Latest News

Friday, April 26, 2019

ဒေါ်အောင်ဆန်းစုကြည်၏ Quiet Diplomacy

Quiet Diplomacy ဆိုသည်က ပြဿနာ တခုကို နှစ်ဦးနှစ်ဖက် မျက်နှာ မပျက်ရအောင် ကြိတ်ပြီး ဖြေရှင်းသည့် သံတမန် နည်းလမ်းကို ဆိုလိုပါသည်။ ယခုလည်း အများ မျှော်လင့်ခဲ့သလို တရုတ် သမ္မတ နှင့် ဆွေးနွေးပွဲတွင် မြစ်ဆုံ အရေး အား အခြေအတင် ဆွေးနွေးစရာမလိုပဲ မသိမသာ ချန်လှပ်ထားနိုင်ခဲ့သည်ကပင် သူမ၏ Quiet diplomacy အောင်ပွဲခံခဲ့ခြင်းပင် ဖြစ်သည်။

ထိုသို့ ဖြစ်ရန်လည်း နှစ်ဦးနှစ်ဖက် အကျိုး ရှိမည့် အဖြေရှာနိုင်ရေး အတွက် အောက်ခြေအဆင့်တွင်ပင် ကြိုးစား အကောင်အထည် ဖေါ်နေပြီး နှစ်ဖက် လက်ခံနိုင်သည့် အနေအထား ရောက်မှ ခေါင်းဆောင် နှစ်ဦးချင်း တွေ့ဆုံကြဖို့ လမ်း ကို ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စအားလည်း တရုတ် သမ္မတ မှ သဘောတူကြောင်း သူမနှင့် တွေ့ဆုံခဲ့သည်အခါ ပြောကြားသွားခဲ့သည်မှာလည်း အထင်အရှားပင် ဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် လမ်းမကြီး အကောင်အထည် ဖေါ်ဖို့သာ ပို၍ အရေးကြီးနေရသည်။ မြစ်ဆုံ က ထွက်မည့် လျပ်စစ်ဓါတ်အားက တရုတ် အတွက် အရေးမပါတော့၊ ယူနန် ပြည်နယ်တွင်ပင် ပိုလျံ၍ နေသည်။ သို့သော် စင်္ကြန်လမ်းမကြီး အတွက် လိုအပ်သည့် လျပ်စစ်ဓါတ်အား ကို အပြည့်အ၀ ရယူနိုင်ရန် သာ တရုတ်က ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းတွင် ပြန်လည် ထည့်သွင်းလာခဲ့ခြင်းသာ ဖြစ်သည်။

အဆိုပါ စီမံကိန်းများ အတွက် လိုအပ်သည့် လျပ်စစ်ဓါတ်အား ကို မီဂါ ဒမ် ကြီးအစား အခြား အသေးစား ဆည်များမှ ထုတ်လုပ်ပေးနိုင်သည့် အဆင့်ရောက်လျင်ပင် တရုတ် တို့အတွက် ကျေနပ်ရမည်သာ ဖြစ်သည်။ အရေးကြီးဆုံးက တရုတ် အနေဖြင့် မြစ်ဆုံ ကိစ္စ လောက်နှင့်တော့ မြန်မာပြည်သူများ၏ ပေါက်ဖေါ်ကြီး အဖြစ်မှ ထာဝရ ရန်သူ ကြီး ဘ၀ အရောက်ကို မခံနိုင်ခြင်းပင် ဖြစ်သည်။

မြန်မာ အား အိန္ဒိယ နှင့် ဂျပန် တို့နှင့် ပူးပေါင်းသွားမည့် အရေး အား မည်သည့် နည်းနှင့်မျှ အရောက်မခံနိုင် ရှင်းရှင်းလေးပင် ဖြစ်သည်။ ဒေါ်လာ သန်း ၈၀၀ လောက် မြုပ်နှံထားပြီး ဖြစ်၍ မြစ်ဆုံ စီမံကိန်းအား ဆက်လုပ်မှ ဖြစ်မည် ဆိုလျင် ဆက်လုပ်၊ မြန်မာ အနေဖြင့် ကျန်သည့် ၊ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းများတွင် မပါနိုင်တော့၊ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်သူများ အနေဖြင့် မတတ်နိုင်၍သာ မိမိတို့ ဘိုးဘွား အမွေအနှစ် ဧရာဝတီ ကို လက်လွှတ်ခဲ့ရ၍ တရုတ် အား အယုံအကြည် မရှိတော့ပါ ဆိုကာ အပြီးတိုင် နှုတ်ထွက်သွားမည်ဟု ဆိုလျင် တရုတ် ဘာများ တတ်နိုင်ဦးမည်နည်း။ ရှီကျင့်ပင် အဖို့ ပက်လက်လန် ရဖို့သာ ရှိပေသည်။ ထို့အတွက် ရှီကျင့်ပင် အဖို့ မဟာဗျူဟာ အတွက် ရေရှည် စဉ်းစား မည်မှာလည်း အမှန်ပင် ဖြစ်သည်။

သို့သော် ပြည်တွင်းရှိ အတိုက်အခံများက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေး အရ ချောင်ပိတ်မိနေပြီ ဆိုကာ ပွဲဆူအောင် တစ်ဒေါ်လာ လျော်မည် ဘာညာ အပါအ၀င် ခါတော်မီ လူထု ဆန္ဒပြပွဲများ ဖြင့် loudspeaker diplomacy လုပ်လာကြသည်။ ဒီကိစ္စဖြင့် နိုင်ငံရေး အမြတ်ထုတ်ရန် မသင့်၊ ထိုလုပ်ရပ်က တော်ရုံလူဆိုက ခြေလှမ်းမှားသွားနိုင်သည်။

၎င်းတို့၏ လုပ်ရပ်ကြောင့် တရုတ်က လက်လျော့သွားမည် မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည် အဖို့ အကျပ်ရိုက်သည်ထက် ရိုက်လာပြီ ဟု ယူဆကာ ညှစ်လို့ ရသမျှ အကုန် ညှစ်ဖို့ လုံးပမ်းလာကြဖို့သာ ရှိသည်။ ဤသည်ကို ကောင်းစွာ နားလည်ထားရန်လိုသည်။ ဆိုလိုသည်က ဒီအရေး တွင် တရုတ်က အပေါ်စီးမှ ရှိနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရ အနေဖြင့် ထိုအရေးကို မည်သို့မျှ မတုန့်ပြန်၊ မဝေဖန်၊ သူမတွင် ဒီထက် အရေးကြီးသော သံတမန် ထိုးစစ်ကြီး စတင်ရမည့် အရေးကို မည်သို့မျှ အပွန်းပဲ့ မခံနိုင်ပေ။ ထို သို့သော လူမျိုး များ ရှိနေ၍လည်း အစိုးရ အဖို့ စာချုပ်ကို ချပြ၍ မရ ဟု ယူဆခဲ့သည်။ ထို့အတွက်လည်း ပွင့်လင်းမြင်သာမှု ပိုင်းတွင် အားပျော့ခဲ့ရသည်ကတော့ အမှန်ပင်။ သို့သော် ထိုအရေးထက် သူမနှင့် ရှီကျင့်ပင့်တို့ အကြား အပြန်အလှန်လေးစားမှု နှင့် ကောင်းမွန်သော ဆက်ဆံရေး ကို အားကိုးပြီး Quiet diplomacy နှင့် လူထု မျှော်လင့်နေသလို ဖြစ်အောင် အကောင်အထည် ဖေါ်နိုင်ဖို့က ပို၍ အရေးကြီးသည်ဟု ယူဆခဲ့သည် ဆိုတာကိုလည်း အထင်အရှား တွေ့ခဲ့ရသည်။

သူမ၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမ နှင့် ပါတ်သက်ပြီး နားလည်မှု စာချွန်လွှာ နှစ်ခုနှင့် သဘောတူညီချက် စာချွန်လွှာ တခု လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ထိုမျှသာမကသေး တရုတ်ဝန်ကြီးချုပ် ထံမှ မြန်မာ ဆန် များ ယခင် အတိုင်း ဆန်တန်ချိန် တစ်သိန်း ပုံမှန် တင်သွင်းသွားပါမည်ဟူသော ကတိကိုလည်း ရယူနိုင်ခဲ့သည်။ မကြာသေးမီက နာမည်ပျက်ခဲ့သော မြန်မာ ဆန် ကိစ္စအတွက် သူမအနေဖြင့် စိုးရိမ်မကင်း ဖြစ်နေသည်မှာလည်း ထင်ရှားလှသည်။

တရုတ် သမ္မတ အဖို့လည်း သူ့ပြဿနာ နှင့် သူ ရှိနေပြန်သည်။ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းများ သူ မျှော်လင့်သလို ဖြစ်မလာ၍ ပါဝင်သော နိုင်ငံများ အား တရုတ် အဖို့ မိမိတို့ တနိုင်ငံ တည်း အကျိုး ရှိဖို့နှင့် နိုင်ငံရေး အရ သြဇာ လွှမ်းနိုင်အောင် ဖန်တီးဖို့ မဟုတ် ဆိုသည်ကို စိုးရိမ်မကင်း ဖြစ်နေသော နိုင်ငံများ အား ပြသဖို့ လိုလာနေသည်ကလည်း တကြောင်း အပါအ၀င် ဖြစ်နေသည်။

သို့သော် မြစ်ဆုံ အရေးက ဒီမျှ နှင့် ပြီးပြတ်သွားပြီဟူ၍ တော့ ယူဆ၍ မရပေ၊ ရှေ့ရှောက် တိုင်းပြည် နှင့် လူမျိုး အကျိုးရှိ မည့် ဖက်သို့ ပြန်လည် ဦးတည်သွားအောင် သူမအနေဖြင့် ပေါ်ပေါက်လာသော ဘူမိ နိုင်ငံရေး အပြောင်းအလဲကို အမိအရ ဆုပ်ကိုင် ဖေါ်ဆောင်သွားနိုင်မည်မှာ သေချာနေပြီ ဖြစ်သဖြင့် ဧရာဝတီကို ကယ်တင်နိုင်ခဲ့သူ အဖြစ် သမိုင်း တွင် ကျန် ရစ်ပေတော့မည်။
လှစိုးဝေ

No comments:

Post a Comment