Latest News

Saturday, January 12, 2019

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲ မတ် ၂၃ ရက်တွင် ကျင်းပမည်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲ မတ် ၂၃ ရက်တွင် ကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၁ဝ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ပေးအပ်ချီးမြှင့်သည့် ၂ဝ၁၈ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၃ ရက် တွင် ရန်ကုန်မြို့ ရွှေထွဋ်တင်ဝင်း၌ ကျင်းပရန်စီစဉ်ထား ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ''ကျင်းပမယ့်ရက်ကတော့ မတ် ၂၃ ရက်ပါ။ ကျွန်တော် တို့ ရွှေထွဋ်တင်ဝင်းမှာကျင်းပဖို့ အကြမ်းဖျင်းယာယီ လျာထားပါတယ်။ သို့သော် ဒီထက်ပိုမိုပြီးတင့်တယ်တဲ့၊ ဒီထက်ပိုမိုပြီး အဆင်ပြေစွာ၊ ခမ်းနားစွာကျင်းပနိုင်မယ့် နေရာတစ်ခုကိုလည်း ကြိုးစားနေဆဲဖြစ်ပါတယ်။ ရရှိပြီ၊ သေချာပြီဆိုမှ အသိပေးမှာဖြစ်ပါတယ်''ဟု ပြောသည်။

၂ဝ၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင် ဇာတ်ကား ၈၃ ကားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် ပြင်ပပညာရှင်များ စုစုပေါင်း ၄၇ ဦး ပါဝင်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ် ရေးအဖွဲ့မှ အကြိမ်ကြိမ်စိစစ်ကာ ဇာတ်ကားဆု၊ ဒါရိုက်တာ ဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ အဓိကအမျိုးသား ဇာတ်ဆောင်ဆု၊ အဓိကအမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုး သားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ နောက်ခံတေးဂီတဆု၊ အသံဆု၊ တည်းဖြတ်ဆု စသည့် ထူးချွန်ဆုများကို ရွေးချယ် ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါ ဆု ၁၁ ဆုအပြင် ရုပ်ရှင် တစ်သက်တာဆုအပါအဝင် ယခုနှစ်တွင် ထူးချွန်စွာ တီထွင်ဖန်တီးခဲ့ခြင်းမျိုးရှိခဲ့ပါက အထူးဆုအနေဖြင့် ကလေးသရုပ်ဆောင်ဆု၊ အဝတ်အစားအထူးဆု၊ မိတ်ကပ် ဆံပင်အထူးဆု၊ VFX.Animation အထူးဆု၊Sound Design အထူးဆုများကိုပါ ချီးမြှင့်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

''၁၁ ဆုကို အဓိကထားချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မနှစ်က စတင်ချီးမြှင့်တဲ့ ရုပ်ရှင်တစ်သက်တာ ဆုကို ဒီနှစ်မှာလည်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပုဂ္ဂိုလ်ရှိတယ်ဆိုရင်လည်း ချီးမြှင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် အထူးဆုကိုတော့ မူလသတ်မှတ်ထားတဲ့ ၁၁ ဆုထဲမှာ မပါဝင်တဲ့ မိတ်ကပ်၊ အဝတ်အစား၊ ကလေးသရုပ်ဆောင် စသဖြင့် ဒီပညာရပ်တွေထဲက ထူးထူးချွန်ချွန်ရှိလာခဲ့ရင် လည်း ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ ၁၁ ဆုကနေ ၁၃ ဆုကြား ချီးမြှင့်သွားမှာဖြစ်ပါတယ်''ဟု ဦးဇင်ဝိုင်းက ပြောသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ကို ၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ယခုအကြိမ်သည် ၆၃ ကြိမ် မြောက်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ၂ဝ၁၄ ခုနှစ်တွင် တာဝန်ယူကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် ငါးကြိမ် မြောက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-သီသီမင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်

The Mirror Daily

No comments:

Post a Comment