ စည်းလုံးညီညွတ်ဖို့ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို အသိအမှတ်ပြု နားလည်ပေးဖို့လိုတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ဖို့ လူမျိုးကြီးဝါဒအားလုံး အမြစ်ပြတ်ဖို့လိုပါတယ်။

လူမျိုးကြီးဝါဒအမြစ်မပြတ်သေးသရွေ့တော့ စစ်အာဏာရှင်စနစ်ဟာ တစ်နည်းတစ်ဖုံပြန်ပေါ်လာဦးမှာပါပဲ။

အရေးတော်ပုံအောင်ရမည်။

အာဏာရှင်စနစ်အမြစ်ပြတ်ရမည်။

လူမျိုးကြီးဝါဒ မုချကျဆုံးရမည်။

နောက်ထပ် ဆက်ရေးမယ့် 'ဂျင်း' အကြောင်းကတော့ 'တိုင်းရင်းသားတွေ ပညာမတတ်လို့ လက်နက်ကိုင်နေကြတာ' ဆိုတဲ့ 'ဂျင်း' ဖြစ်ပါတယ်။

No comments:

Post a Comment