Latest News

Saturday, March 16, 2019

ချန်ပီယံလိဂ်သမိုင်းရဲ့ အကောင်းဆုံးကစားသမား သို့မဟုတ် ရော်နယ်ဒို

ချန်ပီယံလိဂ်သမိုင်းရဲ့ အကောင်းဆုံးကစားသမား သို့မဟုတ် ရော်နယ်ဒို

စံချိန်ဆိုတာဟာ  ရော်နယ်ဒိုရဲ့  လက်ထဲမှာတော့  အမြဲတမ်းဆုပ်ကိုင်ထားတဲ့အရာလို့တောင် ပြောရမယ်။ ကစားသမား ဘ၀တစ်လျှောက် တလက်လက်တောက်ပနေခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ သူဖြတ်သန်းခဲ့တဲ့နေရာတိုင်းမှာတော့ အမှတ်တရ တွေနဲ့အတူ စံချိန်ကောင်းတွေကို စိုက်ထူထားနိုင်ခဲ့တဲ့သူလို့ ပြောရမယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လက်ရှိ အချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ကစားရင်းသမိုင်း မှတ်တိုင်တွေကို စိုက်ထူထားနိုင်ဆဲလို့ ပြောရမယ်။

သူ့ရဲ့ကြိုးစားမှုတွေနဲ့အတူ   မန်ယူ၊   ရီးရဲနဲ့    လက်ရှိဂျူဗင်တပ်စ်အသင်းတို့ကလည်း ချန်ပီယံလိဂ်မှာ ရလဒ်တွေကောင်းနေခဲ့တယ်လို့ပြောရမယ်။ ပြီးခဲ့တဲ့ရက်က အက်သလက် တီကိုအသင်းကို ပထမအကျော့မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပြီး ဒုတိယအကျော့ သုံးဂိုး-ဂိုးမရှိနဲ့အနိုင် ရရှိခဲ့တဲ့ ဂျူဗင်တပ်ရဲ့ရလဒ်ဟာ  ရော်နယ်ဒိုရဲ့   ဟက်ထရစ်ကြောင့်လို့   ပြောရမယ်။ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ရော်နယ်ဒိုရဲ့ကြိုးစားမှုနဲ့အတူ အခုတော့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီ။ ဒါကြောင့် ရော်နယ်ဒိုရဲ့ ချိုးဖြတ်ဖို့သိပ်မလွယ်တဲ့ ချန်ပီယံလိဂ် စံချိန်တွေကို တင်ပြလိုက်ပါတယ်။

ချန်ပီယံလိဂ်ရဲ့ သွင်းဂိုးအများဆုံးစံချိန်

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲပေါင်း ၁၆၀ ပါဝင်ကစားထားပြီး သွင်းဂိုး စုစုပေါင်းက ၁၂၄ ဂိုးရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကိုအချိုးချကြည့်မယ်ဆိုရင် တော့ သူ့ရဲ့ဂိုးသွင်းနှုန်းဟာ ၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို  လိုက်မီနိုင်တဲ့ကစားသမား မရှိသေးပါဘူး။ ဒုတိယနေရာမှာရှိနေတဲ့  မက်ဆီရဲ့  သွင်းဂိုးက  ၁၀၆  ဂိုးသာရှိပြီး  ရော်နယ်ဒိုရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီဖို့ ၁၈ ဂိုးလိုနေပါသေးတယ်။ ရော်နယ်ဒိုရဲ့ နောက်ထပ်စံချိန် တစ်ခုကတော့ ရှုံးထွက်အဆင့်မှာ ၆၃ ဂိုး သွင်းယူထားနိုင်တဲ့စံချိန်ဖြစ်ပါတယ်။

ဖန်တီးမှုအများဆုံးစံချိန်

ရော်နယ်ဒိုဟာ ဂိုးသွင်းကောင်းတဲ့ကစားသမားတစ်ဦးသာမက အသင်းဖော်တွေ ဂိုးရအောင် ဖန်တီး ပေးနိုင်မှု အားကောင်းတဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးရရှိအောင် ပံ့ပိုးပေးနိုင်မှုဟာ ၄၄ ကြိမ်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဖန်တီးနိုင်မှုအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတာ ဖြစ်ပါတယ်။

ဟက်ထရစ်သွင်းဂိုးစံချိန်

ပြီးခဲ့တဲ့စက်တင်ဘာတုန်းက ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ အိုင်ဟိုဗင့်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့   ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီဟက်ထရစ်ဂိုးဟာ  မက်ဆီရဲ့ ချန်ပီယံလိဂ်သမိုင်းမှာတော့ စံချိန်တင် ရှစ်ကြိမ်မြောက်ဟက်ထရစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ရော်နယ်ဒိုရဲ့ ခုနစ်ကြိမ်မြောက် ချန်ပီယံလိဂ်ဟတ်ထရစ်စံချိန်ကို ဖြတ်ကျော်သွားခဲ့ပါတယ်။ အခုတော့ ရော်နယ်ဒိုက အက်သလက်တီကိုအသင်းကို နိုင်ခဲ့တဲ့ပွဲမှာတော့ ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီစံချိန်တင်ထားတဲ့ ရှစ်ကြိမ်မြောက် ချန်ပီယံလိဂ်ဟက်ထရစ်ဂိုးစံချိန်နဲ့တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲ သုံးကြိမ်စလုံး ဂိုးသွင်းယူနိုင်တဲ့စံချိန်
ရော်နယ်ဒိုဟာ မန်ယူအသင်းကစားသမားဘ၀နဲ့ ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ဂိုးသွင်းယူ ခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ ၂၀၁၅-၂၀၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာဖြစ်ပြီး အက်သလက်တီကို အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဖြစ်ပါတယ်။ တတိယ အကြိမ်ကတော့  ရီးရဲမက်ဒရစ် ကစားသမားဘ၀ မှာဖြစ်ပြီး  ၂၀၁၆-၁၇  ဂျူဗင်တပ်စ်အသင်းကို နိုင်ခဲ့တဲ့ချန်ပီယံလိဂ်  ဗိုလ်လုပွဲမှာ  ဖြစ်ပါတယ်။ ဒါကြောင့်လည်း  လက်ရှိချန်ပီယံလိဂ်ဘောလုံး သမိုင်းမှာတော့   နောက်ဆုံးဗိုလ်လုပွဲ   သုံးပွဲ ဆက်တိုက်ဂိုးသွင်းယူနိုင်သူက ရော်နယ်ဒိုတစ်ဦး တည်းသာရှိသေးတယ်လို့ ပြောရမှာပါ။

အုပ်စုပွဲအားလုံးဂိုးသွင်းယူနိုင်တဲ့ စံချိန်
ရီးရဲမက်ဒရစ်အသင်းဟာ   ၂၀၁၇-၂၀၁၈ ရာသီမှာတော့  အုပ်စုပွဲစဉ်မှာ  စပါး၊  ဒေါ့မွန်၊ အေပိုးလ်အသင်းတွေနဲ့    ယှဉ်ပြိုင်ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ အဲဒီအုပ်စုပွဲစဉ်ဖြစ်တဲ့ ခြောက်ပွဲ လုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် သမိုင်းမှာတော့ တစ်ကြိမ်တစ်ခါမှထွက်ပေါ်ဖူးခြင်း မရှိသေးတဲ့စံချိန်လည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး စံချိန်
တိုက်စစ်မှူးရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ် အသင်းနဲ့အတွက် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားရယူပေးနိုင်ခဲ့တဲ့   ၂၀၁၃-၁၄ ရာသီမှာ ဆိုရင်သူ့ရဲ့ ချန်ပီယံလိဂ်တစ်ရာသီအတွင်း သွင်းဂိုး စုစုပေါင်းဟာ ၁၇ ဂိုးအထိ ရှိခဲ့ပါတယ်။ ဒီစံချိန်ကို လက်ရှိအချိန်အထိ  လိုက်မီနိုင်တဲ့  တိုက်စစ်မှူး မရှိသေးပါဘူး။ ဒါကြောင့်လည်း သူဟာ ချန်ပီယံ လိဂ်သမိုင်းမှာ  တစ်ရာသီအတွင်း သွင်းဂိုးအများ ဆုံးကစားသမားအဖြစ်  စံချိန်တင်ခဲ့တာ  ဖြစ်ပါ တယ်။

ချန်ပီယံလိဂ်ဆုဖလားအများဆုံး ရယူထားနိုင်တဲ့စံချိန်
ယူအီးအက်ဖ်အေက ၁၉၉၂ ခုနှစ်မှာတော့ ဥရောပဖလားကို   ချန်ပီယံလိဂ်ဆုဖလားအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲ သတ်မှတ်ခဲ့ပြီးနောက်ပိုင်း     ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဆုဖလားကို ငါးကြိမ်မြောက်ရယူ ထားနိုင်ခဲ့တဲ့   ပထမဦးဆုံး  ကစားသမားအဖြစ် စံချိန်တင်ထားတာလည်း   ဖြစ်ပါတယ်။  လက်ရှိ အချိန်မှာ  ရော်နယ်ဒိုရဲ့အသက်ဟာ  ၃၄  နှစ်ရှိ ပေမယ့်   ဂျူဗင်တပ်စ်အသင်းနဲ့အတူ   နောက်ထပ် ချန်ပီယံလိဂ်ဆုဖလားကို   ရယူဦးမလားဆိုတာ ကိုတော့ စောင့်ကြည့်ရဦးမှာပါ။        ။

အောင်က

No comments:

Post a Comment