ခင်ငြိမ်းချမ်း(ငြိမ်း)သည် အဖေနှင့် ကြီးတော်ဖြစ်သူတို့နှင့်အတူ ရန်ကုန်မှာ အခြေချနေထိုင်နေသည့် မြိုင်သာယာသူ တစ် ယောက်ဖြစ်သည်။ မြိုင်သာယာသူဆိုပေမယ့်ငယ်စဉ်ကတည်းက ရန်ကုန်ကို ပြောင်းလာခဲ့ကြပြီး ဇာတိမြေကို တစ်ခေါက်တောင် ပြန်မရောက်ဖြစ်ခဲ့သူ။ အလှူပွဲတစ်ခုတွင် မမျှော်လင့်သော သူစိမ်း မိန်းမတစ်ယောက်နှင့် ဆုံမိခဲ့သည်။ ငြိမ်း ဆုံတွေ့ခဲ့ရ သူမှာ မကြည်ပြာ ဖြစ်သည်။
မကြည်ပြာမှာ အဖေရောအမေပါ ဆုံးပါးသွားပြီဖြစ်၍ ကိုယ့် ခြေထောက်ပေါ်ကိုယ်ရပ်ကာ ကြိုးစားနေသော မိန်းကလေး တစ်ဦးဖြစ်သည်။ မကြည်ပြာသည် ပြေလည်လှသူမဟုတ်။ ငယ်စဉ်ကတည်းက ဝန်ထမ်း ဆရာ ဆရာမ မိဘနှစ်ဦး၏ သမီး အဖြစ် ချို့တဲ့စွာ နေလာခဲ့ရသူတစ်ယောက်ဖြစ်သည်။ ထို့အပြင် မကြည်ပြာငယ်စဉ်က မောင်ဖြစ်သူ တာရာဆိုသောကောင်လေး သည် ကျူရှင်စရိတ်အတွက် ရေခဲချောင်းရောင်းရင်း ပိုက်ဆံစု နေစဉ် ရက်စက်စွာ၊ လူမဆန်စွာ၊ အငြိုးအတေးများစွာဖြင့် အသတ်ခံလိုက်ရသောဖြစ်ရပ် ဖြစ်ခဲ့ဖူးသည်။
ငြိမ်းနှင့် မကြည်ပြာတို့ တွေ့ဆုံခြင်းမှာကောင်းသော တွေ့ဆုံ ခြင်းတော့ မဟုတ်ခဲ့ပေ။ အလှူတွင် သူတို့နှစ်ဦး မိတ်ဆွေဖွဲ့ကြ ရင်း ငြိမ်း၏အဖေ ဦးမောင်ပြေသည် မကြည်ပြာ၏မောင် တာရာ ကိုသတ်ပြီး ရှောင်ပြေးနေသောသူတစ်ဦးအဖြစ် စွပ်စွဲခံလိုက်ရ သည်။ လာဘ်စား၍ လွတ်သွားသလိုလို၊ သက်သေမခိုင်လုံ၍ အမှုပိတ်လိုက်သလိုလို၊ မျက်မြင်ထွက်ဆိုချက် မပြည့်စုံ၍ ကျေအေးသွားသလိုလိုနှင့် ရာဇဝတ်ဘေးမှ ပြေးလွတ်သွားသော လွန်ခဲ့သည့် ၁၈ နှစ်က တရားခံတစ်ယောက်အဖြစ် မိမိအဖေကို စွပ်စွဲလိုက်သည့်အခါမှစ၍ ငြိမ်း၏ကမ္ဘာသည် အမှောင် အတိ ကျသွားခဲ့သည်။
မကြည်ပြာနှင့်တွေ့ခဲ့ပြီးနောက်ပိုင်းတွင် အတိတ်က ဖြစ်ခဲ့ သလား မဖြစ်ခဲ့သလား မသိသော ပြဿနာဆိုးက ငြိမ်း၏ စိတ် အစဉ်တွင် အမြဲ လွှမ်းမိုးနေတော့သည်။ ထိုစွပ်စွဲချက်နှင့် ပတ်သက်၍ အဖေ့ကို မေးခဲ့သည်။ ဖခင်၏ပြောပုံအရမူ အပြစ် မရှိသောသူ၊ မှားယွင်းစွပ်စွဲခံရသူဖြစ်သောကြောင့် တရားရုံးက တရားသေလွှတ်လိုက်သောအမှုဖြစ်ကြောင်း ထင်ရှားနေတော့ သည်။ ထို့ကြောင့်ပင် အဖေဖြစ်သူကို တရားခံဖြစ်အောင် စွပ်စွဲ ခဲ့သော မကြည်ပြာတို့ မိသားစုကို၊ အထူးသဖြင့် အဖေ့ကို သိက္ခာချသော မကြည်ပြာကို ငြိမ်းက မုန်းနေမိသည်။
ငြိမ်းမသိခဲ့မိသော ထိုကိစ္စကို မကြည်ပြာနှင့်တွေ့၍လည်း မေးချင်သည်။ အဖေ့ကို စွပ်စွဲရသည့် သက်သေကို ပြစေချင် သည်။ ငြိမ်း၏အဖေသည် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့် ချခံရပြီးမှ ပြည်နယ်ရုံးတွင် အပြစ်မရှိဟု အမိန့်ချကာ အမှုမှ တရားသေလွှတ်လိုက်ခြင်းခံရသည်ဖြစ်၍ လွန်ခဲ့သော ၁၈ နှစ်က စွပ်စွဲခံရသော အဖေ့သတင်းဆိုးသည် မြိုင်သာယာတွင် ဘယ် လောက်တောင် ပျံ့လွင့်ခဲ့သလဲဆိုသည်ကိုလည်း ငြိမ်းသိချင် လာသည်။
ထို့ကြောင့် ငြိမ်းသည် မြိုင်သာယာကိုပြန်ပြီး လွန်ခဲ့သည့် ၁၈နှစ်က ရေခဲချောင်းသည်လေး တာရာ အသတ်ခံရသော အမှု ကို ပြန်စုံစမ်း၍ အဖေ မှားယွင်းစွပ်စွဲခံရသောအမှုကို ဖော်ထုတ် ကာ အဖြစ်မှန် သက်သေများနှင့်တကွ မကြည်ပြာကိုယ်တိုင် အဖေ့အား ပြန်တောင်းပန်စေမည်ဟု စဉ်းစားကာ အမှုနှင့် ပတ်သက်သည့်အချက်များ၊ အမှုနှင့်ပတ်သက်သူများ၏ အချက် အလက်များကို စုဆောင်း၍ အဆင်သင့်ဖြစ်ချိန်တွင် ဖခင်အား ရှမ်းပြည်နယ်သို့ အလည်ခရီးသွားမည်ဟုလိမ်ကာ မြိုင်သာယာ ကို ထွက်ခဲ့သည်။
မြိုင်သာယာခရီးတွင် မိမိကိုယ်ကို ဦးမောင်ပြေ၏သမီးအဖြစ် မဟုတ်ဘဲ တရားခံအစစ်ကိုမမိဘဲ အမှုပိတ်ခဲ့ရသော တာရာ၏အမှုကို စိတ်ဝင်စားသည့် တက်သစ်စ စာရေးဆရာမတစ်ယောက် အဖြစ် လွန်ခဲ့သည့် ၁၈ နှစ်က လူသတ်မှုကို ပြန်လည်စုံစမ်းတော့ သည်။ အမှုနှင့်သက်ဆိုင်သော လူနာမည်များ၊ ရွာနာမည်များ နှင့်တကွ အချက်အလက်များကို အသေးစိတ် လိုက်စုံစမ်းသည့် အခါ သိချင်သော အမှုအကြောင်းကို လွယ်လွယ်သိခွင့်ရမည် လား၊ ငြိမ်းလိုချင်သည့်အတိုင်း ဖခင်ဖြစ်သူအား မှားယွင်းစွပ်စွဲမှု ကို ဖော်ထုတ်နိုင်မည်လား၊ တာရာသေဆုံးသည့် အကြောင်းမှန် ကိုရော သိခွင့်ရမည်လား၊ တရားခံအစစ်ကိုပါ တစ်ခါတည်း ဖမ်းမိ လေမည်လား စသည်တို့ကိုမူ လှပ်၍… လွင့်သော ရုပ်ရှင် ဇာတ်ကားကြီးတွင် ဆက်လက်ကြည့်ရှုရမည်ဖြစ်သည်။
လှပ်၍… လွင့်သော သည် ဖြစ်ရပ်မှန်ကိုအခြေခံ၍ ဝတ္ထု ခင်စံပါယ်ဖြူ ရေးသားကာ ဒါရိုက်တာဝိုင်းက ဖန်တီးရိုက်ကူးပြီး ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် ရုပ်ရှင်ကားဖြစ် သည်။ လူမှုအသိုင်းအဝိုင်းတွင် တရားဥပဒေကို မတရားဥပဒေ အဖြစ် ပြုလုပ်ကြခြင်းကိုလည်းကောင်း၊ ငွေကြေးချို့တဲ့ကြသော် လည်း ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရှင်သန်နေသော ဝန်ထမ်းများ၏ စိတ်ဓာတ်ကိုလည်းကောင်း၊ လူအချင်းချင်း ကိုယ်ချင်းစာတရား များ ထားတတ်စေရန်ရည်ရွယ်လျက်လည်းကောင်း ဇာတ်လမ်း ဇာတ်အိမ် ခိုင်မာစွာဖြင့် ဖော်ကျူးရိုက်ကူးထားသော ဇာတ် ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကားတွင် ဦးမောင်ပြေ အဖြစ် ကျော်ရဲအောင်၊ မကြည်ပြာအဖြစ် မို့မို့မြင့်အောင်၊ ခင်ငြိမ်းချမ်းအဖြစ် ဖွေးဖွေးနှင့် မို့မို့မြင်အောင်၏ ငယ်ဘ၀အဖြစ် ခင်ဝင့်ဝါတို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ ရုပ်ရှင်ကို မတ် ၂၂ ရက်မှစ၍ Mega Ace Cineplex ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဟု သိရသည်။
ကိုလင်း
No comments:
Post a Comment