Latest News

Tuesday, April 2, 2019

ဒေါ်ကြီးလည်း အားနာတယ် ~~~ ဇော်ကြီးလည်း အားနာတယ် ။ ~~~~~~


လေယာဉ်ပျံကို ပစ်ချလို့ရတဲ့
စက်သေနတ်ကြီးတင်ထားတဲ့
ဒေါ့ဂ်ျအမျိုးအစား အစိမ်းပုပ်ရောင်
(ဘရင်းကယ်ရီယာ) လေးဘီးတပ်ကားတွေက
ကိုယ်ပိုင်ကားဆိုတာ မရှိသလောက်ရှားတဲ့
မြို့ရဲ့ အဓိကရလမ်းရှင်းရှင်းကြီးတွေပေါ်မှာ
မပြတ်ကင်းလှည့်နေလေရဲ့ ။

မြို့တွင်းက လမ်းဆုံလမ်းခွတိုင်းမှာ
သဲအိတ်ကာ Banker တွေက
ဒုတိယကမ္ဘာစစ်အတွင်းက
မြို့ပြပုံရိပ်ကို ပြန်လည်ခင်းကျင်းပြနေသလိုပဲ ။
ဘန်ကာထဲက လက်နက်ကိုင်အစောင့်ကလည်း
လမ်းပေါ်ကလူ ဘယ်သူရန်သူလဲဆိုတဲ့ အကြည့်နဲ့
အမြဲ standby လုပ်ထားတယ် ။

၁၉၈၉.... ဇန်နာဝါရီ လဆန်းပိုင်းထဲက
အဲဒီအတိုင်းကို ရန်သူဝိုင်းတော့မယ့်
မြို့တမြို့လို တပ်လှန့်ထားပြီး
လူထုကို ခြောက်ခြားမှိုင်းတိုက်ထားတာ ။

ချောဆွဲထားတဲ့ ဂျပန်သား TOYOTA HILUX
၃.... ၄ စီးလောက်ရှိမယ်ထင်ပါရဲ့ ။
ခေါင်မိုးပေါ်မှာ လောက်စပီကာကို
ရှေ့နောက်အတွဲလိုက်တင်ပြီး
ပုဒ်မ ၁၄၄ ကြေညာချက်ကို
တလမ်းဝင် တလမ်းထွက် မြို့ကွက်ချောင်ကြိုချောင်ကြားမချန်
အသံမစဲကြေညာနေလေရဲ့ ။

ဘာတဲ့.....
၅ ယောက်အထက်ပို၍ လူမစုရ....တဲ့
ညနေ ၆ နာရီကျော်ရင် အိမ်အပြင်မထွက်ရ.....
ထွက်မရတဲ့ ကာဖျူးအမိန့် မရုပ်သိမ်းရသေး ။
သွားလာလှုပ်ရှားနေသူမှန်သမျှ
ညနေ ၆ နာရီမထိုးခင် အိမ်အရောက်ပြန်ရတယ် ။
မြို့ဟာ ၆ နာရီကျော်ရင် ခြောက်ကပ်ပြီး
တစပြင်လိုဖြစ်သွားရော ။
လမ်းသည်မှာဖက်က အိမ်ကနေ
လမ်းဟိုမှာဖက်က အိမ်ကို ကူးဖို့တောင်မလွယ် ။

အဲဒီလိုကာလ....
ဇန်နာဝါရီ... ၁၇... ၁၉၈၉ ဆိုရင်...

ဟာလဝါနဲ့ နံမယ်ကြီးတဲ့.....
ဝါးရိုး...ဝါးခရိုင် ရိုးရာထီးနဲ့ နံမယ်ကြီးတဲ့.....

လပြည့်လကွယ် နံနက်တိုင်း မေမြို့ပန်းကပ်လှူတဲ့...

ကမ်းခြေအငူမှာ နေညိုစောင်းရင်
လေ့ကျင့်ခန်းယူ လမ်းလျောက်တတ်တဲ့ ...

ပုသိမ်ထီးလေးနဲ့ ရုံးသွားရုံးပြန်ယဉ်တဲ့...

အဆိုတော်သန်းထွန်းလေး သီချင်းနဲ့
နံမယ်ကြီးတဲ့ မမပုသိမ်သူတို့ မြို့
ဆိပ်ကမ်းမြေကို သူမခြေချတော့မှာလေ ။

ဘာ.....
သူမကို ခုလိုကာကွယ်စောင့်ရှောက်ဖို့...ဟုတ်စ
အားမှ.....
ဝါးခယ်မမှာ အပစ်မခံရတာ ကံကောင်း.....

သူမ မရောက်ခင်ကထဲက တပ်လှန့်ထားတော့
ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေမှာ....
ကျုပ်တို့ စိုးရိမ်မိတာအမှန်ပါ ။

ကျုပ်တို့ ၈၈၈၈ အရေးတော်ပုံရောင်းရင်းကြီးဖြစ်တဲ့
ဇော်ကြီး စကားအတိုင်းပြောရရင်.....
ပုသိမ်ကို ဓားအိမ်ထဲက ထုတ်ကြဟေ့... တဲ့ ။

ပုသိမ်ဟာ ဓားအိမ်ထဲက ထွက်လာတာပ ။

၁၉၈၉.... ဇန်နာဝါရီ.... ၁၇
ပုသိမ်ကမ်းနားလမ်းဟာ.....
အခု မော်တင်သင်္ဘောဆိပ် ရေဝန်ရုံးရှေ့ကနေ
အခု ညဈေးဟိုဖက် ကန်လမ်းထိပ်အထိ
ပုသိမ်သူ ပုသိမ်သားတွေနဲ့
ပိတ်ဆို့သွားပါရောလား ။
ကမ်းနားလမ်း...
အခု တံတားသစ်ထိုးမယ့်နေရာကနေ
ဓနိတန်းလမ်းအထိ....
ဈေးလေးလမ်းဆုံအထိ...
ပုသိမ်ဟာ ဓားအိမ်ထဲကထွက်လာပြီး
ပုဒ်မ ၁၄၄ ကာဖျူးအမိန့်ကို
အီစိမ့်သွားအောင် ခုတ်ဖြတ်ပလိုက်တာ....

အဲ့မှာ... ကျုပ်တို့ အချစ်တော် တိုင်းမှူးကြီး
ဒေါသပုန်ထကာ အုတ်ချပ်စီရာ.....
မရမ်းချိုထောင်မှာ.....
NLD တိုင်းအဆင့် ၊ မြို့နယ်အဆင့် စည်း/မှူးတွေ
တန်းစီထည့်ပလိုက်တာ.... တထောကြီးပဲ ။

ပုသိမ်သူ ပုသိမ်သားတွေရဲ့ ပုသိမ်ဟာ
ခုတ်စရာမလိုရင်
ဓားအိမ်ထဲက မထွက်ဘူးထင်ပါတယ် ။

နှစ် ၃၀ ကျော် သည်တခေါက်ကတော့...
ကြီးဒေါ်လည်း အားနာမိပါတယ် ။

ဇော်ကြီးရယ်...
မင့် ကဗျာလည်း
ရင်ထဲက လှိုက်လှိုက်လှဲလှဲကို
စိတ်ရင်းနဲ့ အားနာတယ်...သူငယ်ချင်း.....

JACK

 

No comments:

Post a Comment