မန်းရွှေစက်တော်ဘုရားပွဲလာယာဉ်များ ရပ်နားခပေးရန် မလိုတော့
မင်းဘူး ဇန်နဝါရီ ၁၂
ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ ရက်ပေါင်း ၇ဝ ခန့် ကျင်းပသွားမည့် မန်း ရွှေစက်တော်ဘုရားပွဲ၌ မော်တော်ယာဉ် များအပေါ် ယာဉ်ရပ်နားခကောက်ခံ သည့်စနစ်ကို ဖျက်သိမ်းသွားမည်ဖြစ် သဖြင့် ပွဲတော်လာယာဉ်များအနေဖြင့် ယာဉ်ရပ်နားခ ပေးဆောင်ရတော့မည် မဟုတ်ကြောင်း ရွှေစက်တော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ယာဉ်ရပ်နားခကောက်ခံသည့် စနစ် ကို ယခုနှစ်တွင် စ၍ ဖျက်သိမ်းခြင်းဖြစ် ကြောင်း သိရသည်။ ''မနှစ်က ကားကြီး ကွင်းလေလံ ရရှိသူတွေက ယာဉ်အပ်နှံ ကြေးရအောင် ဘုရားပွဲတော်ဝင်ပေါက် မှာ ဂိတ်တွေထားပြီး ငွေကောက်ခံမှုတွေ ရှိခဲ့လို့ ဘုရားဖူးပြည်သူတွေ စိတ်အနှောင့် အယှက် ဖြစ်ခဲ့ကြတာကြောင့် ဒီနှစ်မှာ ကားကြီးကွင်းနှစ်ကွင်းအတွက် လေလံ မခေါ်တော့ဘူး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ရအောင် တစ်လမ်းမောင်းစနစ်နဲ့ ဆောင်ရွက်သွားဖို့ လျာထားပါတယ်''ဟု မကွေးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦးက မီဒီယာ များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘုရားပွဲတော် ကျင်းပရေးအတွက် အနီးကပ်ကြီးကြပ်ရန် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး နှင့် အတွင်းရေးမှူးအဖြစ် ခရိုင်ရဲတပ်ဖွဲ့ မှူးတို့က အသီးသီးတာဝန်ယူကာ ဌာန ဆိုင်ရာများပါဝင်သော လုပ်ငန်းဆိုင်ရာ ကော်မတီနှင့် ဆပ်ကော်မတီ ကိုးခုဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကားရပ်နားခွင့်လေလံ မပါ တော့သည့်အတွက် ယာဉ်ရပ်နားခလည်း ကောက်ခံတော့မည် မဟုတ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
''ယာဉ်ကြောမပိတ်ဖို့တော့ တစ်လမ်း မောင်းစနစ် လုပ်မယ်၊ အောက်စက်တော် ရာနားကနေ အထူးတံတားအထိ ယာဉ် တွေကိုတော့ လာရာလမ်းအတိုင်း ပြန် သွားခွင့်ပေးမယ်၊ အထူးတံတား ကျော် ပြီးတော့ အထက်ဘက် နမ္မဒါအပိုင်းကျ တော့ ဒီဘက်ကို ပြန်မလာတော့ဘဲ ဘုရားပွဲတော် နောက်ကျောလမ်းကနေ ပတ်လမ်း ဖောက်ပေးထားတယ်၊ အဲဒီ ဘက်ကနေ ထွက်ရမယ်၊ ယာဉ်အပ်နှံခ မကောက်တော့ဘဲ ထိန်းသိမ်းပေးဖို့ အတွက် စီမံပေးသွားမယ်၊ တည်းခိုဆောင် တွေရှေ့မှာလည်း ယာဉ်နှစ်စီးကနေ သုံးစီး အထိပဲ ခွင့်ပြုတော့မယ်''ဟု ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြား သည်။
တည်းခိုခန်းခဈေးနှုန်းများ မြင့်တက် ခြင်း၊ ဘုရားပွဲတော်ဝင်ပေါက်တွင် ဂိတ် ထားရှိ၍ ယာဉ်အပ်နှံခကောက်ခံခြင်း တို့ကြောင့် ဘုရားဖူးပြည်သူများ စိတ် အနှောင့်အယှက်ဖြစ်ရသည့် ဖြစ်စဉ်များ ယခင်နှစ်က ရှိခဲ့ကြောင်း၊ ရွှေကြိုဟု ခေါ် သည့် ဧည့်ကြိုများကြောင့် တည်းခိုခန်းခ ဈေးနှုန်းကြီးမြင့်မှု မဖြစ်စေရန်အတွက် ဧည့်ကြိုထားသည့်စနစ်ကိုလည်း ပျောက် သွားအောင် လုပ်ဆောင်သွားရန် အစီ အစဉ်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ဇေယျတု(မကွေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment