Latest News

Sunday, February 10, 2019

သွားပြဿနာများနဲ့ ကျွန်တော် (၄)


ဒီအပိုင်းရောက်တော့မှ ကျွန်တော်တို့ သိချင်တာလေးတွေ စသိလာရပါတယ်။
နှလုံးသွေးကြောပိတ်ရောဂါဆိုတာက လွယ်လွယ်နဲ့ပြောရရင် နှလုံးရောဂါ။
ကိုယ်ကိုတိုင်သိထားခဲ့တာလည်း၊ ကျန်းမာရေးမလုပ်၊ ဖင်နဲ့သွား ဖင်နဲ့လာ၊
အစား သောင်းကြမ်းသူတွေမှာ အများအားဖြင့် ဖြစ်တတ်တာလို့ ထင်ခဲ့မိပါတယ်။
အသက်ကြီးလာ၊ ဆေးလိပ်သောက်လို့ နှလုံးသွေးကြောကြီးတွေ မာ,လာရာက
ဖြစ်လာရတာလို့ ထင်ထား၊ သိထားခဲ့ပါတယ်။
ဘယ်လိုနည်းနဲ့မှ ဒီခံတွင်းရောဂါနဲ့ ပါတ်သက်စရာ မရှိဘူးလို့ ထင်ခဲ့မိပါတယ်။

ဒါပေမဲ့ ဒီရောဂါ၂ခုဟာ ဆက်စပ်နေတာကို အခုနောက်ပိုင်း
ကျမ်းမာရေး သုတေသန လုပ်ငန်းတွေကနေ သိလာကြရပါပြီတဲ့။
တစ်လက်စထဲ နှလုံးသွေးကြောပိတ်ရောဂါအကြောင်းကို
ရှင်းပြလိုက်ပါဦးမယ်။
နှလုံးကြွက်သားတွေဟာ နှလုံးပါတ်လည်က သွေးကြောမကြီး ၃ချောင်းကနေပြီး
လိုအပ်တဲ့ အဟာရနဲ့ အောက်ဆီဂျင်ကို စုတ်ယူကြပါတယ်။
အဲ့သည့်သွေးကြောမကြီးတွေက မာကြောလာပြီး သွေးလည်ပါတ်မှု
ညံ့ဖျင်းလာလို့ ဖြစ်ရတာကို လွယ်လွယ်ကူကူ နှလုံးသွေးကြောကျဉ်းရောဂါလို့
ခေါ်လိုက်ပါတယ်။

အဲ့သည့်ရောဂါကတော့ နလုံးဟာ အဖိခံထားသလိုလို၊
နာကျဉ်မှုတွေကို ခဏတစ်ဖြုတ် ခံစားရတဲ့ ရောဂါဖြစ်ပါတယ်။
အဲ့သည့်ရောဂါကနေ တစ်ဖြေးဖြေး ရှေ့တိုးလာတဲ့အခါ၊
နှလုံးသွေးကြောတွေဟာ လုံးဝပိတ်ဆို့သွားပြီး ဖြစ်လာတဲ့၊
အခြေအနေကိုတော့ နှလုံးသွေးကြောပိတ်ရောဂါလို့ ခေါ်ကြပါတယ်။

အဲ့သလို ဖြစ်သွားတဲ့အခါ၊ သတိလစ်သွားသလို ဖြစ်လာတဲ့အထိ ဖြစ်ပွားပြီး၊
အင်မတန်ပြင်းထန်စွာ နှလုံးက နာကျဉ်တတ်ပါတယ်။
ပြီးတော့ နှလုံး ရပ်တန့်သွားတတ်ပါတယ်။
ပြောရရင်တော့ စောစောကအထိ အကောင်းသား၊
ရုပ်တစ်ရက် ဆုံးသွားတယ်ဆိုတာမျိုးအထိ ဖြစ်တတ်ပါတယ်။
အသက်အန္တရာယ်ကို ဖြစ်စေတဲ့ ကြောက်မက်ဖွယ်ရာ ရောဂါတစ်ခုပါ။

အခုနောက်ပိုင်း တွေ့ရှိချက်အရ၊ ဒီလိုမျိုး နှလုံးသွေးကြောမကြီးတွေ
မာကြောလာရတဲ့ဟာ၊ အကြောင်းတရားတစ်ခုဟာ၊
ရေစီးကမ်းပြိုရောဂါဖြစ်စေတဲ့ ခံတွင်းပိုးကြောင့်လို့၊
အဲ့သည့်ကမှ ကူးစက်လာတဲ့ ရောဂါရယ်လို့ စဉ်းစားဖို့ ဖြစ်လာပါတယ်။

ခံတွင်းပိုးဟာ ယောင်ရမ်းနေတဲ့၊ သွားဖုံးတွေကနေတစ်ဆင့်၊
သွေးကြောအတွင်းသို့ ၀င်ရောက်သွားပါတယ်။
အဲ့သလို တစ်ဆင့်ပြီးတစ်ဆင့် သွေးကြောတွေထဲကနေ၊
နောက်ဆုံး နှလုံးသွေးကြောမကြီးထဲအထိ ရောက်သွားတဲ့
ပိုတွေးဟာ သွေးကြောနံရံတွေကို ဖျက်စီးလိုက်၊
သွေးရည်ကြည်တွေကို ပြန်ပြီး ပြုပြင် ဖါထေးလိုက်၊
လုံးလည်လိုက်နေရာက နောက်ဆုံးမှာတော့
နှလုံးသွေးကြောမကြီးတွေဟာ မာကြောလာပါတော့တယ်။

ဘာမဟုတ်တဲ့ ခံတွင်းပိုးကလေးက ခန္ဓ္ဓာကိုယ်ကြီးနဲ့ နှလုံးကို
ဒုက္ခပေးနိုင်တယ်ဆိုတာ တွေးတောင်တွေးမိကြမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ မာကြောနေတဲ့ နှလုံးသွေးကြောကို အဏုကြည့် မှန်ပြောင်းနဲ့
ကြည့်တဲ့အခါမှာ၊ အဲ့သည့် ခံတွင်းပိုးတွေကို မယုံကြည်နိုင်လောက်အောင်
အမြောက်အမြား တွေ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီလို ခံတွင်းရောဂါရှိနေတဲ့လူနာတွေဟာ
၁.၁၅ကနေ ၁.၂၄ဆလောက်အထိ နှလုံးသွေးကြောရောဂါ ဖြစ်ပွားမှုရှိတယ်လို့
ဂျပန်နိုင်ငံ ခံတွင်းပညာရှင်များ အဖွဲ့အစည်း စာစောင်မှာ ဖေါ်ပြထားတယ်လို့လည်း ပြောပြပါတယ်။
တစ်ခုတော့ ရှိသပေါ့။
နှလုံးသွေးကြောမာ၊ သွေးကြောကျဉ်း၊ သွေးကြောပိတ်ဆိုတဲ့
ရောဂါတွေဟာ ခံတွင်းပိုးတစ်ခုတည်းကြောင့် မဆိုလိုနိုင်ပါဘူး။
ဒါပေမဲ့ ဘာမှမကုပဲ ဒီအတိုင်း ပစ်ထားလိုက်တဲ့အခါမှာ၊
တစ်ခြားသောရောဂါတွေ ဖြစ်လာမှာမို့ အမြန်ဆုံး ကုသတာကတော့
အကောင်းဆုံး ဖြစ်လေမလားရယ်လို့

ဆက်ရန်
သုခ(သား)

No comments:

Post a Comment