Latest News

Tuesday, March 26, 2019

မတ်လ တော်လှန်ရေး ___ ဒဂုန်တာရာ



မိုးကုပ်ကုပ်ဝယ်
အိုး ရုတ်တရက် မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ ဟ..ဟ..လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန် နီးမြန်းကုန်သည်
အရုဏ်ပေါ်စ ဝိုးတဝါး ။

မှုန်မွှာမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြည်းဖြည်းညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျင်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည် ၊ ခြောက်သွေ့မျကိထုံး
ကောက်ရိုးဖုံးလျှက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။

အမှောင်ရိပ်ဝယ်
မှေးမှိန်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်
အုင်ယှက်ထွေးရော ၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ
ဖက်ဆစ် ကင်းစောင့်စစ်စခန်း ။

ချောင်းကို ကွေ့သော်
တွေ့လျင် တွေ့ချင်း ၊မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ ၊နီး၍လာလျင်
အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်
မြစ်ယံပဲ့တင်ထပ်သတည်း ။

ငွေလရောင်လျင်
အမှောင်ညရိပ် ၊ သေးသေးစိတ်သား
မိုးထိပ်တိမ်မော် ၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒော်ပြုံးလှည့် ၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ ၊ ထိန်ထိန်သာသော်

ကျယ်စွာဝန်းလျား ၊ လယ်ကွင်းနားမှ
တောဖြားညို့အုပ် ၊ မှိတ်တုတ်တုတ်လျင်
ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း ၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ

လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ ။

ရွာတရွာကား
မှိုင်းပြာမည်းညို့ ၊ မီးရှို့လောင်းကျွမ်း
တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ
ထွက်ပြေးရှာရ ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေဝေ ၊ မီးလောင်မြေမှ
နွမ်းခွေပျောင်ယဲ့ ၊ ညှင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား ။

ခရေပွင့်လျင်
ကြွေရင့်ဝါဝါ ၊ မြေ္တွ ၌မှာလျှင်
ရောကာပေါင်းယှက် ၊ ဟောင်းသစ်ရွက်နှင့်
တဝက်မောင်းနီ ၊ ဝေ့လည်လည်ကို
လေချီသုတိဖြူး ၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ ။

ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ် ဘဝသစ်သို့
သနစ်ပြောင်းမည် ၊ဖူးသစ်မှီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။ ။


ဒဂုန်တာရာ
( တာရာမဂ္ဂဇင်း ။ ၁၉၄၇ )

No comments:

Post a Comment