Latest News

Friday, August 16, 2019

ပညတ် မှာရပ် - ဒုက္ခပတ် တဲ့ ကမ္ဘာ


အခန်း ( ၈ )

ပညတ် မှာရပ် - ဒုက္ခပတ် တဲ့ ကမ္ဘာ

မိမိတို့သည် ဗုဒ္ဓဘာသာဝင် များသာ ဖြစ်ကြကုန်သည် ဟု - အပီအပြင် ခံယူထားကြပါသော်လဲ ရွှေမြန်မာ များမှာ - ကမ္ဘာသူ ကမ္ဘာသား များစွာ နည်းတူ ပညတ်ကို လဲ မပါယ်သတ် နိုင် -ပရမတ်ကို တကယ်မကပ် နိုင် - သာမန် ပုထုဇဉ်တွေအဖြစ် -နေ့စဉ်-အမှုအခင်းများကို ရင်ဆိုင်- ငြင်းခုန်ရန်စောင်- ပညတ်ချင်း ထပ် - ဒုက္ခပတ်လို့ပျော်ကြရှာပါတယ်။နိုင်ငံတော်ဆိုသည်မှာ - လူထုခေါင်းဆောင်ဆိုသည်မှာ - အမျိုးသားခေါင်းဆောင် ဆိုသည်မှာ ။ ပြည်ထောင်စု တိုင်းရင်းသားများဆိုသည်မှာ ။ အမျိုးသားနိုင်ငံရေး-ပါတီနိုင်ငံရေးဆိုသည်မှာ အဲလို စကားတွေရဲ့ အဓိပ္ပါယ်များကို ဖက်တဖက်ဆီ ရပ်လို့ အဖြေရှာတတ်ကြပါတယ်။ ဗိုလ်ချုပ်ကျောက်ရုပ်နေရာကျရေး - လူတိုင်းကြိုက် နိုင်ငံတော် အလံဖြစ်ရေး။ ပါတီဦးပိုင်ရေး ။ ပါတီလိုဂိုမူပိုင်ရေး ။ သမဂ္ဂများ မူပိုင်ရေး ။ တိုင်းရင်းသားအထူအပါး။နယ်မြေအပိုင်းအခြားသတ်မှတ်ချက်များ အပြီးအပြတ်သတ်မှတ်ရေး ။ နိုင်ငံတကာဆုများ မြန်မာအမှုများကို ပူးတွဲစဉ်းစားရေး ။ ခေါင်းပေါင်းကိုဘယ်ညာချရန်အရေး - အလံပေါ်က ငှက်အမျိုးအစားကြယ်အရေအတွက် များကို စဉ်းစားရေး စသဖြင့် ပညတ်ခြင်း ကဏ္ဍမှာ နိုင်ငံတကာထက် နောက်ကျသည် မဆိုသာပေ။

ကမ္ဘာ့သမိုင်း လူ့ သမိုင်း သက္ကရာဇ်ရထား က တရွေ့ရွေ့ ရှေ့ကို သာ သွား ။နောက်ကြောင်းပြန်မလှည့် အားပါ ။ အမှုမဲ့ အမှတ်မဲ့ မဟုတ်ပဲ ၂၀ ရာစုတခုထဲ ပိုင်းဆစ်သရုပ်ခွဲကြရင်တောင် မဝေးလှသေးတဲ့ ကမ္ဘာစစ်ကြီးတွေ မဖြစ်ခင်နဲ့ ဖြစ်ပြီး ကြား ထဲမှာ နိုင်ငံများစွာပျောက်ကွယ်သွားတယ် ။နိုင်ငံ များစွာဖြစ်ထွန်း လာ တယ်ဆိုတာ မေ့ပစ်လိုက်ဖို့ မသင့်ကြဘူး ။ စနစ်တချို့ တိမ်မြုပ်။ စနစ် တချို့စည်ပွါးလာတာ အရှိတရားပဲ။ တိုင်းပြည် မြေပုံများစွာ တိုင်းပြည် အလံများစွာ ပြောင်းခဲ့ ပါတယ်။ အော်တိုမန်အင်ပါယာ မရှိတော့။ ဗြိတိသျှ အင်ပါယာနေ၀င်ခဲ့။ ဆိုဗီယက်ပြည်ထောင်စုကြီးသည် မဟာရုရှားတို့အဖို့ အတိတ်က လွမ်းမောဘွယ် ။ယူဂိုစလားဗီးယား မြေပုံသည် ဆဗ်လူမျိုးတို့ဧ။်ပျောက်ဆုံးသွားသောအိမ်မက်ပန်းချီ တချပ်မျှ။ ကိန္ဒရီချောင်းခြား ပြဇာတ်ကသလို အရှေ့ဂျာမဏီ အနောက်ဂျာမဏီ ပြည်ထောင် ၂ခု လည်း ခုတော့ ဇာတ်ပေါင်းခန်း ကားလိပ်ချခဲ့ပြီ။ ၀ါဒ ၂ခု လုယက်ခြင်းဒဏ်မှ လွတ်ကင်း ။ တခါဖြင့် ဖယ်ဒရေး ရှင်း နိုင်ခဲ့ပြီ။ ။အသက်ကြီးကြီး ဒတ်ခ်ျ အဖိုးကြီး တွေခေါ်ခဲ့ကြသော သူတို့အဖနိုင်ငံတော် ဟော်လန်ဟာ အခု နိုင်ငံတကာမျက်နှာစာမှာ တရားမ၀င်နိုင်တော့ ။ ဒီရာစုခွင်မှာ သူဟာ ၁၂ပြည်ထောင်စား -နယ်သာလင် ။ တရားဝင်ပြင်ဆင်ပညတ်ခဲ့ပြီးပြီ ။
ငယ်ငယ်က ကျွန်တော်တို့ ပထ၀ီမှာ ကျက်မှတ်ခဲ့ရတဲ့ သီဟို ( အင်္ဂလိပ်အသံ စီလုံ ) ကို ခုခေတ်ခလေးတွေ များ သွား - မမေးလေလင့်။ စီလုံ ဆို သူတို့ မသိ ။ သီရိလကာင်္ ဆိုမှ သိတော့မည် ။ခမာရီပတ်ဘလစ်( Khmer Republic) ရယ်လို့ ၁၉၇၀လောက်မှာ ဗိုလ်ချုပ်ကြီးလုံနိုးတို့ က အမေရိကန်မစမှု နဲ့ ၅နှစ်လောက် ပညတ်ခွင့် ရလိုက်တယ်။၁၉၇၆ ကျတော့ ဗိုလ်ချုပ်ကြီးလုံနိုးထွက်ပြေး။ အဓိပတိ မင်းသားကြီး သီဟာနုကို အနားပေး။ ခမာနီတွေတန်ခိုးထွားတဲ့ အခိုက် သုံးနှစ်တဖြတ်( ၁၉၇၆ -၇၈ ) ဒီမိုကရက်တစ်ကမ်ပူးခြား ( Democratic Kampuchea)ဖြစ်သွား လိုက်ရတယ်။ ခေါင်းဆောင် ပိုပေါ့ အစွမ်းနဲ့ ခမာတွေ နီချိန်ခဏ တိုင်းပြည်လဲ လူသတ်ကွင်းထဲကျ ( Killing Field ) ခဲ့ဖူးတယ်။ ခုတော့ ကမ္တောဒီးယား လို့ခေါ်မှ ခလေးတွေ သိကြတော့မယ်။

အာဖရိကမှာလည်း ပညတ်ဒုက္ခ သိတ်ထူးလှတာမဟုတ်ဘူး။ စစ်ကြီးပြီးတော့ -ဆူဒန်- မော်ရိုကို - တူနီးရှား -ဂါနာ အဲသလို တိုင်းပြည်အသစ်တွေ မြေပုံဆွဲကြ။ တက်တက်ကြွကြွ သူတို့နေရာဋ္ဌါနတွေကို နိုင်ငံအသစ် နံမည်အသစ် အလံအသစ် တွေပေးလို့ နိုင်ငံ ပေါင်း ၃၀တောင် အသစ်ပေါ်လာပါရဲ့ ။ ငဲ့ကြည့်ရင် သူ့အရင်ကတော့ အင်္ဂလိပ်ပြင်သစ်ဘယ်ဂျီယံ အဲလို နိုင်ငံကြီးတွေလက်ခုတ်ထဲက လိုနီနယ်တွေဖြစ်ခဲ့ကြတာပေါ့။ တကယ် အရှိတရားက ဒီမြေ ဒီရေ ဒီလူတွေ ပါ။ အခြေအနေပြောင်းလို့သာ နံမည်ပြောင်းအလံပြောင်းကုန်ကြရတာ။
ခုလို နိုင်ငံအသီးသီးရလာကြတော့လဲ အေးပြီလား မေး- မအေးပါ။နောက်ထပ် မြေအသစ် နံမည်အသစ် အလံအသစ် ၀ါဒ အသစ်အတွက် တိုက်ခိုက်နေကြတုန်းပါပဲ။

အင်တာနက်မှာ ( Conflicts in Africa ) အာဖရိက ပဋိပက္ခများ ဆိုပြီး ဂူဂဲလ်ခေါက်လိုက်တာနဲ့ နိုင်ငံ ၅၀ လောက် စစ်ပွဲ ၅၀ ဆိုရမလောက် ထွက်ကျလာမှာပါ။ လွတ်လပ်ချင်ကြလို့။ ခွဲနေချင်ကြလို့။ သူ့အယူဝါဒ တခုထည်း ပြန့်ချင်လို့ ။ အကြောင်းမျိုးစုံ ပညတ်မျိုးစုံချင်ကြတာပေါ့။

လူသားတွေရဲ့ ဘ၀မှာ တကယ်မဟုတ်ပေမယ့် ဒီပညတ် ပြဋ္ဌါန်းချက်တွေ ဟာ တကယ်ပဲ အရေးကြီးတယ် ဆိုတဲ့အကြောင်း ပါမောက္ခ ဟာရာရီက ပြင်သစ်က ထုတ်လုပ်တဲ့ ပျူးဂျိုး ( Peugeot ) ဆိုတဲ့ ကားအမျိုးအစားတခုနဲ့ ဥပမာပေးပါတယ်။ ကားခေါင်းထိပ်မှာ လူကိုယ်- ခြင်္သေ့ခေါင်း လိုဂို အရုပ်လေးတရုပ်တပ်ထားတဲ့ ကားအမျိုးအစားပေါ့။
အဲဒီ အရုပ်ရာဇ၀င်က ဂျာမဏီ ရှေးဟောင်းဂူတခုထဲကနေ ရထားတာ။ ကာဗွန်နည်းနဲ့ သူ့ သက်တမ်းကိုစစ်ဆေးကြည်တာမှာ ရှေးဟောင်းဆင်စွယ်နဲ့လုပ်ထားတဲ့ နှစ် ၄သောင်းလောက်က အရုပ်လေးဆိုပဲ ။
ထိုးဇာတ်ထဲက အစွမ်းရှိတဲ့ အကောင်လေးပါပဲ။
ဒီလိုဂိုနဲ့ ပျူးဂျိုး ကားတွေ စထုတ်တာ ၁၈၉၀လောက်ကတည်းက။ ပျူးဂျိုး နံမည် ဘယ်လောက်ခိုင်လဲဆို တကမ္ဘာလုံးမှာ ရှိ ရှိသမျှ ပျူးဂျိုးကားတွေကို ဖျက်ဆီးပစ်လိုက်ပါစေ။ ထုတ်လုပ်သမျှ စက်ရုံတွေအကုန်ုလုံးကိုလဲ ဖျက်ဆီး ဖျောက်ပစ်လိုက်ပါစေ။ ရှိ ရှိသမျှဝန်ထမ်းအင်ဂျင်နီယာအားလုံး အသက်မရှင်နဲ့ဦး။ ပျူးဂျိုး ကားနံမည် ကကျန်နေသေးတယ်။ တန်ဖိုးရှိသေးတယ်။ နံမည်ဟာ အကောင်အထည် မရှိပေမယ့် ကျန်နေမယ်။ တကယ်ရုပ်ဝတ္တု မဟုတ်ပေမယ့် ကျန်တယ်။ ပိုက်ဆံတတ်နိုင်လို့ ကားတွေ ပြန်ထုတ်ရင် ထုတ်ခဲ့ရင် ပြန်ထုတ်ခွင့် ရှိတယ်။
သူ့ကို တကယ်ဖျောက်ဖျက်ခွင့်ရှိတာ တကယ်အမိန့်ရ တရားသူကြီးပဲတဲ့။ တရားသူကြီးကသာ လုံလောက်တဲ့ အကြောင်းနဲ့ တရားရုံးမှာ ပျူးဂျိုး နံမည်ကို ပြန်လည်ရုတ်သိမ်းလိုက်တယ်လို့ အမိန့်ချတာနဲ့ တပြိုက်နက်ထဲ- တဆက်တည်း ပျူးဂျိုးဆိုတဲ့ နံမည်ဟာ လူတွေကြားမှာ ပျက်ပြယ်သွားသ တဲ့။ စက်ရုံတွေ ကျန်နေပါစေ။ ပျူးဂျိုး ကားတွေလဲ ကမ္ဘာအနှံ့ ကျန်နေပါစေ။ ပျူးဂျိုးစက်ရုံဝန်ထမ်းနဲ့ အလုပ်သမားတွေ ကုမ္ပဏီအကြီးအကဲတွေ ရှယ်ယာရှင်တွေ ငွေကြေးဓနတွေ အကုန် ဒီအတိုင်းရှိနေပါစေ။ ပျူးဂျိုး ဟာ ပျက်ပြယ် ။အသက်မ၀င် အသက် မရှိတော့ဘူးလို့ လူသားတွေက နားလည်ကြတယ်။ လက်ခံပေးကြပါတယ်တဲ့။ ဒါကို ဥပဒေမှာ legal Fiction လို့ခေါ်ပါသတဲ့။ ပညာရှင်တွေ ပါးစပ်မှာတော့ ဒါကို imagined realities, ( စိတ်ကူးအမှန်တရား ) social constructs လူမှု ပြဋ္ဌါန်းချက်များ fictions စိတ်ကူးထဲက အမှန်တရားတွေပေါ့။ ဒီလို တကယ်မရှိတဲ့ နံမည်တွေကို တကယ်ရှိသယောင်တန်ဖိုးထား ယုံကြည်တတ်တာ လူတွေမှာပဲ တတ်နိုင်လုပ်နိုင်တဲ့ မဟာအရည်အသွေးတခု အလုပ်တခုလို့ဆိုပါတယ်။ ဒါကြောင့်လဲ နိုင်ငံတော်။ မြေပုံ။ အလံ ။ ဘာသာ ။ ၀ါဒ။ ဘဏ် ။ ကော်ပိုရေးရှင်း ။ ဥပဒေတွေဟာ တကယ်မရှိပေမယ့် ရှိသယောင်ဖြစ်ပြီး အားကောင်းခိုင်မာကြရတာ ပဲတဲ့။
ခရစ်ယာန် ဘုန်းတော်ကြီးတပါး ဆီက ပေါင်မုန့်နဲ့ ၀ိုင် ကို ခရစ်တော်ရဲ့ သွေးသားအဖြစ်တန်ဖိုးထားနိုင်တာ ဒီလိုယုံကြည်မှုမျိုးပဲတဲ့။ဒီလိုယုံကြည်မှုနဲ့ လူသန်ပေါင်းများစွာ စုစည်းတည်ဆောက်နိုင်ကြတာ တဲ့။
ဒါကြောင့် နံမည်သာ ကွဲတာ။ ဂျာမဏီ အရှေ့အနောက် မပေါင်းခင်ကလည်း ဒီလူတွေ ဒီအဆောက်အဦတွေ ဒီမြေဒီရေတွေပဲ။ ပေါင်းကြမယ်လို့ မပြောခင် ဘာလင်တံတိုင်းတဖက်နဲတဖက်ဆီဟာ မခေါ်နိုင်မပြောနိုင်။ပေါင်းချင် အတူနေချင်လို့ ကျော်တက်ရင်း ပစ်သတ်ခံခဲ့ရတာ အနှစ် ၆၀ မှာ လူ့အသက် သောင်းဂဏန်းလောက်တောင်ရှိမယ်ထင်ပါရဲ့ ။ တ၀ါဒ တဘာသာစီနေခဲ့တာ နှစ်၆၀ မခေါ်နိုင်မပြောနိုင် ရန်သူကြီးတွေပေါ့။ပြန် ပေါင်းစည်းခဲ့ကြတဲ့ အချိန်က စလို့ အရှေ့အနောက် ၂ နိုင်ငံက လူတွေ နေ့ချင်းညချင်းပဲ ညီရင်းအကိုပြန်ဖြစ်ကြရပြန်တယ်။ လူတွေဟာ အဲလို သမုတိပညတ်တွေရဲ့မာယာမှာ သာယာတဲ့အခါ သာယာ။
မညှာတာတဲ့အခါ မညှာတာ။
ဟာရာရီ ရဲ့ အမေးအဖြေတွေကို ၂နေရာ ၃နေရာ ကျွန်တော် နားထောင်ပြီးတဲ့အချိန်အထိ သူဟာ ဆရာကြီး ဂိုအင်ကာ ရဲ့ ကျောင်းသားဖြစ်ခဲ့ဖူးတယ်ဆိုတာ ကျွန်တော်မသိသေးပါဘူး။ ထင်ယောင်ထင်မှား အရှိတရား( fictional entities ) တကယ့် အရှိတရား ( reality entities ) ဆိုတဲ့ သူ့ ခွဲခြမ်းစိတ်ဖြာမှုတွေက အရှေ့တိုင်းဆန်သလိုပဲ။ ဗုဒ္ဓတရားသရုပ်ခွဲ တွေနဲ့ နီးတယ်လို့ပဲ စိတ်ထဲမှာ တွေးနေမိတုန်းပါ။ သူ့အကြောင်းကို ရှာဖတ်လိုက်တော့မှာ ဒီဂျူးပါမောက္ခတယောက် ဟာ ပညတ် ပရမတ်တရားကို ကိုယ့်ထက် ကြေညက်တယ်လို့ သဘောပေါက်လာပါတယ်။

ခွန်ဆိုင်း ( ၁၆- ၀၈-၂၀၁၉ )

No comments:

Post a Comment