Latest News

Wednesday, April 1, 2020

ရိက္ခာပေါလှိုင် ဖျာပုံခရိုင်သို့

ရိက္ခာပေါလှိုင် ဖျာပုံခရိုင်သို့


မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာနိုင်ငံ  ပြည်သူပြည်သားများအတွက်  လိုအပ်သည့်  စားရေရိက္ခာများကို ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးမှ ထုတ်လုပ်ပေးလျက်ရှိရာ မြစ်ဝကျွန်းပေါ် ဒေသ  ဧရာဝတီတိုင်းဒေသကြီးသည်  နိုင်ငံတော်၏စပါးကျီဟု တင်စားခေါ်ဆို သည့်အတိုင်း  ဆန်စပါးကို အများဆုံးစိုက်ပျိုးထုတ်လုပ်နေသည့် ဒေသဖြစ် သည်။ မြစ်ချောင်းပေါများ၍ မိုးရွာသွန်းမှုများပြားပြီး မြေဆီဩဇာကောင်းမွန် သည့် မြစ်ဝကျွန်းပေါ်ဒေသမှထွက်ရှိသည့် ဆန်စပါးများသည် စားသုံးသူများ အကြား အလွန်ထင်ရှားလျက်ရှိရာ ဖျာပုံပေါ်ဆန်းမွှေးဆန်သည်လည်း အပါ အဝင်ဖြစ်ပေသည်။
ဆန်စပါးစိုက်ပျိုးမှုသာမက ပင်လယ်ငါးထုတ်လုပ်မှုလုပ်ငန်းပါ ဖွံ့ဖြိုးသည့် ဖျာပုံခရိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအနက် ရန်ကုန်မြို့ နှင့်အနီးဆုံး တည်ရှိသည်။ ရှေးအခါက ရေကြောင်းခရီးဖြင့်သာ သွားလာ ခဲ့ကြရသည့် ဖျာပုံခရိုင်အတွင်းမှ မြို့ရွာများသည် မအူပင်-ဖျာပုံ-ဘိုကလေး ကားလမ်းကို ၁၉၉၇ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ပြီးနောက် ကုန်းလမ်းခရီးဖြင့် လွယ်ကူလျင်မြန်စွာ သွားလာနိုင်ခဲ့ကြသည်။
ဖျာပုံခရိုင်ကို ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားကာ ခရိုင်တစ်ခုလုံးသည် ၁၈၆၃ ဒသမ ၄၄၂ စတုရန်းမိုင်ကျယ်ဝန်း၍ ဘိုကလေးမြို့နယ်သည် အကြီးဆုံးဖြစ်သည်။
ဖျာပုံမြို့သို့
ဖျာပုံခရိုင်ရုံးစိုက်သည့် ဖျာပုံမြို့သို့ ရန်ကုန်မြို့မှ ရေလမ်းခရီးဖြင့်သွားပါက ၆၄ မိုင်ကွာဝေးကာ ကုန်းလမ်းမှသွားလျှင် လှိုင်သာယာ၊ မအူပင်နှင့် ကျိုက် လတ်မြို့တို့ကို ဖြတ်သန်း၍လည်းကောင်း၊ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ဒေးဒရဲမြို့တို့ကို ဖြတ်သန်း၍လည်းကောင်း နှစ်သက်ရာလမ်းမှ သွားရောက် နိုင်ကြသည်။
မော်တော်ကားလမ်းများမရှိစဉ်က  ဖျာပုံမြို့မှ ၂၀၅ မိုင်ကွာဝေးသည့် ပုသိမ်မြို့၊ ၁၅၄ မိုင်ကွာဝေးသည့် ဟင်္သာတမြို့ အပါအဝင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ ခုသို့ ရေလမ်းခရီးဖြင့် သွားရောက်ခဲ့ကြရပြီး ယခုအခါတွင် မြို့နယ်အားလုံးသို့ ကုန်းလမ်းခရီးဖြင့် သွားလာနိုင်ကြပြီဖြစ်၍ ရေလမ်းကြောင်းကို ကုန်စည်တင်ဆောင်သည့် ရေယာဉ်များကသာ အများဆုံး အသုံးပြုလျက်ရှိကြသည်။
ဖျာပုံခရိုင်သည် တစ်ချိန်က မွန်လူမျိုးတို့၏ဒေသဖြစ်ခဲ့ကာ ဖျာပုံဟူသည့် အမည်သည် မွန်စကား "ဖျာပုင်"ဖြစ်၍ ထမင်းဈေး သို့မဟုတ် ထမင်းဆိုင်ဟု အဓိပ္ပာယ်ရှိသည်။ ဖျာပုံမြို့သည် မြစ်ချောင်းများဆုံစည်းသည့်နေရာတွင်  တည်ရှိနေကာ ချောင်းရိုးများအတွင်းပိုင်းမှ မြစ်အထက်ပိုင်းသို့ သွားလိုသူများ သည် ဒီရေတက်ချိန်ကို စောင့်ဆိုင်းကြရသည်။ ရှေးအခါက ရေစောင့်ကြသည့် ခရီးသည်များ စခန်းချကာ ထမင်းဟင်းများ ချက်ပြုတ်စားသောက်ကြသည့် နေရာသည် ဖျာပုင်ဟု အမည်တွင်ခဲ့သည်။ ယင်းနေရာ၏ရှေ့တွင် ပေါ်လာခဲ့ သည့်ကျွန်းပေါ်၌  မွန်လူမျိုးများ စတင်နေထိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ကျွန်းမြေပြင်ကျယ်ပြန့်၍ စည်ကားလာခဲ့ပြီး ကုန်းဘောင်မင်းဆက်၊ ဗဒုံမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် ရွာကြီးတစ်ရွာ ဖြစ်လာခဲ့ကာ ရွာအုပ် ဦးဖားက အုပ်ချုပ်ခဲ့သည်။ ပုဂံမင်းလက်ထက် ၁၂၀၈ ခုနှစ်က ပဲ့နင်းကြီး တာဝန် ပေးအပ်ခံရသည့် ဦးရွှေပေါ်သည် ဖျာပုံမြို့၌ ပဲ့နင်းရုံးစိုက်ခဲ့သည်။
ဗြိတိသျှအစိုးရလက်ထက်တွင် ဖျာပုံကို ကျိုက်လတ်မြို့အုပ် ဦးစန္ဒာက အုပ်ချုပ်ခဲ့ပြီး ၁၀၇၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ဖျာပုံမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။ ဖျာပုံမြို့နယ်သည် အရှေ့မှ အနောက်သို့ ၀ ဒသမ ၉၄ မိုင်နှင့် တောင်မှမြောက်သို့ ၃ ဒသမ ၃၂ မိုင် ကျယ်ဝန်းကာ ဧရိယာ ၃၁၈ ဒသမ ၅၃၆ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၈ ဒသမ ၂ ပေသာ မြင့်သည်။
လက်ရှိ ဖျာပုံမြို့နယ်ကို မြို့နှစ်မြို့(ဖျာပုံနှင့် အမာ)၊ ရပ်ကွက် ၂၃ ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စု၊ ကျေးရွာ ၂၁၂ ရွာဖြင့် ဖွဲ့စည်းကာ ဖျာပုံမြို့နယ်၏ အရှေ့ဘက်တွင်  ဒေးဒရဲမြို့နယ်၊  အနောက်ဘက်တွင်  ဘိုကလေးမြို့နယ်၊ တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့နှင့် မြောက်ဘက်တွင် ကျိုက်လတ် မြို့နယ်တို့ တည်ရှိကြသည်။ ဖျာပုံမြစ်သည် မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်နေသော်လည်း မြစ်ကြောင်းကျဉ်းမြောင်းသဖြင့် ပင်လယ်ကူးသင်္ဘောများ မဝင်ရောက်နိုင်ချေ။ ထို့အတူ ပင်လယ်ရေအတက်အကျရှိသဖြင့် ဖျာပုံမြစ်ရေ ကို သောက်သုံးနိုင်ခြင်းမရှိချေ။
ပူအိုက်စွတ်စိုသည့် ရာသီဥတုရှိသော ဖျာပုံမြို့နယ်သည် အပူချိန် ၁၈ ဒီဂရီနှင့် ၃၆ ဒီဂရီစင်တီဂရိတ်အတွင်းရှိ၍  လွန်ခဲ့သည့်သုံးနှစ်အတွင်း နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၂၆ ဒသမ ၆၆ လက်မ ရွာသွန်းခဲ့သည်။ မြို့နယ်အတွင်း၌ သဘာဝပေါက်ပင်များဖြစ်သည့် ကနစို၊ လမု၊ ကန့်ကလာ၊ မဒမ၊ သင်ပေါင်း၊ ဓနိနှင့် ခရေပင်များ ပေါက်ရောက်လျက်ရှိကာ တောရိုင်းတိရစ္ဆာန်များ မရှိချေ။
ပတ်ဝန်းကျင်ထိန်းသိမ်းမှုတစ်ရပ်အဖြစ် ရေမြေမြစ်ချောင်းများ ပျက်စီးမှု မရှိစေရန်  ဒီရေတောစိုက်ခင်းများထူထောင်၍  ၂၀၁၈ ခုနှစ် မတ်လအထိ အပင် ၁၂၀၀၀ စိုက်ပျိုးခဲ့သည်။ ဖျာပုံမြို့နယ်သည် ပင်လယ်နှင့်နီးကပ်စွာ တည်ရှိသဖြင့် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ဆူနာမီရေလှိုင်းများတက်ရောက်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သော ဒေသဖြစ် သည်။
ဖျာပုံမြို့နယ်တွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြကာ ကရင်နှင့် ရခိုင်တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ ၂၀၁၈ စက်တင်ဘာလကုန် အထိ ဖျာပုံမြို့နယ်လူဦးရေသည် ၃၀၄၈၄၂ ဦးဖြစ်၍ မြို့နယ်လူဦးရေ၏ ၉၅ ဒသမ ၄ ရာခိုင်နှုန်း(၂၉၁၀၇၃ ဦး) သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး  ခရစ် ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်း ရှိကြသည်။
မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးကြကာ    မြို့နယ်အတွင်း၌   အသားတင်စိုက်ပျိုးမြေ ၁၉၆၃၂၆ ဧကရှိ၍ နွေစပါးနှင့် မိုးစပါးကို  အများဆုံးစိုက်ပျိုးကြသည်။ ဆန်စပါး ထွက်ရှိမှု မြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်က ဆန်ဖူလုံမှု ၃၄၈ ဒသမ ၁၉ ရာခိုင်နှုန်းရှိခဲ့သည်။  ထို့အတူ ရေချိုရေငန် ငါးဖမ်းလုပ်ငန်း ၇၅၃ ခုမှ ငါး ၃၀၅၁၁ တန်နှင့် ပုစွန် ၁၁၄၅၉ တန် ထုတ်လုပ်နိုင်ခဲ့သည်။
ဖျာပုံမြို့နယ်အတွင်း၌ ပညာရေးကဏ္ဍတွင် အစိုးရအထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၂၀၊ အလယ်တန်းကျောင်းခွဲ ၃၈ ကျောင်း၊ မူလတန်းလွန် ၄၆ ကျောင်း၊ မူလ တန်းကျောင်း ၂၃၈ ကျောင်း ဖွင့်လှစ်ထားပြီး ကျန်းမာရေးကဏ္ဍတွင် ခုတင် ၂၀၀ ဆံ့ ခရိုင်ဆေးရုံကြီးအပါအဝင် အစိုးရဆေးရုံ ခြောက်ရုံနှင့် ပုဂ္ဂလိကဆေးရုံ နှစ်ရုံ ဖွင့်လှစ်ထားသည်။ ထို့အတူ ကျေးလက်ကျန်းမာရေးဌာန ၁၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၆၀ ကိုလည်း ဖွင့်လှစ်ထားသည်။
ဘာသာရေးကဏ္ဍအနေဖြင့် ဖျာပုံမြို့နယ်တွင် ဘုရား၊ စေတီ စုစုပေါင်း ၁၅၅ ဆူရှိသည့်အနက်  ဖျာပုံမြို့ပေါ်ရှိ ပြည်လုံးချမ်းသာ သာစည်ဘုရား၊ ရွှေနတ်ကူဘုရား၊ ရွှေသာလျောင်းဘုရားနှင့် ကျိက္ကမျွမ်စေတီတို့သည် အထင် ရှားဆုံးဖြစ်သည်။ မြို့နယ်အတွင်း၌ ဘုန်းကြီးကျောင်း ၂၈၄ ကျောင်းနှင့် သီလရှင်ကျောင်း လေးကျောင်းရှိပြီး ရဟန်း အပါး ၁၅၆ဝ၊ သာမဏေ ၁၀၉၂ ပါးနှင့် သီလရှင် ၁၂၉ ပါး သီတင်းသုံး နေထိုင်ကြသည်။
ကုန်းလမ်း၊ ရေလမ်းတို့မှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ဆက်သွယ်သွားလာ နိုင်ပြီး ဒေသစီးပွားရေးကောင်းမွန်သဖြင့် ဒေသနေပြည်သူများ၏ လူနေမှု ဘဝများသည်  ပုံမှန်တိုးတက်လျက်ရှိနေပေသည်။
ကျိုက်လတ်မြို့သို့
ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းနှင့် မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြချက် များအရ ကျိုက်လတ်မြို့ကို ခရစ်နှစ် ၁၈၄၀ ပြည့်နှစ်တွင် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ ရောက်ရှိလာသည့် မွန်လူမျိုးများက တည်ထောင်ခဲ့သည်။ ထိုစဉ်က ကျေးရွာကြီးတစ်ရွာဖြစ်သည့် ကျိုက်လတ်၏အနောက်ဘက် (ယခု ၆ ဖြတ်လမ်းနှင့် ၇ ဖြတ်လမ်းအကြား ဗိုလ်ချုပ်လမ်းနေရာ)၌ ရှိခဲ့သော ဉာဏ် တော်ကိုးတောင်ရှိသည့် စေတီသည် ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးနှင့်အတူ ပြိုကျခဲ့သဖြင့် မွန်ဘာသာစကားဖြင့် ကျိုက်လွိုက်(ဘုရားပြို)ဟု ခေါ်တွင်ခဲ့ရာမှ ကာလရွေ့လျောလာချိန်တွင် ကျိုက်လတ်ဟု ပြောင်းလဲခဲ့သည်။ ဘုရားပြိုကျ သည့်နေရာသည် မူကွဲများလည်းရှိနေခဲ့ကာ ၁၁ ဖြတ်လမ်းနှင့် ၁၂ ဖြတ်လမ်း အကြားရှိ ချောင်းငယ်အနီးမှ ပြိုကျခဲ့သည့် အုတ်စေတီဟောင်းကို အစွဲပြုလျက် ကျိုက်လွိုက်ဟု ခေါ်ဆိုခဲ့ကြောင်း ယူဆမှုများလည်းရှိသည်။
ထို့အတူ ကျိုက်လတ်မြို့ အရှေ့ဘက်ထိပ်ရှိ မြစ်သုံးခွဆိုင်၊ မြို့ဘက် ကမ်းတွင် ရေထဲသို့ပြိုကျနေသည့် စေတီတစ်ဆူရှိခဲ့သည်။ မအူပင်၊ ဒေးဒရဲ၊ တွံတေး၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ  စသည့်မြို့များသို့ သွားလာကြသည့်   လှေသမ္ဗန်များသည်  ယင်းနေရာတွင်ရပ်နားကာ ရေ အတက်အကျစောင့်ကြသဖြင့် မွန်လူမျိုးများက ဘုရားပြိုဟု အမှတ်အသားပြု ခဲ့ကြောင်းလည်း ဆိုခဲ့ကြသည်။
ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင် ကျိုက်လတ်ကို မြို့အဖြစ်ထူထောင်ပြီး ၁၈၈၂ ခုနှစ်တွင် အင်္ဂလိပ်မြို့အုပ် မစ္စတာမက္ကဆွဲနှင့် အတွင်းရေးမှူး ဦးစိန်ထူးတို့က ပန်တပွတ်မြစ်ကမ်းပေါ်၌  မြို့ကွက်ရိုက်ခဲ့သည်။  ကျိုက်လတ်မြို့နယ်သည် ခရစ်နှစ် ၁၈၇၅ ခုနှစ်က ဖွဲ့စည်းခဲ့သည့် သုံးခွခရိုင်တွင် မအူပင်မြို့နယ်နှင့်အတူ ပါဝင်ခဲ့ပြီး ၁၉၀၃ ခုနှစ်မှစ၍ ဖျာပုံခရိုင်တွင် ပါဝင်ခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် ကျိုက်လတ်မြို့ကော်မတီကို ဖွဲ့စည်း၍ ၁၉၀၅ ခုနှစ်တွင် မြူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းကာ ၁၉၀၅ ခုနှစ် မေ ၂၇ ရက်တွင် မြူနီစီပယ်နှင့် ဒေသန္တရအဖွဲ့က မြို့အဖြစ် သတ်မှတ်ခဲ့သည်။
ယခုအချိန်တွင် ကျိုက်လတ်မြို့နယ်ကို ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ ကျေးရွာ ၄၂၁ ရွာဖြင့် ဖွဲ့စည်းထားပြီး ကျိုက်လတ်မြို့သည် ၁ ဒသမ ၂၂ မိုင်သာ ကျယ်ဝန်းသည့် မြို့ငယ်တစ်ခုဖြစ်၍ မြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ ၂၇၄ ဒသမ ၃၁ စတုရန်းမိုင်ဖြစ်သည်။ ကျိုက်လတ်မြို့နယ်၏ အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်၊ အနောက်ဘက်တွင် ဝါးခယ်မနှင့် မော်လမြိုင် ကျွန်းမြို့နယ်၊ တောင်ဘက်တွင် ဖျာပုံမြို့နယ်နှင့် မြောက်ဘက်တွင် မအူပင် မြို့နယ်တို့ တည်ရှိသည်။
မြစ်ချောင်းများပေါများပြီး မြေပြန့်ဒေသတစ်ခုဖြစ်သည့် ကျိုက်လတ် မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆ ဒသမ ၅၃ ပေမြင့်ကာ မြစ် ချောင်းများက ဝိုင်းပတ်နေသည့်တိုင် ရေကြီးရေလျှံမှုများ  ဖြစ်ပွားမှုနည်းပါး ခဲ့သည်။ သို့သော်  သဘာဝလေပြင်းမုန်တိုင်းဒဏ်များကို ၁၉၇၂၊ ၁၉၇၆၊ ၂၀၀၆ နှင့် ၂၀၀၈ ခုနှစ်များတွင် ရင်ဆိုင်ခဲ့ရသဖြင့် လူနှင့်တိရစ္ဆာန်များ သေဆုံးခဲ့ရပြီး အဆောက်အအုံများ ပျက်စီးခဲ့သည်။ နှစ်စဉ် မိုးရေချိန်လက်မ ၁၀၀ အထက် ရွာသွန်းလေ့ရှိသည့် ကျိုက်လတ်မြို့နယ်တွင် စပါးကို အဓိကစိုက်ပျိုးပြီး အုန်းသီး၊ ကွမ်းသီး၊ ကွမ်းရွက်၊ ငှက်ပျောနှင့် သရက်များလည်း ထွက်ရှိသည်။ မြို့နယ်အတွင်း၌ ဆန်စက် ၄၃ လုံးနှင့် တစ်နိုင်တစ်ပိုင်ကြိတ်ခွဲသည့် ဟာလာ ဆန်စက် ၂၀၂ လုံးရှိကာ ရန်ကုန်နှင့် အညာဒေသများသို့  ဆန်များတင်ပို့ ရောင်းချသည်။
ပူအိုက်စွတ်စိုသည့် ရာသီဥတုရှိသော ကျိုက်လတ်မြို့နယ်သည် အပူချိန် ၁၈ ဒီဂရီမှ ၃၉ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ၍  လွန်ခဲ့သည့်သုံးနှစ်အတွင်း နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၁၆ ဒသမ ၀၈ လက်မ ရွာသွန်းခဲ့သည်။ မြို့နယ် အတွင်း၌ သဘာဝပေါက်ပင်များဖြစ်သည့် ကုက္ကို၊ လမု၊ မိုးမခနှင့် ဓနိပင်များ ပေါက်ရောက်လျက်ရှိကာ တောရိုင်းတိရစ္ဆာန်များ မရှိချေ။
ကျိုက်လတ်မြို့နယ်တွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြကာ ကရင် တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ ၂၀၁၈ စက်တင်ဘာလကုန်အထိ ကျိုက်လတ်မြို့နယ် လူဦးရေသည် ၁၉၅၀၅၂ ဦးဖြစ်၍ မြို့နယ်လူဦးရေ၏ ၉၀ ဒသမ ၉၉ ရာခိုင်နှုန်း (၁၇၇၄၉၁ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်းရှိသည်။
မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့်  အဓိကအသက် မွေးကြကာ မြို့နယ်အတွင်း၌ အသားတင်စိုက်ပျိုးမြေ ၁၄၉၇၉၄ ဧကရှိ၍ နွေ စပါးနှင့် မိုးစပါးကို အများဆုံးစိုက်ပျိုးသည်။ ဆန်စပါးထွက်ရှိမှု မြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်က ဆန်ဖူလုံမှု ၅၂၈ ဒသမ ၃၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ထို့အတူ ရေချိုရေငန် ငါးဖမ်းလုပ်ငန်း ၇၈ ခုမှ ငါးတန်ချိန် ၇၄၀ နှင့် ပုစွန် ၁၉၃ တန် ထုတ်လုပ်နိုင်ခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင်   ပညာရေးကဏ္ဍ၌  အစိုးရစက်မှုသိပ္ပံ  တစ် ကျောင်း၊ အစိုးရအထက်တန်းကျောင်း ၁၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ရှစ်ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၅ ကျောင်း၊ မူလတန်းလွန် ၃၂ ကျောင်း၊ မူလတန်းကျောင်း ၁၂၁ ကျောင်း ဖွင့်လှစ် ထားသကဲ့သို့ ကျန်းမာရေးကဏ္ဍတွင် ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ အပါ အဝင် အစိုးရဆေးရုံ တစ်ရုံ၊ တိုက်နယ်ဆေးရုံတစ်ရုံနှင့်  အစိုးရဆေးပေးခန်း သုံးခန်း ဖွင့်လှစ်ထားသည်။ ထို့အတူ ကျေးလက်ကျန်းမာရေးဌာန ခုနစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၄ ခု ဖွင့်လှစ်ထားသည်။
ဘာသာရေးကဏ္ဍ၌ ကျိုက်လတ်မြို့နယ်တစ်ခုလုံးတွင် ဘုရားစေတီပေါင်း ၅၂၃ ဆူ ရှိသည့်အနက် ကျိုက်လတ်မြို့ပေါ်ရှိ တိလောကမာရဇိန်၊ စန္ဒာမုနိနှင့် ရပ်တော်မူဘုရားတို့သည် အထူးထင်ရှားကြသည်။ မြို့နယ်အတွင်း၌ ဘုန်းကြီး ကျောင်း ၂၂၈ ကျောင်းနှင့် သီလရှင်ကျောင်း ရှစ်ကျောင်းရှိပြီး ရဟန်း ၈၃၆ ပါးနှင့် သာမဏေ ၂၈၄ ပါး  သီတင်းသုံးနေထိုင်ကြသည်။
ယခင်က ကျိုက်လတ်မြို့နယ်သူ၊ မြို့နယ်သားများသည် သယ်ယူပို့ဆောင် သွားလာရေးတွင် ရေလမ်းကိုသာ အသုံးပြုခဲ့ကြရသည်။ ရေလမ်းကြောင်း အတိုင်း ရန်ကုန်မြို့မှ ၄၈ မိုင်၊ မအူပင်မြို့မှ ၁၆ မိုင်၊ မော်လမြိုင်ကျွန်းမြို့မှ ၄၅ မိုင်ကွာဝေးသည့်  ကျိုက်လတ်မြို့ကိုဖြတ်သန်း၍   ရန်ကုန်-မအူပင်-ကျိုက်လတ်-ဖျာပုံ-ဘိုကလေး ကားလမ်းကို ၁၉၉၇ ခုနှစ်က ဖောက်လုပ်ခဲ့သည်။
ဘိုကလေးမြို့သို့
လွန်ခဲ့သည့်နှစ် ၁၀၀ ကျော်က ဘိုကလေးမြို့နေရာသည် သားကောင်များ ပေါများသည့် တောနက်ကြီးတစ်ခုဖြစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းတွင် ဖော်ပြထားသည်။ မြန်မာ့စွယ်စုံကျမ်းတွင် လွန်ခဲ့သည့် နှစ် ၆၀-၇၀ ခန့်က ယခု ဘိုကလေးမြို့ တစ်ဖက်ကမ်းတွင် ကနစိုတောကြီးရှိခဲ့ ကြောင်း၊ အင်္ဂလိပ်ကပြား မုဆိုးတစ်ဦးသည် ယခု ဘိုကလေးမြို့နေရာအနီးရှိ
နတ်ချောင်းဝ၌ ဗိုလ်တဲသဏ္ဌာန် အိမ်တစ်လုံးဆောက်၍ နေထိုင်ခဲ့ကြောင်း၊ နတ်ချောင်းကမ်းစပ်တွင် အိမ် လေးငါးလုံးရှိခဲ့ပြီး ယင်းနေရာကို အင်္ဂလိပ်ကပြား မုဆိုးကိုအစွဲပြုလျက်   ဗိုလ်တဲစုဟု ခေါ်ဆိုခဲ့ရာမှ တစ်စတစ်စ လူနေထိုင်မှု များပြားလာချိန်တွင်  ဗိုလ်ကလေး(ဘိုကလေး)ဟု ခေါ်တွင်ခဲ့ကြောင်း ရေးသား ထားသည်။
ဘိုကလေးမြို့နယ်သည်  အရှေ့မှ  အနောက်သို့  ၃၃  ဒသမ ၉၄ မိုင်နှင့် တောင်မှမြောက်သို့ ၃၈ ဒသမ ၀၂ မိုင် ရှည်လျားကာ ဧရိယာ ၈၆၈ ဒသမ ၈၈ စတုရန်းမိုင် ကျယ်ဝန်းပြီး ဘိုကလေးမြို့သည် ၁ ဒသမ ၅၅ စတုရန်းမိုင် ကျယ် ဝန်းသည်။ ဘိုကလေးမြို့နယ်၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်သည် ပျမ်းမျှ ၈ ဒသမ ၂ ပေ ဖြစ်သည်။ မြို့နယ်ကို ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၇၆ အုပ်စု၊ ကျေးရွာ ၅၇၅ ရွာဖြင့် ဖွဲ့စည်းထားကာ အရှေ့ဘက်တွင် ဖျာပုံ မြို့နယ်၊ အနောက်ဘက်တွင် လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ တောင် ဘက်တွင် အမာမြို့နှင့် မြောက်ဘက်တွင် ကျိုက်လတ်မြို့နယ် တည်ရှိသည်။
ပူအိုက်စွတ်စိုသည့် ရာသီဥတုရှိသော ဘိုကလေးမြို့နယ်သည် အပူချိန် ၁၈ ဒီဂရီနှင့် ၄၀ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ၍ လွန်ခဲ့သည့် သုံးနှစ်အတွင်း နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၃၂ ဒသမ ၆၆ လက်မ ရွာသွန်းခဲ့သည်။ မြို့နယ် အတွင်း၌ ကနစို၊ လမု အပါအဝင် သဘာဝပေါက်ပင်များ ပေါက်ရောက်လျက် ရှိကာ တစ်ချိန်က မီးသွေးဖုတ်သည့်လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်ခဲ့သည်။ ဘိုကလေးမြို့နယ်အတွင်း နို့တိုက်သတ္တဝါ မျိုးစိတ် ၁၄ မျိုး၊ တွားသွားနှင့် ကုန်းနေရေနေသတ္တဝါ မျိုးစိတ် ၃၆ မျိုး၊ လိပ်ပြာ မျိုးစိတ် ၃၅မျိုး၊ ငှက်မျိုးစိတ် ၁၄၈ မျိုး၊ ငါးမျိုးစိတ် ၆၂ မျိုး၊ ပုစွန်မျိုးစိတ် ၁၂ မျိုးနှင့် ကဏန်းမျိုးစိတ်ကိုးမျိုး   နေထိုင်ကျက်စားလျက်ရှိပြီး ရေချိုရေငန်စပ် မိကျောင်းများကိုလည်း တွေ့ရှိနိုင် သည်။ ၂၀၁၈  စက်တင်ဘာလကုန်တွင်  ဘိုကလေးမြို့နယ်၏  လူဦးရေသည် ၃၄၅၄၄၀  ဖြစ်၍ ဗမာလူမျိုးများက အများဆုံးဖြစ်ပြီး   ကရင်နှင့်  ရခိုင်တိုင်းရင်း သားများလည်း  နေထိုင်ကြသည်။ မြို့နယ်လူဦးရေ၏ ၉၅ ဒသမ ၆၄ ရာခိုင်နှုန်း(၃၃၀၃၈၈ ဦး)သည်  ဗုဒ္ဓဘာသာကို  ကိုးကွယ်ကြကာ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်းရှိသည်။
မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း တို့ဖြင့်  အဓိကအသက်မွေးကြကာ မြို့နယ်အတွင်း၌ အသားတင်စိုက်ပျိုးမြေ ၃၃၀၆၈၄ ဧကရှိ၍ နွေစပါးနှင့် မိုးစပါးကို အများဆုံးစိုက်ပျိုးကြသည်။ ဆန်စပါး ထွက်ရှိမှုမြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်က ဆန်ဖူလုံမှု ၄၃၅ ဒသမ ၄၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ထို့အတူ ရေချိုရေငန်ငါးဖမ်းလုပ်ငန်း ၃၆၂ ခုမှ ငါး တန်ချိန် ၂၈၀၀၀ နှင့် ပုစွန်တန်ချိန် ၃၈၇၆၀ ထုတ်လုပ်နိုင်ခဲ့သည်။
ဘိုကလေးမြို့နယ်အတွင်း၌ ပညာရေးကဏ္ဍတွင် အစိုးရအထက်တန်း ကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ခုနစ်ကျောင်း၊ အလယ်တန်း ကျောင်း ၁၇ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၅၂ ကျောင်း၊ မူလတန်းလွန် ၆၄ ကျောင်း၊ မူလတန်းကျောင်း ၃၃၃ ကျောင်း ဖွင့်လှစ်ထားသကဲ့သို့ ကျန်းမာ ရေးကဏ္ဍတွင် ခုတင် ၁၀၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ ခြောက်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၁ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၆၆ ခုကို ဖွင့်လှစ်ထားသည်။
ဘာသာရေးကဏ္ဍအနေဖြင့် ဘိုကလေးမြို့နယ်တွင် ဘုရား၊ စေတီပေါင်း ၅၇၀ ရှိသည့်အနက် မြို့ပေါ်ရှိ  အောင်စကြာစေတီ၊  အောင်တော်မူဘုရား၊ မြစိမ်းရောင်ဘုရားနှင့် ပေချောင်းကျေးရွာရှိ ကံ့ကော်တစ်ထောင်ဘုရားတို့သည်  ထင်ရှားသည်။ မြို့နယ်အတွင်း၌ ဘုန်းကြီးကျောင်း ၄၄၀ နှင့် သီလရှင်ကျောင်း ၁၄ ကျောင်းရှိ၍ ရဟန်း ၁၄၀၉  ပါး၊ သာမဏေ ၅၉၈ ပါးနှင့် သီလရှင် အပါး ၅၀ သီတင်းသုံး နေထိုင်ကြသည်။
ဒေးဒရဲမြို့သို့
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ဒေးဒရဲမြို့သည် ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်ကာ ဒလမြို့မှ ၅၆၅ ကီလိုမီတာသာ ကွာဝေးပြီး ၄၀၈၈ ပေရှည်လျားသည့် ဒေးဒရဲတံတားကို ၂၀၀၃ ခုနှစ်က တည်ဆောက်ခဲ့ပြီး နောက် ဒေးဒရဲမြို့သို့ ကားဖြင့် အချိန်တိုအတွင်း သွားရောက်နိုင်သည်။
ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းများအရ ဒေးဒရဲမြို့သည် ခရစ်နှစ် ၁၄၇၅ ခုနှစ် မတိုင်မီကပင် ရှိခဲ့ပြီး မွန်လူမျိုးများနေထိုင်ခဲ့ကာ မွန်ဘာသာဖြင့် "ဒေးဒြဲာ"ဟု ခေါ်ဆိုခဲ့ကြသည်။ ဒေးသည် ကုန်း၊ ဒြဲာသည် သမင်ဟု အဓိပ္ပာယ် ရှိသဖြင့် သမင်များနေထိုင်သည့်ကုန်းဟု ဆိုလိုသည်။ ကာလရွေ့လျောလာချိန် တွင် ဒေးဒြဲာမှ ဒေးဒရာယ်၊ ဒေးဒရဲဟု ပြောင်းလဲခဲ့သည်။ လွတ်လပ်ရေးရရှိပြီးချိန် တွင် ဒေးဒရဲကို အထက်ပိုင်းနှင့် အောက်ပိုင်းဟု သူကြီးပိုင်နယ်မြေနှစ်ခု ထားရှိ ခဲ့ကာ ၁၉၆၄ ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒေးဒရဲ မြို့နယ်ကို ဖွဲ့စည်းခဲ့သည်။
ဒေးဒရဲမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၅ မိုင်နှင့် တောင်မှမြောက်သို့ ၁၇ မိုင် ကျယ်ဝန်းကာ ဧရိယာ ၄၀၁ ဒသမ ၇၁၄ စတုရန်းမိုင်ရှိပြီး ဒေးဒရဲမြို့ သည် ၁ ဒသမ ၄၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ ဒေးဒရဲမြို့နယ်၏ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်သည် ပျမ်းမျှ ၈ ဒသမ ၃ ပေဖြစ်သည်။ ဒေးဒရဲ မြို့နယ်ကို ရပ်ကွက် သုံးခု၊ ကျေးရွာအုပ်စု ၉၀၊ ကျေးရွာ ၃၉၀ ဖြင့် ဖွဲ့စည်းထား ကာ အရှေ့ဘက်နှင့် တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ အနောက်ဘက်တွင် ဖျာပုံနှင့် ကျိုက်လတ်မြို့နယ်နှင့် မြောက်ဘက်တွင် ကွမ်းခြံကုန်းနှင့် ကော့မှူး မြို့နယ်တို့ တည်ရှိကြသည်။
ပူနွေးစွတ်စိုသည့် ရာသီဥတုရှိသော ဒေးဒရဲမြို့နယ်သည် အပူချိန် ၁၈ ဒီဂရီနှင့် ၄၀ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ၍ လွန်ခဲ့သည့်သုံးနှစ်အတွင်း  နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၉၇  ဒသမ ၀၁ လက်မ ရွာသွန်းခဲ့သည်။ မြို့နယ်အတွင်း၌ ကနစို၊ လမု၊ ကုက္ကို အပါအဝင် သဘာဝပေါက်ပင်များ ပေါက်ရောက်လျက်ရှိပြီး တောရိုင်းတိရစ္ဆာန်များ မရှိချေ။
၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင်  ဒေးဒရဲမြို့နယ်၏  လူဦးရေသည် ၂၂၈၆၀၇ ဦးဖြစ်၍ ဗမာလူမျိုးများက အများဆုံးဖြစ်ကာ ကရင်တိုင်းရင်းသား များလည်း နေထိုင်ကြသည်။ မြို့နယ်လူဦးရေ၏ ၉၈ ဒသမ ၄၆ ရာခိုင်နှုန်း (၂၂၅၁၀၀ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စ လာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်းရှိသည်။
မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း တို့ဖြင့်  အဓိကအသက်မွေးကြကာ မြို့နယ်အတွင်း၌ အသားတင် စိုက်ပျိုး မြေ ၁၈၉၆၆၂ ဧကရှိ၍ နွေစပါးနှင့်  မိုးစပါးကို  အများဆုံးစိုက်ပျိုးကြသည်။ ဆန်စပါးထွက်ရှိမှု မြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်က ဆန်ဖူလုံမှု ၄၁၆ ဒသမ   ၆၁   ရာခိုင်နှုန်းရှိခဲ့သည်။  ရေချိုရေငန်ငါးဖမ်းလုပ်ငန်း  ၁၀၈   ခုမှ ငါး ၇၇၃၁ တန်နှင့် ပုစွန် ၈၃၇၅၆ တန်ကိုလည်း ထုတ်လုပ်နိုင်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ပညာရေးကဏ္ဍတွင် အစိုးရအထက်တန်းကျောင်း ၁၈ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၂၉ ကျောင်း၊ အလယ်တန်းကျောင်းခွဲ တစ်ကျောင်း၊ မူလတန်းကျောင်း ၁၆၀ ဖွင့် လှစ်ထားသကဲ့သို့ ကျန်းမာရေးကဏ္ဍတွင် ခုတင် ၅၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၁၀ ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ ၅၂ ခုကို ဖွင့်လှစ်ထားသည်။
ဘာသာရေးကဏ္ဍအနေဖြင့် ဒေးဒရဲမြို့နယ်တွင် ဘုရား၊ စေတီ ၃၈၅ ဆူ ရှိသည့်အနက် ဒေးဒရဲမြို့ပေါ်ရှိ ကျိုက်ဒေးယျုံစေတီနှင့် ရွှေဘုန်းပွင့်ဘုရားတို့ သည်  ထင်ရှားပြီး မြို့နယ်အတွင်း၌ ဘုန်းကြီးကျောင်း ၂၆၆ ကျောင်းရှိ၍ ရဟန်း ၉၂၆ ပါးနှင့် သာမဏေ ၅၂၃ ပါး သီတင်းသုံးနေထိုင်ကြသည်။
အေးချမ်းသာယာသည့် မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖျာပုံခရိုင်သည် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများအတွက် စားရေ ရိက္ခာ ဆန်စပါးကို  အများအပြားထုတ်လုပ်ပေးနေသလို ပြည်သူများ၏ လူမှု စီးပွားဘဝများသည် ပုံမှန်တိုးတက်နေကြောင်း မြင်တွေ့ခဲ့ရပေသည်။   ။
ကိုးကား
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)(၅)(၇)(၈)
၂။ မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ
   (ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲ)

No comments:

Post a Comment