Latest News

Thursday, January 3, 2019

ဦးထုတ်ပြာတွေ ..လာတယ်.. ကြာမယ်

သမတ ဂျိုးဇက် ကဘီလာ bye

ဒီမိုကရက်တစ်ရီပတ်ဘလစ်-ကွန်ဂို ( DRC )မှာ သက္ကရာဇ် ၁၉၉၉-၂၀၀၀ ကတည်းကငြိမ်းချမ်းရေးထိမ်းသိမ်းဘို့ ဆိုပြီး ဦးထုတ်ပြာ ယူအင်န်တပ်တွေ တဖြေးဖြေး ချခဲ့ပါတယ်။ ခုဆိုရင် ကမ္ဘာပေါ်မှာ ယူအင်တပ်အင်အား အများဆုံး ချထားတဲ့ တိုင်းပြည်တွေထဲက တခုဖြစ်နေပြီး ၂၀၁၃ စာရင်း အရ ကျွမ်းကျင်အကဲခတ်ပညာရှင် များ အပါအ၀င် တပ်အင်အား ၂၀၄၅၄ ယောက် အထိ ရှိပါတယ်။ ကုလလုံခြုံရေးကောင်စီ ( UNSC ) ဆုံးဖြတ်ချက် အမှတ် ၁၂၇၉ နဲ့ ၁၉၉၉ တွေအရ တပ်တွေစေလွှတ်ချထားခဲ့တာဖြစ်ပြီး နိုင်ငံ ၆၀ကျော် က လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ခုလို တပ်တွေလွှတ် မထိန်းလို့လဲ မဖြစ်တော့ တဲ့ အထိ အခြေအနေလည်းဆိုးပါတယ်။ ၁၉၉၄ ကနေ ၂၀၀၃ ခုနှစ်အထိ ၁၀နှစ်လောက်အတွင်းကွန်ဂိုနိုင်ငံဟာ အငတ်ဘေး စစ်ဘေးနဲ့ လူ ၅သန်းအထိသေကြပျက်စီးခဲ့ပြီးပါပြီ။

တပ်တွေချထားရတဲ့ အတွက် ကုလ ကုန်ကျစားရိတ်က တနှစ်ကို ဒေါ်လာပေါင်း တစ်ဘီလီယံ မက ကုန်နေပါတယ် ။ အပစ်အခတ်ရပ်ကြ ငြိမ်းချမ်းကြစေဘို့ချထားခဲ့တာဆိုပေမယ့် ခုထိ တပ်တွေ ရုတ်နိုင်မယ့် လမ်း မမြင်။ ပဋိပက္ခပြေလည်စရာ သေချာတဲ့နည်းလမ်းတွေလည်း ရှာနေဆဲ။ ကျွမ်းကျင်သူ တွေ ( နံကြားထောက်လေမလား ) ခန့်မှန်းတာတော့ နောက်ထပ် ၁၅ နှစ်လောက်ဆက်နေရဖွယ် ။ ဆိုတော့ ……နှစ် အစိတ်လောက်ကြာသွားနိုင်တာပေါ့။

အဓိကပြဿနာတွေမှာ ကွန်ဂို နိုင်ငံ ဟာအင်မတန်ကျယ်ဝန်းပြီး ( ဧရိယာ က အနောက်ဥရောပတိုက် တတိုက်စာလောက် ကျယ် ) စိန်-ရွှေ-ကြေးနီ-ကိုဘော့- ဇင့် နဲ့ ကိုလ်တန် ( လက်ကိုင်ဖုန်းတွေ- လျှပ်စစ်ပစ္စည်းနဲ့ လျှပ်စစ်ကားတွေမှာ အလွန်သုံးရတဲ့ သတ္တု ) - စတဲ့ သယံဇာတတွေ အလျှံပယ်ထွက်နေတဲ့ဒေသတွေရှိနေတဲ့ အချက်။ အုပ်စုကွဲ လူမျိုးကွဲတွေအချင်းချင်းကြား မသင့်မတင့်တိုက်ခိုက်နေကြတဲ့အချက်။ ပတ်ဝန်းကျင်နိုင်ငံတွေ က လည်း စစ်ထဲမှာ တနည်းနည်း ပတ်သက်နေကြတဲ့အချက် ။ဒေသအလိုက် စစ်ဘုရင်တွေစိုးမိုးထားတဲ့အချက်တွေပါပါတယ်။ မိုင်းတွင်းတွေရှိရာ ဒေသတိုင်းလိုလို မှာ နယ်မြေလုစစ်ပွဲ လူမျိုးစု လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ မပြီးနိုင် မစီးနိင်၊ ဒီလို စစ်ဖြစ်နေတဲ့ တချိန်ထဲမှာ နိုင်ငံခြားကုမ္ပဏီတွေကလည်း အလွန်တရာကြွယ်ဝလှတဲ့ သယံဇာတတန်ဖိုး ထရီလီယံပေါင်းများစွာကို အလုအယက်ထုတ်ယူလျက်ရှိနေပါတယ်။
စစ်မြေတလင်းပေါ်က ဒေသခံတွေဘ၀ကတော့စစ်ရှောင်ဒုက္ခသည် - မြေဇာပင်ဘ၀တွေပဲပေါ့။

ဒီမိုကရေစီ အိပ်မက် နဲ့ သိသင့်တဲ့ သမိုင်း နောက်ခံ

၁၉၆၀ လောက်မှာ ကွန်ဂိုဟာ ဘယ်ဂျီယံ ကိုလိုနီဘ၀ ကနေ လွတ်လာပြီး ပြည်နယ်ခွဲထွက်ရေးပြဿနာတွေတက်လာချိန်မှာ ရွေးကောက်ပွဲ နဲ့ တက်လာတဲ့ ၀န်ကြီးချုပ်လူမွန်းဘားဟာ ဆိုဗီယက်ဘက်ကို ယိမ်းနေတဲ့အတွက် အမေရိကန်နဲ့ ဘယ်ဂျီယံက စိတ်ပူလာပါတယ်။ ဘယ်ဂျီယံကျောထောက်နောက်ခံ လက်နက်ကိုင်များလက်ချက်နဲ့ ၀န်ကြီးချုပ် လူမွန်းဘား အသတ်ခံရတယ်။ နောက် ကာကွယ်ရေးဦးစီး ဗိုလ်ချုပ် မိုဘူတူက တိုင်းပြည်အာဏာသိမ်းပါတယ်။ ၁၉၆၅ လောက်မှာ အာဏာသိမ်းသမတဗိုလ်ချုပ် မိုဘူတူ က ဒီမိုကရက်တစ် ကွန်ဂို နိုင်ငံကို ဇိုင်ယာဆိုတဲ့ နံမည်ပြောင်းပြီး တပါတီစနစ်နဲ့ ဦးဆောင်အုပ်ချုပ်ပါတယ် ။ရွေးကောက်ပွဲမလို တိုင်းပြည်ကို နှစ် ၃၀လောက်တည်ဆောက်ခဲ့ပါတယ်။ အာဖရိကတိုက် ပထမကမ္ဘာစစ် လို့ ခေါ်ရတဲ့ ၁၉၉၇ စစ်ကြီးဖြစ်တဲ့အထိ နှစ် ၃၀ ကြာ အာဏာမြဲခဲ့ပါတယ်။ အိမ်နီးချင်း ရ၀မ်ဒါ မှာ လူမျိုးတုန်းစစ်ပွဲတွေ ဖြစ်တဲ့ အခါကျမှ ကွန်ဂိုကိုလဲ ပြဿနာ တွေ ကူးစက်သွားခဲ့ပြီး မိုဘူတူ နေဝင်ချိန်ကျလာပါတယ်။

၁၉၉၄ ရ၀မ်ဒါမှာ ဟူတူနဲ့ တွတ်ဆီလူမျိုး၂မျိုး အချင်းချင်း သတ်ဖြတ်ကြပါတယ်။ ဟူတူ လွှမ်းမိုး ထားတဲ့ အစိုးရက တွတ်ဆီတွေကို လူမျိုးတုန်းသတ်ဖြတ်တဲ့အထိလုပ်ရာက ပြဿနာစတာပါ ။ တွတ်ဆီတွေပြန်တိုက်တော့ ဟူတူတွေဖက်က စစ်ရှုံးတယ်။ စစ်ရာဇ၀တ်မှုကျူးလွန်ထားတဲ့ ဟူတူစစ်ခေါင်းဆောင်တွေအပါအ၀င် ဟူတူ လူမျိုး ၂သန်းလောက် အိမ်နီးချင်းကွန်ဂိုကို ပြေးဝင်ကြပါတယ်။ တွတ်ဆီစစ်တပ်ကလည်း ဟူတူတွေကို ကွန်ဂိုထဲအထိ လိုက်ရှင်းလင်း တယ်။ အဲဒီမှာ ကွန်ဂိုသမတ မူဘူတူ အစိုးရက ပြေးလာတဲ့ ဟူတူတွေကို လက်ခံခိုလှုံခွင့်ပြုထားပါတယ်။။ ဒါပေမယ့်ဝင်လာတဲ့ ဟူတူတွေက အေးအေးလူလူ ဒုက္ခသည်စခန်းတွေမှာ မနေနိုင်ဘူး။ဒုက္ခသည်စခန်းတွေကနေ ရ၀မ်ဒါကို ဆက် ရန်ရှာတယ်။ နဂိုတည်းကကွန်ဂိုမှာ ဘိုးစဉ်ဘောင်ဆက် နေလာတဲ့ ဒေသခံ လူနည်းစု တွတ်ဆီတွေကိုရန်ပြု တယ်။ ဒီအရေးကို ငူတူတူ - မူဘူတူ က မကိုင်တွယ်နိုင်ဘူး ။ ရ၀မ်ဒါက အာဏာရ တွတ်ဆီ အစိုးရက မနေဘူး။ ကွန်ဂိုထဲက သူ့လူမျိုး တွတ်ဆီလက်နက်ကိုင်တွေကို လက်နက်ထောက်လို့အားပေးအားမြောက်ပြုတယ်။ အိမ်နီးချင်း ယူဂန်ဒါ အစိုးရကလည်း ရ၀မ်ဒါကို ကူညီတယ်။ ဒီလိုနဲ့ ရ၀မ်ဒါက ကွန်ဂိုထဲအထိ ၀င်တိုက်နိုင်ပြီး - မြို့တော် ကင်ဆာရှာအထိချီတက်။ မူဘူတူအစိုးရကိုဖြုတ်ချနိုင်ခဲ့ပါတယ်။သမတ မူဘူတူက သေ ဘေးလွတ်ရာ မိုရိုကို နိုင်ငံကို ရှောင်ရရှားရပါတယ်။ ကျန်ခဲ့တဲ့ ကွန်ဂိုမှာ ဆက် အုပ်ချုပ်ဘို့ ရ၀မ်ဒါ အစိုးရက ထောက်ခံတဲ့ လောရင့် ကဘီလာ ဆိုသူ -၁၉၉၇ မှာ အာဏာရတယ်။ သူအာဏာရတော့ စလုပ်နိုင်တာ နိုင်ငံနံမည်ပြောင်းတာပါ။ ဇိုင်ယာကနေ တခါ ဒီမိုကရက်တစ် ရီပတ်ဘလစ် ကွန်ဂို ဆိုပြီး ပြန်ပြင်ပါတယ်။

ဒါပေမယ့် တက်လာတဲ့ လောရင့် ကဘီလာ အစိုးရဟာ ရ၀မ်ဒါ အစိုးရဖြစ်စေချင်သလို သူ့နိုင်ငံထဲက ဟူတူသူပုန်တွေကို အမြစ်ပြတ် မရှင်းနိုင်ဘူး။ ဒီလို မနိမ်နင်းနိုင်ရကောင်းလား ဆိုပြီး ရ၀မ်ဒါက ကွန်ဂို ကို စစ်တိုက်တယ်။(ရ၀မ်ဒါဘက်က ယူဂန်ဒါ ပါတော့ ကွန်ဂိုဘက် ကလည်း မနေပါဘူး။ ဇင်ဘာဘွေ -နမီးဘီးယား-အင်ဂိုလာ တို့က ကူကြ မီးထိုးပေးကြပါ တယ် ) အဲဒီလို အဲဒီ ၂နိုင်ငံစစ်ကို အိမ်နီးချင်းအာဖရိက ၉ နိုင်ငံတွေ အားတက်သရောပါဝင် ကူညီကြလို့ ရယ် ၊ဆိုင်ရာဆိုင်ရာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ကလည်း ၀င်တိုက်ကြလို့ရယ် လူ ၅.၄ သန်းအထိသေကြေပျက်ဆီးတယ်။ အဲဒီတော့မှ အာဖရိကန်တွေဟာ ဒီစစ်ဟာ --အာဖရိက ပထမကမ္ဘာစစ် ပါလား လို့ သတိတရားရလာပါတယ်။ ဖက်၂ဖက်လုံး စစ်ရဲ့ ကြမ်းကြုတ်မှုများအတွင်း အင်မတန်ဆိုးဝါးတဲ့ စစ်ရာဇ၀တ်ခေါင်းဆောင်တွေ ပေါ်ခဲ့သလို မုဒိန်းကျင့်တာကို ၂ဖက်လုံးက စစ်လက်နက်လိုအသုံးပြုကြတာကြောင့် အမျိုးသမီးနဲ့ ကလေး တွေလည်း လိင်အကြမ်းဖက်ခံ ရတာ အထူးများပြားခဲ့ပါတယ်။( တနှစ်ကို လူ ၄သိန်းမုဒိန်းကျင့်ခံရတယ်လို့ ခန့်မှန်းကြ) အကြမ်းဖက်ခံ အဲလိုလူနာ တွေအတွက် သီးသန့်ဆေးရုံတည်ထောင်ပြီး အမျိုးသမီးနဲ့ ခလေး လူနာ ၃၀၀၀၀ကျော်ကို ကုသစောင့်ရှောက်ခဲ့တဲ့ ထူးထူးခြားခြား ဆရာဝန်တဦးလည်း ရှိခဲ့ပါတယ်။ သူ့ကိုတော့ နိုဘယ်ဆုကော်မီတီက ၂၀၁၈ ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင်အဖြစ် ယာဇီဒီ အမျိုးသမီးတဦးနဲ့ ပူးတွဲ ဆု ချီးမြှင့်ခဲ့ပါတယ်။ လူအများကြီးသေရတဲ့ ဒီစစ်တွေအတွက် တာဝန်ရှိ အာဖရိက တိုင်းပြည်တွေက ခေါင်းဆောင်တွေ ကွန်ဂို နဲ့ ရ၀မ်ဒါက ခေါင်းဆောင်တွေကို လူမျိုးတုန်း တရားခံတွေအဖြစ် ကုလမှာ ခေါင်းစဉ်အများကြီးရှာတပ်ထားတာတော့ မတွေ့ပါဘူး။
၂၀၀၉ ရောက်တော့ ရ၀မ်ဒါနဲ့ ကွန်ဂို စစ်အတိုက်ပြိုင်တာကို ရပ်လိုက် နိုင်ပါတယ်။ ဒါပေမယ့် ရ၀မ်ဒါနဲ့ ကပ်ရက် ကွန်ဂို အရှေ့ ခြမ်းနယ်မြေထဲမှာတော့ ဒီနေ့အထိ တွတ်ဆီ နဲ့ ဟူတူ အဓိက ၂ဖက် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်သတ်ဖြတ် အကြမ်းဖြစ်တာတွေ ဆက်ဖြစ်နေဆဲပါပဲ။ တချိန်က လူမျိုးတုန်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ သားကောင် တွတ်ဆီလူမျိုးစုတွေဘက်မှာပြန်ပြီး စစ်ရာဇ၀တ်မှုများစွာ ကျူးလွန်တဲ့ စစ်ဘုရင် လောရင့်နကွန်ဒါ ( Tutsi warlord Gen Laurent Nkunda -) နတက်ဂန်ဒါ(Bosco "Terminator" Ntaganda, ) ဆိုတဲ့ အိုင်စီစီ အလိုရှိ စစ်ဘုရင်တွေလည်း ထပ်ပေါ်ပါတယ်။

ဒီနေ့ ကွန်ဂို ရွေးကောက်ပွဲများဆီက သံဝေဂ

၂၀၀၀ ခုနှစ်မှာကွန်ဂို ကို ယူအင်တပ်တွေ တဖြေးဖြေးရောက်လာတဲ့အခါ နိုင်ငံခြားတပ်တွေတဖြေးဖြေး ထွက်သွားကြပါတယ်။ ဒါပေမယ့် ပြည်တွင်းပြဿနာအားလုံးကိုတော့ ဦးထုတ်ပြာတွေ ရှင်းမရပါဘူး။ ၂၀၀၁ မှာ သမတ လောရင့် ကဘီလာ အလုပ်ကြံခံရပြီး သူ့သား ဂျိုးဇက် ကဘီလာ က ကြားဖြတ်အစိုးရတာဝန်ယူတယ်။ ၂၀၀၆ မှာ ပထမအကြိမ်ရွေးကောက်ပွဲလုပ်တော့ ဂျိုးဇက် ကဘီလာပဲ သမတဖြစ်ပါတယ်။ သူက သန်းကောင်စာရင်း တွေ အပြီးကောက်ပြီးမှ ရွေးကောက်ပွဲတွေလုပ်နိုင်မယ်ဆိုတာကို ဖွဲ့စည်းပုံမှာ ပြင်ထည့်လိုက်တဲ့အခါ အတိုက်အခံတွေက ဆန္ဒပြကြပါတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ တိုင်းပြည်လူဦးရေ သန်းကောင်စာရင်းကို ဘယ်အချိန်မှာ ပြီးအောင်ကောက်ကြမလဲ ပေါ့ ။ ၂၀၁၆ မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုပြီး ကတိပေးပါတယ်။ ဒီအချိန်ဆွဲ ဗျူဟာ နဲ့ ၂၀၁၆ အထိ အာဏာကို ရယူလာပေမယ့် ၂၀၁၆ ကျတော့ လည်း သန်းကောင်စာရင်းက မပြီးပါဘူး။ဒီ တခါကျတော့ မဲပေးမယ့်လူစာရင်းကို ၂၀၁၇ ဇူလိုင်မှာ ပြီးအောင်အရင်လုပ်ကြမယ် ။အဲဒါ ပြီးရင် ရွေးကောက်ပွဲပေါ့။ ၂၀၁၇ ဇူလိုင်ရောက်တော့ မဲစာရင်းက မပြီးပြန်ပါဘူး။
အခု ၂၀၁၈ ထဲမှာ ပြီးအောင်လုပ်ဘို့ ကြိုးစားတော့ မြို့တော် ကင်ဆာရှာကြီးမှာ မဲရေတွက်တဲ့ စက် ၈၀ ရာခိုင်နှုန်း က မတော်တဆ မီးလောင်တယ်။ တချို့ ဒေသတွေမှာ အီဘိုလာဖြစ်နေတယ်။ တချို့နေရာတွေက စစ်တိုက်နေတယ်။ ဒီလိုအချက်တွေနဲ့ အချိန်ရွှေ့ ၂၀၁၈ ကုန်သွားပါတယ်။
၂၀၁၉ - အခုတော့ မဲတွေ စပေးနေကြပါပြီ။ ဒါပေမယ့် တပြည်လုံး အင်တာနက်တွေဖြတ်ထားပြီး ဖုန်း ကနေ ဖုန်းမက်ဆေ့ခ်ျတွေ (Tax message )လည်း ပို့မရပါဘူး။ အစိုးရစေတနာက လူတွေမှာ အတည်မပြုနိုင်တဲ့ အရှုံးအနိုင် သတင်းတွေအချင်းချင်း ကြို ဖြန့်ကြရင် တိုင်းပြည် ထိန်းမရမှာ စိုးလို့ ပါ တဲ့။ နိုင်ငံ တကာ က အကူအညီလည်း မယူပါဘူးတဲ့။သူ့ အချုပ်အခြာ ကိုထိခိုက်တယ်တဲ့ ။ အမေရိကန် ပြင်သစ် အင်္ဂလန်နဲ့ အီးယူတို့ကတော့ ရွေးကောက်ပွဲစောင့်ကြည့်ကော်မရှင် ၂ဖွဲ့ကို သွားလာစောင့်ကြည့်ခွင့်ပေးဘို့ တောင်းဆိုထားပါတယ်။
လက်ရှိ သမတ ဂျိုးဇက် ကဘီလာ မှာ ဖွဲ့စည်းပုံအရ သူ့ သက်တမ်းကုန်နေပြီမို့ သမတ ရွေးခွင့် မရှိတော့ပါဘူး။ သူ့ပြည်ထဲရေးဝန်ကြီး ရှတ်ဒရီ Shadary ကို သမတ တင်ဘို့လုပ်နေပါတယ်။ အတိုက်အခံတွေက စီးပွါးရေးလုပ်ငန်းရှင် ဖာယူလူး Fayulu ဆိုသူကို သမတ တင်ချင်နေကြပါတယ်။ ခုထိတော့ အစိုးရကော အတိုက်အခံကကော ရှေ့ကနေ ပြေးနေတယ်လို့ ပြောနေကြပါတယ်။ အတည်မပြု သတင်းများအရတော့ ဖာယူလူး က ပထမ နေရာမှာ ပြေးနေပြီး ရှတ်ဒရီက တတိယနေရာက လိုက်နေတယ်ဆိုပါ တယ်။
ဒီနေ့တက်တဲ့ သတင်းမှာ လူဦးရေ တသန်းလောက်ရှိတဲ့ အတိုက်အခံတွေ အားကောင်းတဲ့ နယ် ၂နယ်ကို ရွေးကောက်ပွဲ မကျင်းပပေးနိုင်ဘူးလို့ အစိုးရက ကပ်ကြေငြာလိုက်ပြန်လို့ အကြမ်းဖက်မှုတွေဖြစ်ပြီး လူတွေသေနေကြပြန်ပါတယ်။
.
သမတ ဂျိုးဇက် ကဘီလာ က တိုင်းပြည်တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် တဖြေးဖြေး ကောင်းမွန်လာနေပါတယ်။ ဦးထုတ်ပြာတွေကို သက္ကရာဇ် ၂၀၂၀ မတိုင်ခင်တိုင်းပြည်က ထွက်သွားစေချင်တယ်လို့ေ ပြာနေပါတယ်။ ဦးထုတ်ပြာတွေကတော့( ပိုက်ဆံကုန်ပေမယ့် )ထွက်လို့ မရသေးပါဘူးတဲ့။ ၁၀ နှစ်ကြာ တပ်တွေချထားတဲ့ကာလမှာ သူ့ကို အတိုက်အခိုက်ခံရလို့ ကျဆုံးတဲ့ ဦးထုတ်ပြာက အရေအတွက် ၂၀၀ လောက် ပဲ ဆိုတော့ သိတ် မဆိုးလှပါဘူး။ တချို့ နေရာတွေမှာလဲ( Gold for Gun ) ဆိုပြီး ကုလတပ်တွေဖက်က သူပုန်တွေကို လက်နက်ရောင်းတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက အမှုတင် ကြ စွပ်စွဲ နေကြပြန်တယ်။ တခြားအမှုတွေလည်း ရှိသေးတယ်။ ဒါပေမယ့် ဒါတွေကို ကုလ သမဂ္ဂ က အတည်မပြုပါဘူး။

ခွန်ဆိုင်း ( ၃-၁-၂၀၁၉ )

No comments:

Post a Comment