Latest News

Friday, March 1, 2019

ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်နေသည့်နေရာအားရှာဖွေရန် မြေတူးခြင်းလုပ်ငန်းဆောင်ရွက်ရာမှ လူသေဆုံးမှုဖြစ်ပွား

ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်နေသည့်နေရာအားရှာဖွေရန်
မြေတူးခြင်းလုပ်ငန်းဆောင်ရွက်ရာမှ လူသေဆုံးမှုဖြစ်ပွား

မအူပင် ၊ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ အမှတ်(၁)ရပ်ကွက် မအူပင်တံတားချင်းကပ်တိုင်အမှတ် (MA-1)(MA-2)ကြား တံတားအောက်ချင်းကပ်လမ်းနှင့် ပေ(၁၂၀)ခန့်အကွာတွင် မတ် ၁ မွန်းလွဲ ၁၂း၃၀ အချိန်ခန့်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ယိုစိမ့်နေသည့် ဓာတ်ငွေများမီးထတောက်လောင်ပေါက်ကွဲပြီး လူသေဆုံးမှုဖြစ်ပွားခဲ့သည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းမှာမအူပင်(တောင်)ရေနံမြေမှ ညောင်တုန်းရေနံမြေသို့ သွယ်တန်းဆက်သွယ်ထားသည့် (၁၀) လက်မ သဘာဝဓာတ်ငွေပိုက်လိုင်းဖြစ်ပြီး ဓာတ်ငွေအနည်းငယ်ယိုစိမ့်နေသဖြင့်  မအူပင်(တောင်)ရေနံမြေ တာဝန်ခံအင်ဂျင်နီယာမှူးဦးဌေးဝင်းပါ(၉)ဦးတို့မှ ဓာတ်ငွေ့ယိုစိမ့်သည့်နေရာအား ရှာဖွေရန် မြေတူးခြင်းလုပ်ငန်းဆောင်ရွက်နေစဉ် အကျယ်(၄)ပေ၊ အနက်(၅)ပေခွဲခန့် အရောက်တွင် မြေကြီးတူးသည့် ဂေါ်ပြားနှင့် ကျောက်ခဲစတို့ ထိမိပြီး မီးပွင့်ထွက်ရာမှ အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ယိုစိမ့်နေသည့် ဓာတ်ငွေ့များမှ မီးထလောင်ပေါက်ကွဲပြီး မြေတူးခြင်းလုပ်ငန်းဆောင်ရွက်သည့် တာဝန်ခံအင်ဂျင်နီယာမှူးဦးဌေးဝင်း ပါ(၉)ဦးအနက်မှ ဦးမြင့်ကြည်နှင့် ဦးရဲမင်းစိုးတို့(၂)ဦးမှာ ပေါက်ကွဲမှုအရှိန်ကြောင့် တူးဖော်ထားသည့် မြေတွင်း၏ ဘောင်မှ မြေများပြိုကျ၍မြေအောက်၌ပိကာသေဆုံးနေပြီးဦးသိန်းထိုက်ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ဂရုဏာလူမှုကူညီရေးကားဖြင့် မအူပင်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ထားရှိခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့  ခရိုင်မီးသတ်ဦးစီးဌာနဦးစီးမှူးဦးကိုကိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ (၁၂း၄၀) အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မြေကြီးပိသေဆုံးနေသည့် (၂)ဦးနှင့် ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ရန် စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

အောင်ခိုင် (မအူပင်)

No comments:

Post a Comment