Latest News

Friday, April 26, 2019

မူလတန်းဆရာ



ကျွန်တော်က မူလတန်းပြဆရာပဲလို့ သူ့အခြေအနေကို ကျေနပ်နှစ်သိမ့်မှုနဲ့ ပြောပြခဲ့သူကတော့ ရဲဘော်ဝေလင်းပါ။ သူ့ဆီမှာ နိုင်ငံရေးဖတ်စာကို မူလတန်းအဆင့်နဲ့ တက်ရောက်သင်ကြားခဲ့သူတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ပါ။ သူက ကျွန်တော်တို့ရဲ့ နိုင်ငံရေးမူလတန်းဆရာ ဖြစ်ခဲ့သူပါ။

တကယ်တော့ အဲဒီတုန်းက ကျွန်တော်က တက္ကသိုလ်ကျောင်းသားဖြစ်နေပါပြီ။ မာ့က်စ်ဝါဒကို တိုတိုစစ မြည်းစမ်းကြည့်တဲ့အဆင့်လည်း မကတော့ပါဘူး။ ကဗျာ ဝတ္ထု ရသစာပေမှာလည်း မွေ့ထုံသူဖြစ်နေပြီ။ အဘိဓမ္မာ နိုင်ငံရေး သမိုင်း ဘောဂဗေဒနဲ့ သိပ္ပံပညာကိုလည်း လေ့လာဆည်းပူးတတ်ပါပြီ။ မာ့က်စ်ဝါဒကို ကျမ်းရင်းတွေပဲရှာဖတ်တဲ့အဆင့်ရောက်နေပြီ။ ဒါပေမဲ့ နိုင်ငံရေးမှာတော့ ကကြီးရေက စလုံးစတဲ့ မူလတန်းကျောင်းသားအဆင့်ပါ။
ကိုဝေလင်းနဲ့မတွေ့ခင်တုန်းက ကျွန်တော့်မှာ နိုင်ငံရေးဘဝဆိုတာ မရှိခဲ့ဘူး။

အဲဒီတုန်းက ကျွန်တော်တို့ဟာ စာအုပ်ထဲက အကြောင်းအရာတွေကို နိုင်ငံရေးလ်ု့ ထင်နေတာပါ။ သူနဲ့မတွေ့ခင် ကျွန်တော့်မှာ ဘာရောဂါရှိသလဲဆိုတော့ အဋ္ဌကထာ ဋီကာကျမ်းတွေကို မုန်းတဲ့ရောဂါရှိနေတာပါ။ သူက ဒါကို ချေချွတ်တိုက်ဖျက်ပေးတယ်။

သူကျွန်တော့်ကိုပေးဖတ်တဲ့စာအုပ်က လီနင်ဝါဒအခြေခံမူများပါ။ နောက် လီနင်ဝါဒပြဿနာများကိုပါ ပေးဖတ်တယ်။ ဒီကျမ်းတွေကို စတာလင်ရေးပါတယ်။ ပြောရမယ်ဆိုရင် ဒီကျမ်းတွေဟာ လီနင်ဝါဒ အဖွင့်ကျမ်းတွေပါပဲ။ လီနင်ဝါဒ အနှစ်ချုပ်လို့လည်း ပြောနိုင်တယ်။ လီနင်ဝါဒ စုစည်းလေ့လာချက်လို့လည်းပြောနိုင်ပါတယ်။ လီနင်ဝါဒကို သတ္ထုချထားတာလို့ပြောရင်လည်း မမှားပါဘူး။ ကျွန်တော်သိပ်မုန်းတယ်ဆိုတဲ့ အဋ္ဌကထာ ဋီကာကျမ်းတွေပဲပေါ့။

သူက လူငယ်ရဲဘော်တွေကို အချိန်ပေးပြီ သင်ကြားလေ့ကျင့်ပေးပါတယ်။ တကယ်တော့ အဲဒီတုန်းက သူလည်း သုံးဆယ်ဝန်းကျင်ပဲရှိသေးတာပါ။ ဒါပေမဲ့သူဟာ အသက်နဲ့စာရင် အင်မတန်ကြီးလေးတဲ့တာဝန်တွေ ထမ်းဆောင်နေပါပြီ။

စတာလင်ရေးတဲ့ကျမ်းတွေကို သူ့ကြောင့် ကျွန်တော် စနစ်တကျ လေ့လာဖြစ်တယ်။ စတာလင်ဟာ လီနင်ရဲ့တပည့်ပါပဲ။ လီနင်ဝါဒကို ပြည့်စုံနက်ရှိုင်းစေသူဖြစ်တယ်။ စတာလင်ဟာလီနင်ဝါဒအကြောင်း နှံ့စပ်ကျွမ်းကျင်ရုံမက လီနင်ဝါဒကို စနစ်တကျဖွင့်ဆိုရှင်းပြနိုင်သူလည်းဖြစ်တယ်။ သူ့ရဲ့ဖွင့်ဆိုရှင်းပြချက်တွေကြောင့် ကျွန်တော်တို့ဟာ လီနင်ဝါဒကို ပိုပြီးနက်နက်ရှိုင်းရှိုင်းသိမြင်လာပါတယ်။

အဋ္ဌကထာဋီကာကျမ်းတွေဟာ ဆိုးတာလည်းရှိသလို ကောင်းတာလည်းရှိတယ်လို့ သူရှင်းပြပါတယ်။ အဖွင့်ကျမ်းတွေကြောင့်လမ်းလွဲရသလို အဖွင့်ကျမ်းတွေကြောင့် သိမြင်နားလည်မှုပိုရတာလည်းရှိတယ်လို့ သူကရှင်းပြပါတယ်။

ဆရာဗန်းမော်တင်အောင်ရဲ့ သဘာဝတ္ထနဲ့ ရုပ်ကမ္ဘာစာအုပ်တွေ ဖတ်အပြီးမှာတော့ သူ့အယူအဆကို ကျွန်တော် လက်ခံလိုက်ပါတယ်။ အဖွင့်ကျမ်းတွေကောင်းမကောင်းဆိုတာ ဖွင့်ဆိုရှင်းပြသူရဲ့ သိမြင်နားလည်မှုအတင့်အတန်းနဲ့ဆိုင်ပါတယ်။ ဝါးလုံးရှည်နဲ့သိမ်းရမ်းလို့မရပါဘူး။

နောက်တခုက ကျွန်တော်က အင်္ဂလိပ်စာကို အထက်တန်းကျောင်းသားဘဝကတည်းက စဖတ်ပါတယ်။ ဒါပေမဲ့ သိပ်ပြီးခရီးမရောက်ဘူး။ မြေနီကုန်းဈေးတို့ ပန်းဆိုးတန်းတို့ ဆူးလေလမ်းက ကုန်သွယ်ရေးစာအုပ်ဆိုင်တို့ တက္ကသိုလ် စာအုပ်ဆိုင်တို့ကနေ အင်္ဂလိပ်ဂန္ထဝင်တွေဝယ်စုတယ်။ ဖတ်ဖြစ်တာနည်းပါတယ်။ သူက ကျွန်တော့်စာအုပ်ပုံကိုကြည့်ပြီး ဝေဖန်တယ်။ အင်္ဂလိပ်စာကိုလည်းဖတ်ရမယ်တဲ့။ "တိုင်းမ် နယူးစ်ဝိခ် ဖာအီးစတန်းအီကော်နောမစ် ဆိုဗီယက် စာပေမဂ္ဂဇင်း တရုတ်စာပေမဂ္ဂဇင်း တို့တင်မကပဲ အင်္ဂလိပ်ကဗျာ အင်္ဂလိပ်ဝတ္ထုတွေလည်းဖတ်ရမယ်တဲ့။ ကမ္ဘာ့စာပေကို လက်လှမ်းမှီတယ်ဆိုတာ အားသာချက်တခုပဲ"လို့သူအမြဲပြောပါတယ်။ ရဲဘော်ထွန်းဟာ စာအစုံဖတ်တယ်လို့ သူအမြဲတမ်း ပြောပြပါတယ်။

စာအုပ်တွေ ဒီလောက်များများ ဘာလို့ဝယ်စုထားသလဲလို့ ကျွန်တော့်ကိုမေးတယ်။ ကျောင်းပြီးရင် အေးအေးဆေးဆေးဖတ်ရအောင်လို့ဆိုပြီး ဖြေတော့ သူက ဟက်ဟက်ပက်ပက်ရယ်ပါတယ်။ သူက ရယ်ခဲသူပါ။ ပြီးတော့ သူဒီလို ပြောတယ်။ "လူ့ဘဝမှာ အေးအေးဆေးဆေး စာဖတ်ချိန်ရတာ တက္ကသိုလ်ကျောင်းသားဘဝပဲဗျ။ ဒီအချိန်မှာ စာမဖတ်ရင် ခင်ဗျား ဘယ်တော့မှစာဖတ်ရမှာ မဟုတ်ဘူး "တဲ့။ သူ့ကျေးဇူးကြောင့် စာအုပ်ပုံကြီးကို တတ်နိုင်သလောက် ဖြိုဖြစ်ခဲ့ပါတယ်။ တကယ်လည်း ကျောင်းပြီးလို့ လူ့ဘဝထဲရောက်တဲ့အခါ စာဖတ်ချိန်ကို တခုတ်တရ လုယူမှ ရတတ်တာပါ။

နောက်ထပ်တခုကတော့ ကွန်မြူနစ်ဝါဒကို အမျိုးသားရေးအမြင်နဲ့ ရောထွေးပစ်တာကို ကျွန်တော်က ဆန့်ကျင်ပါတယ်။ ဗမာပြည်မှာ စစ်အာဏာရှင်တွေဟာ ဖောက်ပြန်တဲ့ အမျိုးသားရေးဝါဒကို ကိုင်စွဲပြီး လူထုကို မှိုင်းတိုက်နေတာပါ။ သူကတော့ ဖောက်ပြန်တဲ့အမျိုးသားရေးဝါဒကိုဆန့်ကျင်ပြီး တော်လှန်တဲ့ ပြည်ချစ်ဝါဒကို လက်ခံကျင့်သုံးသူပါ။ ကွန်မြူနစ်ဝါဒကို တိုင်းပြည်အခြေအနေနဲ့ဟပ်မိအောင် ကျင့်သုံးရမယ်ဆိုတဲ့လူပါ။ သူက မော်စီတုန်းကို ဥပမာပေးတယ်။ မော်စီတုန်းအတွေးအခေါ်ဆိုတာ တရုတ်ပြည်ရဲ့ကွန်မြူနစ်ဝါဒပဲလို့ ပြောတယ်။ လီနင်ဝါဒကိုတော့ ရုရှားပြည်ရဲ့ကွန်မြူနစ်ဝါဒပဲလို့ သူမပြောဘူး။ လီနင်ဝါဒကို နယ်ချဲ့အရင်းရှင်ခေတ်ရဲ့ မာ့က်စ်ဝါဒလို့ ပြောတယ်။ ကိုဝေလင်းအပိုင်နိုင်ဆုံးက မော်စီတုန်းအတွေးအခေါ်ပါ။

နောက်တခုက မာ့က်စ်ဝါဒကို စာအုပ်စာတန်းတွေကနေ လေ့လာရုံသက်သက်နဲ့ နားမလည်နိုင်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ကို သိမြင်နားလည်စေခဲ့တယ်။ သူက ကျွန်တော်တို့ကို ပါတီရဲ့အခြေခံအလုပ်အဖွဲ့တခုထဲမှာ ရှင်သန်ကြီးပြင်းစေခဲ့ပါတယ်။ ဒီအလုပ်အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ပဲ ပါတီကော်မတီစနစ်နဲ့ ပါတီကော်မတီခေါင်းဆောင်မှုပြဿနာကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို စုပေါင်းနေထိုင်မှုဘဝတခု တည်ဆောက်ပေးတယ်။ စုပေါင်းခေါင်းဆောင်တဲ့စနစ်တခုကို လေ့ကျင့်စေခဲ့တယ်။ သူ့လေ့ကျင့်သင်ကြားမှုအောက်မှာ ကျွန်တော်တို့ဟာ ဘာမဆို ကိုယ်တိုင်ဖြတ်သန်းလေ့လာခဲ့ရပါတယ်။ သူက ထမင်းဝါးခွန့်ကျွေးတဲ့မူလတန်းဆရာမဟုတ်ဘူး။

#ကျောင်းသားကိုရေထဲကန်ချပြီးရေကူးတတ်စေတဲ့မူလတန်းဆရာပါ။ ဒီလို မူလတန်းဆရာနဲ့ လေ့ကျင့်ဖြတ်သန်းခွင့်ရတာ အများကြီး အကျိုးရှိတယ်လို့ အခုပြန်စဉ်းစားကြည့်မှ အလေးအနက် သတိထားမိပါတယ်။ သူ့မှာလည်း အားနည်းချက် အားသာချက်ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ သူဟာ ရန်သူနဲ့ ရှင်ခန်းရော သေခန်းပါပြတ်တဲ့သူပါ။ သူဟာ ဘယ်တုန်းကမှ ရပ်တည်ချက်အမှားကို မကျူးလွန်ဖူးပါဘူး။ သူဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပါ။ နမူနာကောင်းတွေ အများကြီး ပေးခဲ့သူပါ သူဟာ ကျွန်တော်တို့အဖို့ မမေ့အပ်တဲ့ ငယ်ဆရာပါ။

သွးနှင့်ပေဦးတော့ မူလတန်းဆရာရေ။ ခင်ဗျားက တိုင်းပြည်အပေါ် ကိုယ်စွမ်းသမျှနဲ့ အကောင်းဆုံးတာဝန်ကျေခဲ့သူပါ။

ချစ်ခင်သတိရလျက်

ရဲဘော်မျိုး

No comments:

Post a Comment