Latest News

Wednesday, January 2, 2019

ဦးဝင်းတင်နဲ့နောင်တ မရခြင်းတရား ( ဗိုလ်ခင်ညွန့် )


ဦးဝင်းတင်နဲ့နေထိုင်ခြင်း
ကိုရာဇာ၊ ဇွန် ၁၄၊ ၂၀၁၄

အဘစွဲမြဲစွာယုံကြည်ထားတာက အာဏာရှင် နဲ့ ဒီမိုကရက်တစ်ဟာ ဘယ်တော့မှလက်တွဲမရဘူးဆိုတာ ပဲဖြစ်ပါတယ်။ တိုင်းပြည်ကြီးမှာတူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတာကို အဘအနေနဲ့လက်မခံနိုင်ပါဘူး။ တိုင်း ပြည်ရဲ့ပြသနာဟာ အမှိုက်လိုဖျာအောက်ထိုးထည့်ထားလို့မရဘူး ဆိုတာတသွင်သွင်ပြောပါတယ်။ မတူတာကို လည်းတူအောင်ညှိယူရမယ်လို့ သဘောထားပါတယ်။ ဒါပေမယ့်လို့ခံယူချက်ခြင်း သဘောထားခြင်း အမြင်ခြင်း မတူတာတွေဟာ တိုင်းပြည်ရဲ့ အဓိကပြသနာအဖြစ်ရှုမြင်သုံးသပ်သွားတာပါ။ အခုလက်ရှိအစိုးရဟာ စစ်တပိုင်း အစိုးရဖြစ်ပြီး စစ်အာဏာရှင်အသွင်ပြောင်း စစ်အာဏာရှင်ကိုပဲထပ် ကိုယ်စားပြုနေတာတိုင်းပြည်မှာနေထိုင်သူ တွေအကုန်အသိပါ။ ပြည်သူလူထုဟာ အခုဆိုရင် စစ်တပိုင်းအစိုးရ စစ်တပိုင်းလွှတ်တော်မျက်နှာဖုံး လုံးဝကွာကျ အောင်ခွာချပြတော့မှာဖြစ်ပါတယ်။

တိုင်းပြည်နဲ့အ၀ှမ်းလုပ်ဆောင်နေတဲ့ ဟောပြောပွဲတွေလက်မှတ်ကောက်ခံရေးလှုပ်ရှားမှုတွေ ဟာအဲ့ဒီ မျက်နှာဖုံးခွာချနေတာပဲဖြစ်ပါတယ်။ အယောင်ဆောင်သဘောကောင်းပြတာလည်း ဇာတ်လမ်းပမာ နားဆင်စ ရာလိုအဆုံးသတ်နေပါပြီ။ ဒီနေရာမှာအဘအယူအဆအရတော့ နောက်ကြောင်းပြန်ပြန် နောက်ဂျွမ်းပစ်ပစ်ဂရု စိုက်နေစရာမလိုပါဘူး။ ဒီလိုလှုပ်ရှားမှုတွေဖြစ်လာဖို့စတင် တိုက်တွန်းနိုးဆော်သွားသူဟာအဘဖြစ်ပါတယ်။ အဘကဒီအစိုးရ၊ လွှတ်တော်၊ စစ်တပ်ကိုအယုံကြည်မရှိ ဆိုတာကမ္ဘာသိပြောသွားပါတယ်။ ပြောတာကမှဒေါ်စု (အမေစုကို ဒေါ်စုလို့အဘကအမြဲခေါ်တတ်လို့ပါ ကျနော်မရိုမသေလုပ်တာမဟုတ်ပါ) ကို အတိုက်အခံလုပ်ပြီးတော့ကို ပြောသွားတာပါ။

ကောင်းပါပြီ အဘရဲ့ကမ္ဘာမကျေစိတ်ထားကိုပြန်သွားကြည့်ရအောင်ပါ။ အဘကတယ်လီဖုန်း Rnig tone မှာတောင် ကမ္ဘာမကျေသီချင်းထည့်ထားသူပါ။ တကယ်တမ်းကျတော့ အဘမူဝါဒအရလူထုခံစားချက် အရ ကမ္ဘာမကျေစိတ်ထားနေတာဖြစ်ပါတယ်။ ကိုဖုန်းမော်နှစ်ဆယ့်ငါးနှစ်ပြည့်ပွဲမှာပြောခဲ့တဲ့ မိန့်ခွန်းကိုပြန်နားထောင် ရင်
“ကျနော်တို့ဒီလူတွေကို လက်စားချေဖို့ အာဃာတထားတောမဟုတ်ဘူး…သို့သော် လူထုခံစားချက်အရတော့ ဒီစစ်အာဏာရှင်တွေကို အာဃာတနဲ့ အမှတ်အသားပြုရမယ် …”
ဆိုတာ ကမ္ဘာသိပြောသွားပါတယ်။ အဘက သင်ပုန်း မချေနိုင်ဘူးလားလို့ကျနော် မေးခွန်းတွေမေးမိပါတယ်

“ဒီလိုကွ။ အခု ဒေါ်စုလက်ထက်မှာမှမဟုတ်ဘူး ဦးနုလက်ထက်ကတည်းက “ချေနှစ်ချေ”သဘောတရားက ပေါ်ဖူးပြီးသား။ လက်စားချေမလား သင်ပုန်းချေမလားပေါ့ကွာ။ ဦးနုကတော့ သင်ပုန်းချေရေးပေါ။့ အခုဒေါ်စုက လည်းသင်ပုန်းချေရေးပဲပြောနေတာဟုတ်လား။ သူတို့အနေနဲ့က ရတယ်ကွ။ သူတို့တစ်ဦးချင်းဦးဆောင်နိုင်မှု၊ သူတို့တစ်ဦးချင်း ခေါင်းဆောင်နိုင်မှုတွေနဲ့ သင်ပုန်းချေတရားလက်ကိုင်ထားရတာ။ လူထုကျတော့ အဲ့သလိုမဟုတ်ဘူးကွ ။ မင်းကွာ ငါတို့စာပေမိတ်ဆွေတွေထဲမှာ သားက အပစ်သတ်ခံရတယ်။ သမီးကထွက်ပြေးသွားရတယ်။ ယောက်ကျားက ထောင်ထဲသွားနေရတယ်။ ဒီလိုလူမျိုးအတွက် မဲတင်း၊ မောင်းတင်ပေးရမှာပေါ။့ ငါ့လည်း လူတော်တော်များများ ဒေါ်စုကန့်လန့်တိုက်ပြောနေတယ် ဆိုပြီး အမုန်းပွားလွန်းပါတယ်။ ငါ့ကိစ္စမဟုတ်ဘူးကွ၊ လူထုကိစ္စ။ အဲ့ဒါကြောင့်ပဲ အမုန်းခံပြောနေတာ။”

တကယ်တမ်းကျတော့ သင်ပုန်းချေတာဖြစ်စေ လက်စားချေတာဖြစ်စေ သိပ်မမှန်ဘူးလို့အဘကထင် နေဟန်တူပါတယ်။ နောက်ပြီးပြောစတမ်းဆိုရင် ဒီလူ ဒီလူတွေဟာ အဘကိုနှိပ်စက်ကလူပြုခဲ့သူတွေပါ။ ဒါပေမယ့် အဘက သူ့တစ်ဦးချင်းကိစ္စအပေါ် ဘာခံစားချက်မှထားပုံမပေါ်ပါဘူး။ ဘာ့ကြောင့်ဆို သူ ဒီထောင်နှစ်နှစ်ဆယ်နီးနီး ကိစ္စကို ဘာမှသိပ်မပြောသလို၊ သူ့အပေါ် အမှုဆင် ဉာဏ်ထွင် ညစ်ပတ် ခဲ့တဲ့ စစ်တပ်အပေါ်တောင် အမုန်းစကား ပြောတာမျိုးမကြားဖူးပါဘူး။

အထူးသဖြင့်တော့ သူ့ကို အသက်ခြောက်ဆယ်ကျော်ခါမှ သွားတွေရိုက်ချိုးခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေအပေါ်တောင် ကောက်ချက်ချပြီး ဝေဖန်တာနည်းပါတယ်။
အဲ့ဒီတလောဆီကတော့ အတော်လေးရိုက်ခတ်သွားတဲ့ သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ လှုပ်ခတ်သွားပါတယ်။
အဲ့ဒါကတော့ အဘဦးဝင်းတင်နဲ့ ထောက်လှမ်းရေးချုပ်ဟောင်း ဗိုလ်ခင်ညွန့်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံတစ်ပုံ Facebook အကောင့်တစ်ခုမှာ တင်ထားပါတယ်။ ပုံကတော့ အရေးမကြီးပါဘူး။ စာကတော့ အတော်လေးသွားတယ်ပြောရမှာပါ။ စာရေးထားတာက “ဦးခင်ညွန့်မှ ဦးဝင်းတင်ကို ထိုင်ရှိခိုး ကန်တော့ပြီးတောင်းပန် …” ။ ထိုင်ရှိခိုး နေတဲ့ပုံကိုတော့ နောက်ကျသွားလို့ မရိုက်လိုက်ရဘူးဆိုပြီး တင်ထားတာပါ။ သတင်းသမားတွေ အပြေးအလွှား ဆိုသလို ကျနော့်ဆီ ဖုန်းဆက်အတည်ပြုကြပါတယ်။ ခက်တာက ကျနော်ကလည်း ပါမသွားဆိုတော့ … အဘဆီသာ မေးလို့ အသာပြန်ပြောပါတယ်။
အဘဖုန်း အခေါ်ခက်လို့ပဲလား၊ ခေါ်မရတာလား၊ အဘလိုပုဂ္ဂိုလ်ဆီဖုန်းဆက်ရမှာ မ၀ံ့ရဲလေသလားတော့မသိ၊ ကျနော့်ပဲ ထပ်ကာထပ်ကာ မေးနေပါတော့တယ်။ ကျနော်လည်း ကျနော့်ကိစ္စ လုံးလည်လိုက်နေရင်း၊ အဘဆီ ချက်ခြင်းမသွားနိုင်ဆိုတော့ အခြေအနေက အတော့်ကိုဂွကျပါတယ်။ ဒီလိုသတင်းမျိုးဆိုတာကလည်း အတိမ်း စောင်းခံတာမျိုးမဟုတ်တော့ ပိုဆိုးနေတော့တာပေါ့။
ကျနော်လည်း ညနေကိစ္စတွေဖြတ် အဘဆီသွားပြီး သတင်းမေးရပါတော့တယ်။ အဲ့ဒီမှာ အာဏာရှင်တွေဟာ ဘယ်နံရောအခါမှာမှ နောင်တမရတတ်ကြောင်းကို အကြောင်း စုံ သိခွင့်ရခဲ့ပါတယ်…။ အာဏာရှင်တွေ ဘယ်လိုစိတ်နေထားသလဲ …. ဆိုတော့ …
“အဘက ဗိုလ်ခင်ညွန့်နဲ့ တိတ်တိတ်ကလေးချိန်းတွေ့တာပေါ့လေ။ အဘကို သူ့န၀ဒေးပန်းချီပြခန်း လာကြည့်ဖို့ မဖိတ်သွားဘူးလား …”
ဆိုတော့ အဘကမချိပြုံးပြုံးပါတယ်။ အဘ Facebookကိစ္စ မသိသေးပါ။ အဘ အဲ့ဒီ သတင်းက အတော်လေးပြန့်တယ်နော်ဆိုတော့ အေးပေါ့ကွာ။ ဒီလူတွေက တိုင်းပြည်မှာ ရာထူးကြီးကြီး ယူဖူးတဲ့လူတွေဆိုတော့ သတင်းသမားတွေ စိတ်ဝင်စားတာ မဆန်းပါဘူးတဲ့။ အဲ့သလောက် ကိုယ့်ကိုယ်ကို နှိမ့်ချပြောဆိုတာပါ။ ဒီတော့ ကျနော်သဘောပေါက်သွားပြီးတော့ ခုနFacebook ကိုဖွင့်ပြပါတယ်။ အဘမျက်နှာ နီရဲသွားပါတယ်။ စိတ်ဆိုးရင်ဖြစ်တတ်တဲ့ အဘရဲ့လက္ခဏာတစ်ခုပါ။ ပြီးတော့မှ….
“လူတွေကလည်းခက်တယ်ကွာ….။ ဒီလိုဟာမျိုး မလုပ်ကောင်းဘူးကွ။ သူလည်းမကောင်း၊ ငါလည်းမ ကောင်း၊ အထူးသဖြင့်တော့ ငါအဖို့ မကောင်းဖြစ်မှာပေါ့ကွာ။ ဗိုလ်ခင်ညွန့်အတွက်ဆို ကာဗာတာင် ဖြစ်သွားအုံးမယ်။ ဒီလူမဆိုးဘူး၊ လူကြီးတွေနဲ့တွေ့တော့လည်း တောင်းပန်ဖော်ရသားပဲ … ဆိုတာမျိုးအထိ ဖြစ်သွားမယ်ကွ….” တဲ့။
ဒါဆိုရင် အခုဖြစ်တဲ့သတင်း မမှန်ဘူးလား … ဆိုတော့ မှန်တစ်ဝက် မှားတစ်ဝက် တဲ့ ။ အဲ့ဒီလို သတင်းမျိုး ဘယ်တော့မှ မရေးမိစေနဲ့။ ပြည်သူကို အဆိပ်အတောက်ကျွေးတာနဲ့ အတူတူပဲ။ မှတ်ထားငါ့ကောင်…တဲ့။ ကျနော့်ကိုတောင် သတင်းရေးသားနည်း သင်ဖြစ်အောင်သင်လိုက်သေးတယ်။ “အဖြစ်မှန်ရှင်းမှ ရမှာပေါ့ အဘ …” ဆိုတော့

“ဒီလိုကွာ…. ။ ကိုစိန်ဝင်း(ဂါးဒီယန်းဦးစိန်ဝင်း) ဆုံးတယ်ဆိုတော့ ငါစိတ်မကောင်းဖြစ်သွားတယ်။ အခြားအရာတွေထားကွာ။ သူနဲ့ငါနဲ့နှစ်ပေါင်းများစွာခင်လာတဲ့သတင်းသမားတွေ အဲ့ဒီတော့ သူ့အိမ် သတင်းမေးသွားတာပေါ့။ မအေးအေးဝင်းတို့အဖေပေါ့ကွ….။ မင်းသိတယ်ဟုတ်လား။ အဲ့ဒီကိုစိန်ဝင်းအိမ် ငါငယ်ကပဲ လည်ဖူးတယ်။ ငါရောက်သွားတော့ အိမ်ထဲမှာ လူတော်တော်များများထိုင်နေကြတယ်။ ငါလည်း ကြမ်းပြင်ပေါ်ထိုင်မရတာနဲ့ အပြင်ဖက်ခုံပေါ်ထိုင်နေတာကွ။ အလွမ်းလည်းပြေပေါ့ကွာ။ ငါတို့ငယ်ကပဲ ကိုစိန်ဝင်းအိမ်သွားရင် အဲ့ဒီဆင်ဝင်အောက်ပဲ စကားပြောကြ၊ အလုပ်တွေလုပ်ကြ၊ စားကြသောက်ကြပေါ့ကွာ။ အဲ့ဒါသတိရနေတုန်း … လူတစ်ယောက်ထွက်လာတယ်ကွ။ ငါ့ကို ဆရာကြီး … တဲ့။ ငါလည်း သိပ်မသိဘူးကွ။ သူ တီဗွီတွေမှာလျမ်းလျမ်းတောက်နေတော့ ငါကထောင်ထဲကိုးကွ။ နောက် ဒီလိုဗိုလ်ခင်ညွန့်ကို အပြင်မှာ အရှင်လတ်လတ် တွေ့ဖူးတာမဟုတ်ဘူး။ ထားပါကွာ … ။

ဆရာကြီးတဲ့ ဆရာကြီးအသက် ဘယ်နှစ်နှစ်လဲ … တဲ့။ ကျနော် ခင်ညွန့်ပါဆိုမှ … ငါလည်း ဗိုလ်ခင်ညွန့်မှန်းသိတာလေ။ ကျနော့် အသက်ရှစ်ဆယ့်လေးပါ ဆိုတော့ ဒါဆို ကျနော့်ထက် ဆရာကြီးက ကိုးနှစ်လောက်ကြီးတယ်။ ကျနော်က ခုနှစ်ဆယ့်ငါးပါ ဆိုပြီး သူတို့ထုံးစံ လက်အုပ်ကလေးချီတယ်ကွ။ ပြီးတော့ ဆရာကြီးရယ် … ပြီးတာတွေ ပြီးပါစေတော့ ဆိုပြီး ပြန်လှည့်ထွက်သွားတယ်။

“ဒါဆို အဘက ပြီးတာတွေ ပြီးပြီလား …” ဆိုတော့
“ငါ့တစ်ယောက်ထဲ ကိစ္စကိုပြောရင်တော့ ပြီးတာတွေပြီးပါစေတော့လုပ်လို့ရတယ်။ တတိုင်းပြည်လုံးကိစ္စဆိုရင်တော့ ဘယ်ရမလည်းကွ။ ဒီလူတွေတိုင်းပြည်ကိုဝန်ချရမယ်။ တောင်အာဖရိကလို အမှန်တရားစုံစမ်းဖော်ထုတ်ရေးလို ကော်မတီတွေဖွဲ့ရမယ်။

သူတို့ကြောင့် သေတဲ့လူ၊ ထောင်ချခဲ့တဲ့လူတွေကို အစိုးရ လိုက်တောင်းပန်ဖို့လိုတယ်။ နစ်နာကြေးတွေပေးရလိမ့်မယ်။ အခု ဗိုလ်ခင်ညွန့် ဆိုရင် လက်ရှိအစိုးရနဲ့ မဆိုင်တော့ဘူးကွ…။ ဒါပေမယ့် ဒီနှစ်ဆယ့်ငါးနှစ်အတွင်း လုပ်ခဲ့တာမှန်သမျှ ဒီလူ့လက်ချက်မကင်းဘူး။ ဒီလိုလူကတောင် ပြီးတာတွေပြီးပါစေတော့ဆိုတော့ … ခုနပြောသလို ၀န်ချခြင်း၊ တောင်းပန်ခြင်း အစရှိ လုပ်ဖို့နေနေသာသာ … အရင်ဆုံးတိုက်တွန်းရမှာက ခင်ဗျားတို့တွေ ခင်ဗျားတို့အပြစ်တွေအတွက် နောင်တရကြပါလို့တောင် အရင်ပြောရမလိုပါပဲ… ငါ့ကောင်ရာ……”

စကားဆက်ပြတ်သွားတော့ အာဏာရှင်တွေရဲ့နောင်တ တကယ်တမ်း နောင်တရပါစေအုံး၊ သူတို့နောင်တတရားအတွက် မျက်ရည်ကျပါစေအုံး…။ မိကျောင်းမျက်ရည်ပဲဖြစ်ပါလိမ့်မယ်။ အယင်အစိုးရ လက်ရှိအစိုးရက လူတွေ နောင်တတရားရသလား၊ မရသလားဆိုတာတော့ သူတို့ထောင်ထောင်လွှားလွှား မာန်ဖီနေကြတာသာ ကြည့်ကြပါတော့လို့ ဗျို့ … ဟစ်လိုက်ချင်ပါတော့တယ်။

http://moemaka.blogspot.com/2014/06/blog-post_13.html

No comments:

Post a Comment