Latest News

Wednesday, February 20, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့ စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြော်ငြာစာမူကြမ်း အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့ စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြော်ငြာစာမူကြမ်း အတည်ပြု

နေပြည်တော်   ဖေဖော်ဝါရီ     ၁၉

ဒုတိယအကြိမ်    ပြည်ထောင်စုလွှတ်တော်   (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ   ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး

အစည်းအဝေးတွင်     ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ရန် ဆောင်ရွက်ထားမှုနှင့်စပ်လျဉ်း၍  လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင်   ပထမအကြိမ်   ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင်   ဖွဲ့စည်းပုံအခြေခံဥပဒေ    လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီကို  အဖွဲ့ဝင် ၁၀၉  ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာတွင် ယင်းကော်မတီတွင် ပါဝင် သည့်  ကိုယ်စားလှယ်ဦးရေ  များပြားလွန်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို အဖွဲ့ဝင်  ၃၁ ဦးဖြင့်   ထပ်ဆင့်ဖွဲ့စည်းခဲ့ရာ တွင် ယင်းကော်မတီတွင် ပါဝင်သည့် ကိုယ်စားလှယ်ဦးရေ နည်းပါးခြင်းတို့ကြောင့်     လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာခဲ့ရပြီး ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းဆောင်ရွက်မှုများကို အရေးကြီးအဆို တင်သွင်း သည်မှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ အတည်ပြုသည် အထိ (၂၂)လတိုင်တိုင် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့ ကြောင်းကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။

ပူးပေါင်းကော်မတီဖွဲ့စည်း

ထို့ကြောင့် ယခုတစ်ကြိမ်တွင် မနည်းလွန်း မများလွန်း သော ကိုယ်စားလှယ်အရေအတွက်ဖြစ်သည့် ၄၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ပူးပေါင်း ကော်မတီဖွဲ့စည်းရေးအတွက် ပြည်ထောင်စုလွှတ်တော်  အတွင်းရှိ နိုင်ငံရေးပါတီ(၁၄)ခုနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ   အစုအဖွဲ့အသီးသီးက တာဝန်ခံများနှင့်   ပြည်ထောင်စုလွှတ်တော်နာယက၊  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း၊ ပူးပေါင်းကော်မတီတွင် ပါဝင်မည့် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ (၁၄)ခု၊  တပ်မတော်သား  လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာပါတီ၊ အစုအဖွဲ့ကိုယ်စားပြု  ကိုယ်စားလှယ် များ၏  အမည်စာရင်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီအချိန် နောက်ဆုံးထား၍ နာယက ထံ ပေးပို့နိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံးမှ ရုံးတွင်း စာများ ထုတ်ပြန်အကြောင်းကြားခဲ့သည်ကို တင်ပြအပ်ပါ ကြောင်း။

ပါတီကြီးများနည်းတူ ပါဝင်ဆောင်ရွက်ခွင့်ရရှိ

ပူးပေါင်းကော်မတီကို ကော်မတီဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သည့်နေရာတွင် ဒုတိယနာယကသည် ရာထူးအလျောက်    ပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ပြည်သူ့လွှတ်တော် မှ ပါဝင်ဖွဲ့စည်းမည့် ကိုယ်စားလှယ်အရေအတွက်တွင် ဒုတိယနာယကကို ထည့်သွင်းရေတွက်ခြင်း မပြုပါကြောင်း ကို  တင်ပြအပ်ပါကြောင်း၊  ပူးပေါင်းကော်မတီတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  (၂၂)ဦး၊  ရာထူး အလျောက် ပူးပေါင်းကော်မတီ၏  ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂၁)ဦး စုစုပေါင်း ၄၄ ဦး ပါဝင်ဖွဲ့စည်းမည်ဖြစ်ပါကြောင်း။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေး ပါတီ ၁၄ ခုကို ကိုယ်စားပြုသည့်  လွှတ်တော်ကိုယ်စားလှယ် များ စုစုပေါင်း ၄၈၆ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၅ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း ၆၅၇ ဦး ရှိကြောင်းကို တင်ပြလိုပါကြောင်း။

ကိုယ်စားလှယ်ဦးရေ ၁၀ ဦးအထက်ပါဝင်သည့်  နိုင်ငံရေးပါတီများနှင့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့အတွက် အချိုးကျအရေအတွက် သတ်မှတ်ဖွဲ့စည်း ထားပါကြောင်းနှင့် ကိုယ်စားလှယ်ဦးရေ ၁ ဦးမှ ၅ ဦးအထိ ပါဝင်သည့် နိုင်ငံရေးပါတီများအတွက် တစ်ဦးကျစီ ဖွဲ့စည်း ထားပါကြောင်းကို  တင်ပြအပ်ပါကြောင်း၊   ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည်   ကိုယ်စားလှယ်အရေအတွက် ပါဝင်မှုနည်းပါးသည့် နိုင်ငံရေးပါတီများအနေဖြင့်  ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲပြုစုခြင်းလုပ်ငန်းစဉ် များတွင် ပါတီကြီးများနည်းတူ ပါဝင်ဆောင်ရွက်ခွင့်ရရှိ နိုင်ရန်အတွက် ဖြစ်ပါကြောင်း။

အချိုးကျတွက်ချက်ဖွဲ့စည်း

ပူးပေါင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်  ဒုတိယနာယကမှအပ ပူးပေါင်းကော်မတီဝင် ၄၅ ဦးအနက် ကော်မတီဝင် ၄၄ ဦးကျန်ရှိကြောင်း   တင်ပြခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင်  ကိုယ်စားလှယ်ဦးရေ ၁ ဦးမှ ၅ ဦးအထိ ပါဝင်သည့် နိုင်ငံရေးပါတီ ၁၀ ခု ရှိသည့်အတွက် ၎င်းပါတီများအတွက် ပါတီတစ်ခုလျှင်  တစ်ဦးကျစီဖြင့် စုစုပေါင်း ၁၀ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး၊ ရာထူးအလျောက် အမျိုးသားလွှတ်တော်  ဒုတိယဥက္ကဋ္ဌ ၁ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးကို ၄၄ ဦးထဲမှ နုတ်လိုက်သည့်အခါ ပူးပေါင်းကော်မတီဝင် ၃၂ ဦးဖြည့်စွက်ရန် ကျန်ရှိကြောင်း ကို တင်ပြအပ်ပါကြောင်း။

ကျန်ရှိသည့် ပူးပေါင်းကော်မတီဝင် ၃၂ ဦးအတွက် ပြည်ထောင်စုလွှတ်တော်အတွင်း ကိုယ်စားလှယ် ၁၀ ဦး အထက်ပါဝင်သည့် ပါတီနှင့် တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့တို့အတွက် အချိုးကျတွက်ချက် ဖွဲ့စည်းထား ပါကြောင်း၊ အချိုးအစားနှင့် တွက်ချက်ရာတွင် ဒသမ ဂဏန်းများ  ပါရှိနေသည့်အတွက်  ပူးပေါင်းကော်မတီဝင် ၁ ဦး နေရာလိုနေပါကြောင်း၊ ယင်းတစ်နေရာကို ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြု ကိုယ်စား လှယ်တစ်ဦးကို    ထည့်သွင်းဖွဲ့စည်းထားပါကြောင်း၊  ထို့ကြောင့်    ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် ပူးပေါင်းကော်မတီဝင်နှစ်ဦး ပါဝင်ခွင့်ရရှိပါကြောင်း၊  အမျိုးသားလွှတ်တော်  ဒုတိယဥက္ကဋ္ဌအနေဖြင့်  ရာထူး အလျောက်   ပါဝင်ခွင့်ရရှိထားသည့်အတွက်   ရခိုင် အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊     အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အမည်စာရင်း ပေးပို့လာသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ အချိုးအစားအရ ရရှိထားသည့် ပူးပေါင်းကော်မတီဝင်  ၁၉ ဦးအစား ၁၈ ဦးဖြင့်သာ ထည့်သွင်းဖွဲ့စည်းထားပါ ကြောင်း။

တာဝန်ပေးအပ်သွားမည်
ပါတီများမှ     ကိုယ်စားပြုကော်မတီဝင်များကို ထည့်သွင်းဖွဲ့စည်းရာတွင် (၁)ဦးထက် အမည်စာရင်း ပိုမို တင်သွင်းပိုင်ခွင့်ရှိသည့် နိုင်ငံရေးပါတီများနှင့် တပ်မတော် သား    ကိုယ်စားလှယ်အစုအဖွဲ့တို့မှ    ကိုယ်စားပြု ကော်မတီဝင်များကို ပူးပေါင်းကော်မတီဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (၂)ရပ်မှ တူညီသည့်အရေအတွက်ဖြင့် ထည့်သွင်းဖွဲ့စည်းထား ပါကြောင်း။

ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူးအဖြစ် ရန်ကုန် တိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ် (၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို  တို့ကို တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း။

အားလုံးအတူတကွပူးပေါင်းပါဝင်

ဦးတည်ချက် (၅)ရပ်၊ တာဝန်(၁၄) ရပ်၊ လုပ်ပိုင်ခွင့် (၆)ရပ်၊ လုပ်ထုံးလုပ်နည်း (၄) ရပ်၊ ရပိုင်ခွင့် (၄)ရပ်တို့ ပါရှိပြီး  ပူးပေါင်းကော်မတီ၏ သက်တမ်းသည် စတင် ဖွဲ့စည်းသည့်အချိန်မှ အစီရင်ခံစာတင်သွင်းခြင်း၊  ယင်း အစီရင်ခံစာအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ ဆောင်ရွက်ပြီးမြောက်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ပြုစုရေးဆွဲ၍  ပြည်ထောင်စုလွှတ်တော်သို့  တင်သွင်း နိုင်ရေး  စီစဉ်ဆောင်ရွက်ပြီးသည့်အချိန်အထိဖြစ်သည် ကို တင်ပြပါကြောင်း။

ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို  လေ့လာသုံးသပ်ပြီး  လွှတ်တော်ကို  အစီရင်ခံစာ တင်သွင်းရမည်ဖြစ်ပါကြောင်း၊  ယင်းသို့ အစီရင်ခံစာ တင်ပြသည့်အခါ     သဘောကွဲလွဲသည့်    ပူးပေါင်း ကော်မတီဝင်များရှိပါက သဘောမတူသည့် အချက်များ ကို တစ်ပါတည်းပူးတွဲတင်ပြဆောင်ရွက်ခွင့်ရမည်ဖြစ်ပါ ကြောင်း။

လွှတ်တော်အတွင်း အစီရင်ခံစာပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးသည့်အခါ လွှတ်တော်၏အတည်ပြုချက်ကို ရယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊  လွှတ်တော်၏အတည်ပြုချက်များအပေါ်တွင် အခြေခံပြီး  ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ဆက်လက်ပြုစု ရေးဆွဲသွားမည်ဖြစ်ပါကြောင်း။

ယခုပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေ မူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း  ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွား ရန်ကို ရှင်းရှင်းလင်းလင်း တင်ပြအပ်ပါကြောင်း။

ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို  အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေပါ  ပြဋ္ဌာန်းချက်များ၊  လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်သွားမည်       မဟုတ်ပါကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်၏ အဓိက  အကျဆုံးဖြစ်သည့်      ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် သည့်    ဥပဒေကြမ်းတစ်ရပ်   ပေါ်ပေါက်လာရေးကိုသာ  ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြတ်လမ်းနည်းနှင့် ပြင်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်မည် မဟုတ်ပါကြောင်း၊ တစ်ပါတီ၊ တစ်စုတစ်ဖွဲ့ မှ ဆောင်ရွက်ခြင်းထက် ပြည်သူ့ဆန္ဒအစစ်အမှန်နှင့် ကိုက်ညီသည့်   ပြင်ဆင်ရေးလုပ်ငန်းများကို   အားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အားထုတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို လေးနက်စွာ တင်ပြလိုပါကြောင်း။

ပါဝင်ဖွဲ့စည်းပြီးဖြစ်

ယခုအချိန်အထိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၁၈)ဦး၊ ရခိုင်အမျိုးသားပါတီမှ ကိုယ်စား လှယ် (၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီမှ ကိုယ်စားလှယ် (၂)ဦး၊  တအာင်း(ပလောင်) အမျိုးသားပါတီ၊    ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊   ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊  ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ၀ ဒီမို ကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ် ပါတီတို့မှ  ကိုယ်စားလှယ်(၁)ဦးစီ စုစုပေါင်း နိုင်ငံရေးပါတီ (၁၃) ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့၏ အမည်စာရင်း ပေးပို့ခဲ့ပြီးဖြစ်သည့်အတွက် ယင်းကိုယ်စား လှယ်များ၏ အမည်စာရင်းများကို ပူးပေါင်းကော်မတီတွင် ပါဝင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည့် ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ မူကြမ်းတွင် ပါရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းအနေဖြင့် ပူးပေါင်း ကော်မတီတွင် ပါဝင်ခြင်း မရှိတော့ပါကြောင်းနှင့် ရခိုင် အမျိုးသားပါတီကိုယ်စားပြု  ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်   ဦးမြင့်နိုင်၊   တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးတင်အောင်ထွန်း တို့ကို ပါဝင်ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်     ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ တို့မှ အမည်စာရင်း ပေးပို့လာခြင်းမရှိသေးသည့်အတွက် အမှတ်စဉ်အလိုက်  နေရာများ  ချန်လှပ်ဖွဲ့စည်းထား ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး      ပူးပေါင်း ကော်မတီကို  ဖွဲ့စည်းတာဝန်ပေးအပ်ရန်  ဆောင်ရွက် ထားရှိမှုအခြေအနေများ ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း၊ ဦးတည်ချက်၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ လုပ်ထုံး လုပ်နည်းများ၊ ရပိုင်ခွင့်များနှင့် သက်တမ်းသတ်မှတ်ခြင်း တို့ကို ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း။
ထပ်မံထုတ်ပြန်ပေးမည်

ပူးပေါင်းကော်မတီကို All Inclusive အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုလည်း တစ်ပါတည်းအလေးအနက်ပြု တင်ပြအပ်ပါ ကြောင်း။

သို့ဖြစ်ပါ၍"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ" ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်ကြော်ငြာစာ  မူကြမ်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကို   ဖြန့်ဝေထားပြီးဖြစ်သည့်အတွက်   လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု ဆောင်ရွက်ပေးနိုင်ပါရန်  လေးစားစွာတင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက်   ပြည်ထောင်စုလွှတ်တော်  နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ သဘောမတူသူရှိသည့်အတွက် စက် ခလုတ်အသုံးပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ ၃၈၉ မဲ၊ ကန့်ကွက်မဲ ၁၉၂ မဲ၊ ကြားနေမဲ ၃ မဲ ဖြစ်၍ ထောက်ခံဆန္ဒမဲများသည့်အတွက်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း အမိန့်ကြော်ငြာစာမူကြမ်းကို လွှတ်တော်က အတည်ပြုကြောင်းနှင့် ဖွဲ့စည်းမိန့်၏ နိုင်ငံရေးပါတီအစုအဖွဲ့ အချို့နေရာတွင် ကျန်ရှိနေသည့် အမည်စာရင်းများအတွက် အမည်စာရင်း  ရရှိချိန်တွင်  ထပ်မံထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း ကြေညာသည်။   

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ကျောင်းကုန်းမဲဆန္ဒနယ်မှ  ဦးသိန်းထွန်း  အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုးတင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြရာတွင်    ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၀၅ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ် ရေးထိုးပြီး ပေးပို့ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်က လက်ခံရရှိခဲ့ပါကြောင်း။

အသေးစိတ်လေ့လာစိစစ်
အဆိုပါ ဥပဒေ(မူကြမ်း) တင်ပြလာမှုနှင့်စပ်လျဉ်း၍ စိစစ်ရာတွင် လက်ရှိပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်   စုစုပေါင်း  ၆၅၇ ဦး၏ ၂၀ ရာခိုင်နှုန်းကျော်က လက်မှတ်ရေးထိုးထားသည့်အတွက်    ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ နှင့်အညီ လက်ခံ ဆွေးနွေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ လွှတ်တော်အစည်း အဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာ စိစစ်နိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်  ဥပဒေကြမ်းကော်မတီဝင်အားလုံး ပါဝင်သည့် "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်း    လေ့လာစိစစ်ရေး  ပူးပေါင်းကော်မတီ"ကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ  ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၉) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း။

ဖတ်ကြားတင်ပြ

ယင်းအမိန့်ကြော်ငြာစာနှင့်အတူ ဦးသိန်းထွန်းနှင့်အဖွဲ့ တင်ပြထားသည့် "ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်  ဥပဒေ(မူကြမ်း)"  မိတ္တူတို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါကြောင်း အသိပေးကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါ်အုန်းကြည်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ ကို ဖတ်ကြားတင်ပြသည်။
အမည်စာရင်းတင်သွင်း

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာကို ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

ဒီမိုကရေစီနိုင်ငံသစ်ကို လက်တွဲတည်ဆောက်

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၇- ၂၀၁၈    ဘဏ္ဍာနှစ်     ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ  ဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းများနှင့်စပ်လျဉ်းသည့် စစ်ဆေး တွေ့ရှိချက်အပေါ်  ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ (၃/၂၀၁၉) အပါအဝင်  လွှတ်တော်ကိုယ်စားလှယ် များ၏   ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍   မူဝါဒနှင့် သက်ဆိုင်သည့် အပိုင်း၊ စီမံခန့်ခွဲကြီးကြပ်မှုနှင့် သက်ဆိုင် သည့်အပိုင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင် သည့်  အပိုင်း(၃) ပိုင်းအနက် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးနှင့်သက်ဆိုင်သည့်       စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် စစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက်  ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး လုပ်ငန်းဗဟိုကော်မတီအတွင်းရေးမှူး ဦးခင်မောင်သန်း က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေး ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာပါ အကြံပြုချက်များ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊     လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ လိုအပ်သည့် ဥပဒေလုပ်ထုံးလုပ်နည်း များအား   ပြင်ဆင်ဆောင်ရွက်ခြင်းတို့ဖြင့်   ဒေသနေ ပြည်သူများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရည်ရွယ်ချက်အတိုင်း အကောင် အထည်ဖော်နိုင်မည်ဟု ယုံကြည်ချက်ထားရှိပြီး ပြည်သူ့ ကိုယ်စားလှယ်အပေါင်းက မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးတက်သော   ဒီမိုကရေစီနိုင်ငံသစ်ကို လက်တွဲတည်ဆောက်နိုင်ပါစေကြောင်း    ရှင်းလင်း ပြောကြားသည်။

အတည်ပြုကြောင်းကြေညာ

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောသန်း ထွဋ်က အဆိုပါအစီရင်ခံစာ (၃/၂၀၁၉)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

ထို့နောက်  ပြည်ထောင်စုလွှတ်တော် နာယက က ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အဆိုကို အတည် ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ (၃/၂၀၁၉) ကို လွှတ်တော်က သဘောတူ အတည် ပြုကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အခြေပြစာချုပ်ငယ် (၂) ၏ အတည်ပြုစာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့   ပေးပို့ရန်   ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။

ထောက်ခံဆွေးနွေး

ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က တိုင်း ပြည်၏ ပထဝီအနေအထားအရ မဟာဗျူဟာမြောက် အားသာချက်ကို ယခုလို ဒေသတွင်းနှင့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှု သဘောတူညီချက်များနှင့် ပေါင်းစပ် ပြီး ဒေသတွင်း နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှု ကွင်းဆက်အတွက်  ကုန်တွင်းပိတ်နိုင်ငံများ၊  သင်္ဘော ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းနိုင်ငံများအကြား အချက် အချာဒေသတစ်ခုဖြစ်သည်အထိ  ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် အကြုံပြုဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ် အောင်က ဖြတ်သန်းကုန်စည်များ လွယ်ကူချောမွေ့စေရေး ဆိုင်ရာ အာဆီယံ မူဘောင်သဘောတူညီချက်အရ နယ်စပ်စခန်းများ သတ်မှတ်ခြင်းနှင့် အာဆီယံ အကောက် အခွန် ဖြတ်သန်းကုန်သွယ်မှုစနစ်ကိုသာ သေချာကျင့်သုံး နိုင်မည်ဆိုပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ကုန်စည်များ သယ်ယူပို့ဆောင်မှုတွင် အာဆီယံမူဘောင်  သဘောတူညီချက်အရ ဥပဒေနှင့်အညီ ဆောင်ရွက်သွား နိုင်မည်ဖြစ်သည့်အတွက် တရားမဝင် ကုန်စည်ဖြတ်သန်း ဝင်ရောက်မှုကို တားဆီးနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ်သည့်အတွက် အခြေပြစာချုပ်ငယ်(၂) ၏ အတည်ပြုစာချွန်လွှာကို လွှတ်တော်က အတည်ပြု  သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍     ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ ဒက္ခိဏ သီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းနှင့် မြ၀တီမဲဆန္ဒနယ်မှ  ဦးစိန်ဗိုလ်တို့က ဆက်လက်ဆွေးနွေးကြသည်။

အာဆီယံဖြတ်သန်းကုန်သွယ်မှု

ထို့နောက်   စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင်  အာဆီယံအတွင်း ဖြတ်သန်းကုန်သွယ်မှု ကဏ္ဍ လွယ်ကူချောမွေ့စေရန် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  အာဆီယံဖြတ်သန်းကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် လည်းကောင်း၊ လိုအပ်သော အကောက်ခွန် စည်းမျဉ်း၊ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင်  လွယ်ကူရှင်းလင်းစေခြင်းဖြင့် လည်းကောင်း တစ်ပြေးညီဖြစ်သော  စနစ်နှစ်ခု ဖြစ်ထွန်းစေရန်နှင့်  အာဆီယံ   လွတ်လပ်သော  ကုန်သွယ်မှုပဒေသကို အကောင်အထည်ဖော်ခြင်းတွင် အထောက်အကူဖြစ်စေ ရန်တို့အတွက်  ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ဖြတ်သန်းကုန်စည်များ လွယ်ကူချောမွေ့ စေရေး အာဆီယံမူဘောင်သဘောတူညီချက်၏ အခြေပြ စာချုပ်ငယ်(၂)အတွက် အတည်ပြုစာချွန်လွှာ (Instrument of Ratification) လက်မှတ်ရေးထိုး၍  အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသို့  ပေးပို့နိုင်ရန်  ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁၊ ပုဒ်မခွဲ(က)၏ နောက် ဆက်တွဲ ဇယား ၁၊ အမှတ်စဉ် ၈ ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။

လွှတ်တော်၏ အဆုံးအဖြတ်ရယူ

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အခြေပြစာချုပ်ငယ်(၂) ၏ အတည်ပြုစာချွန်လွှာအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   

   အောင်မော်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment