Latest News

Thursday, February 7, 2019

သွားပြဿနာများနဲ့ ကျွန်တော် (၂)


ကံကောင်းချင်တော့ လျှာရှည်တဲ့ လူနာ၂ယောက်ကို ကြည့်ပေးနေတာက၊
ဆရာဝန်လည်းဖြစ်၊ ဆေးကျောင်းဆရာလည်း ဖြစ်နေပါတယ်။
သူထက်ကံကောင်းတာက အဲ့သည့်နေ့က လူနာကလည်းရှင်းလေတော့
ဆရာကြီးဆီက ပညာတွေကို စကားပြန်ဖြစ်သူ ကျွန်တော်ပါ သိရှိလိုက်ရခြင်းပါ။

စာသင်ကောင်းတဲ့ သူတွေရဲ့ ထုံးစံအတိုင်း၊
မေးခွန်းကို မေးခွန်းနဲ့ ဖြေ။
အဖြေကို မေးခွန်းနဲ့ မေးတတ်လေတော့…..
ဆရာကြီးက ပထမဆုံးမေးခွန်းကတော့
လူတစ်ယောက်မှာရှိတဲ့ တစ်ရှူးအသားစတွေနဲ့ ပိုးမွှားအရေအတွက်နဲ့၊
ဘယ်သူက ပိုများသလဲတဲ့။

အဖြေမှန်လည်း သိမှာ မဟုတ်ဘူးဆိုတာ သိလို့နဲ့ တူပါတယ်။
ဆရာကြီးက ဆက်ပြောပါတယ်။
ရောဂါပိုးမွှားအသစ်တွေ ထည့်မပေါင်းတောင်မှ
လူတစ်ယောက်မှာရှိတဲ့ ပိုးမွှားအရေအတွက်က၊
သူ့ရဲ့ အသွေးအသားတစ်ရှုး အရေအတွက်ထက် များပါတယ်တဲ့။

“ဘယ်မှာအများဆုံးသိလားလဲ သိလား” တဲ့ ထပ်မေးလာတယ်။
ဒီလောက်တော့ သိတာပေါ့ ဆရာရယ်။
အူတွေထဲမှာလို့ ကျွန်တော်က ဖြေလိုက်တယ်။
အေး ဟုတ်တယ်တဲ့။ဘယ်လောက်များသလဲဆိုရင်၊
သာမာန်ဘာရောဂါမှ မရှိတဲ့သူတစ်ယောက်တောင်၊
ပိုးအမျိုးပေါင်း ၄၀၀ကျော်၊
အရေအတွက် ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိတယ်တဲ့။
ဆရာကြီးပြောတာ မြန်မာလို ဘယ်လိုခေါ်မှန်း မသိလို့ ကိန်းဂဏန်းပဲ ချရေးလိုက်ပါတယ်။
ပါးစပ်ထဲမှာကတော့ ပိုးကောင်တွေဟာ
၁၀၀,၀၀၀,၀၀၀ ပဲရှိလို့ မများဘူးလို့ထင်နိုင်သလို၊
အမျိုးအစား ၇၀၀ လောက်ဆိုတော့ နည်းတယ်လို့တော့ မဆိုနိုင်ပါဘူး။
တလက်စတည်းပြောရရင် သွားပိုးစားတယ်ဆိုတာက၊
ပိုးတွေက သွားတွေကို စားတာမဟုတ်။
အဲ့သလို ပါးစပ်ထဲမှာရှိတဲ့ ပိုးတွေက သကြားတွေကို အသုံးချပြီး
အက်စစ်တွေထုပ်၊အဲ့သည့်အက်စစ်တွေက သွားတွေကို ပြိုပျက်စေတဲ့ ရောဂါပါ။
သကြားဆိုတာ ကြံတို့၊ အုန်းသီး၊ ထန်းသီးကနေ ထုတ်တဲ့ဟာမှ မဟုတ်၊
ထမင်းနဲ့ ပေါင်မုန့်လို အစားအသောက်တွေမှာလည်း တော်တော်များများ
ပါဝင်နေတယ်ဆိုတာ လုံးဝမမေ့သင့်ပါဘူး။

ဆရာကြီးစကားကို ကြားတော့ သတိရတာ တစ်ခုရှိလာတယ်။
ကိုယ်ကိုတိုင်ကလည်း ငယ်ငယ်တုန်းက သွားပိုးဆိုတာနဲ့
သွားပိုးစားတာ ဆိုတာကို ခွဲခွဲခြားခြား မသိခဲ့ပါဘူး။
ကြားဖူးတာလေးပါ။
ဧရာဝတီတိုင်းဘက်က သင်္ဘောဆိပ်တစ်ခုမှာ
လူတစ်ယောက်ဟာ ပရဆေးကို ရောင်းနေသတဲ့။
သူရောင်းတာက လေးညှင်းပွင့်လိုလို၊ ရင်ခေါင်းထဲ
ပူဆင်းသွားတဲ့ပစ္စည်းတစ်ခုကို အသုံးပြုလိုက်တဲ့အခါ၊
ပါးစပ်ထဲက သွားပိုးဟာ မနေနိုင်ပဲ ထွက်လာတာကို၊
မုတ်ဆိတ်ညှပ်ကြီးနဲ့ ဆွဲထုတ်ပြသတဲ့။
သတင်းစာ စက္ကူပေါ်မှာ လောက်လိုလို၊
ဝါးပိုးလိုလို တင်ပေးလိုက်တဲ့အခါမှာတော့၊
ဘာဆေးမှန်း မသိတဲ့ သူ့ဆီကဆေးထုပ်ကလေးကို
လုယက်ဝယ်ကြပါတော့သတဲ့။

ဆက်ရန်
သုခ(သား)


မှတ်ချက်…..
သွားပိုးစား = အင်္ဂလိပ်လို Cavity = ဂျာမန်လို Caries ခေါ်ပါတယ်

No comments:

Post a Comment