ဧရာဝတီတိုင်းဒေသကြီးအတွင်း ငမြှောင်တောင်ပိုးကျရောက်မှုကြောင့် ထိခိုက်ဧရိယာ ၈၈၈၈ ဧက ရှိ
နေပြည်တော် ဇန်န၀ါရီ ၂၅
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး / ပြည်နယ် အချို့တွင် ဖော+ ငမြှောင်တောင်ပိုးများ ကျရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များတွင် အများဆုံး ကျရောက်လျက်ရှိသည်။ ထို့ကြောင့် အဆိုပါ မြို့နယ်များတွင် ဓာတုပိုးသတ်ဆေးဖြင့် ပက်ဖျန်းခြင်းလုပ်ငန်း ပိုမိုထိရောက်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် AAEကုမ်္ပဏီမှ ထိုင်းနိုင်ငံ၌ သီးနှံများ ဆေးဖျန်းကာကွယ်ခြင်းလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော ဒရုန်းဆေးဖျန်း စက်များဖြင့် တစ်နေ့လျှင် ဧက ၈၀ မှ ၁၀၀ အကြား ပက်ဖျန်းပေးလျက်ရှိသည်။
ဟင်္သာတခရိုင်အတွင်း အသုံးပြုပက်ဖျန်းရန် စီစဉ်ဆောင်ရွက်ခဲ့ရာ ဒရုန်းဆေးဖျန်းစက် နှစ်စင်းဖြင့် ဇန်န၀ါရီ ၁၈ ရက်တွင် ဟင်္သာတမြို့နယ်၌ လည်းကောင်း၊ ဇန်န၀ါရီ ၁၉ ရက်မှ ၂၁ ရက်အထိ ဇလွန်မြို့နယ်၌ လည်းကောင်း ပက်ဖျန်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း၂၅၂ ဧက ဆေးဖျန်းကာကွယ်နိုင်ခဲ့ပြီး ဆေးဖျန်းကာကွယ် ခြင်းလုပ်ငန်းကို ယနေ့အထိ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကာကွယ်နှိမ်နင်းမှု တိုးမြှင့်ဆောင်ရွက်
““ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုနှစ်ပြောင်း စိုက်ဧက တစ်သိန်းလေးသောင်းလောက်ရှိရာမှာ ပိုး ကျရောက်မှုများပြီး စီးပွားရေးအရ တွက်ခြေကိုက်တဲ့ အဆင့်ကျော်ပြီး ဆေးဖျန်းဖို့လိုတာက ဧက ၄၀၀၀၀ ကျော်လောက် ရှိပါတယ်။ ၀န်ကြီးဌာနအနေနဲ့လည်း စက်နဲ့ဖျန်းရတဲ့ ဆေးဖျန်းပုံးအလုံး ၁၀၀ ပေးထားပါ တယ်။ တိုင်းဒေသကြီး အစိုးရကလည်း ဆေးဖျန်းပုံးတွေ ပို့ထားတာရှိပါတယ်။ နောက်ပြီး ဆေးကုမ်္ပဏီအချို့က လည်း အရေးပေါ်ဆေးတွေ ပံ့ပိုးပေးထားတာ ရှိပါတယ်။ တောင်သူတွေကိုယ်တိုင် တစ်ပိုင်တစ်နိုင် ဆေးဖျန်းပုံး တွေနဲ့ ပက်ဖျန်းနေတာရှိသလို ဆေးဖျန်းပုံးလိုတဲ့နေရာ တွေမှာလည်း ဒီကဆေးဖျန်းပုံးတွေနဲ့ ၀ိုင်းပြီး လုပ်ဆောင် နေပါတယ်။ ဖော+ ငမြှောင်တောင်ပိုး ကျရောက်နေ တာကတော့ ဟင်္သာတနဲ့ ဇလွန်ဘက်တွေမှာ အဆိုးရွား ဆုံး ကျရောက်နေပါတယ်။ ဇန်န၀ါရီ ၁၈ ရက်ကတည်းက စပြီးတော့ ထိုင်းနိုင်ငံက ကုမ်္ပဏီတစ်ခုရဲ့ အကူအညီ ရယူပြီး ကောင်းကင်ဆေးဖျန်းစက်တွေနဲ့ ပက်ဖျန်း ပေး နေပါတယ်။ ပြည်တွင်းက AAE ကုမ်္ပဏီကအကူ အညီနဲ့ ထိုင်းနိုင်ငံက ဒရုန်းဆေးဖျန်းတဲ့ ကုမ်္ပဏီနဲ့ ချိတ်ဆက်ပြီး ဆေးဖျန်းနေတာ တစ်နေ့ကို ဧက ၈၀-၁၀၀ လောက် ပြီးပါတယ်။ ယနေ့အထိ ဟင်္သာတဘက်မှာ ဆေးပက်ဖျန်းပေးနေတာပါ””ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဩန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြော ကြားသည်။
ပျက်စီးမှုအခြေအနေ
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ စတုတ်္ထပတ်မှစ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြောင်းစိုက်ဧရိယာဧက ၁၄၂၁၂၀ အနက် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နှင့် မြောင်းမြခရိုင်ရှိ မြို့နယ် ၁၅ မြို့နယ် အတွင်း ၁၃၆၀၁၃ ဧကတွင် ပိုးများတွေ့ရှိခဲ့ပြီး ၄၄၀၉၂ ဧကမှာ စီးပွားရေးအရ ထိခိုက်သောအဆင့်တွင် ရှိနေရာ ယနေ့အထိ ထိခိုက်ဧရိယာ ၈၈၈၈ ဧက ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သိရသည်။
““တောင်သူတွေအနေနဲ့တော့ ဘယ်သီးနှံစိုက်စိုက် သီးနှံစိုက်ရင် ပိုးဆိုတာ ကျတတ်တာပဲ။ ကျတာကို ၀ိုင်းဝန်းပြီး ကာကွယ်နှိမ်နင်းနိုင်ဖို့ လိုအပ်ပါတယ်။ အခုကျရောက်နေတဲ့ ဖော+ ငမြှောင်တောင်ပိုးက ကျွန်တော်တို့ဆီမှာ မရှိသေးတဲ့ မျိုးစိတ်အသစ်ဖြစ်တဲ့ အတွက် သူ့ရဲ့ ဖျက်ဆီးမှုစွမ်းအားက လက်ရှိ ရှိနေတဲ့ မျိုးစိတ်တွေရဲ့ ဖျက်ဆီးမှုထက် မြန်တယ်။ ဒါကြောင့် အချိန်မီကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ လယ်သမား တွေအနေနဲ့ ကာကွယ်နှိမ်နင်းလို့ကောင်းတဲ့အဆင့် မှာ ဆေးဖျန်းဖို့လိုအပ်တယ်ဆိုရင် ဆေးဖျန်းပြီး နှိမ်နင်း နိုင်အောင် စိုက်ပျိုးရေး ဦးစီးဌာနက ၀န်ထမ်းတွေနဲ့ ၀ိုင်းဝန်း ဆောင်ရွက်ဖို့လိုပါတယ်။ အခုကျနေတဲ့ ပိုးက ပြောင်းကိုအကြိုက်ဆုံးဖြစ်နေတော့ ပြောင်းခင်းတွေမှာပဲ ကျရောက်နေတာကို တွေ့ရပါတယ်။ အခုပိုးက အမြစ်ပြတ် အောင်လုပ်ဖို့ တော်တော်ခက်ပါတယ်။ စီးပွားရေးအရ ဆုံးရှုံးနိုင်တဲ့အဆင့် မရောက်အောင် ကာကွယ်နိုင်ဖို့ပဲလို တယ်။ ဒီပိုးက လုံးလုံးပျောက်သွားမှာ မဟုတ်တဲ့အတွက် တောင်သူတွေအနေနဲ့ အခုလက်ရှိ ပြောင်းစိုက်တဲ့ရာသီမှာလည်း ဂရုစိုက်ဖို့လိုသလို နောက်နှစ် ပြောင်းစိုက်တဲ့ ရာသီမှာလည်း ဂရုစိုက် ကာကွယ်ဖို့ လိုပါတယ်”” ဟု ၎င်းင်းက ဆက်လက်ပြောကြား သည်။
ငမြှောင်တောင်ဖျက်ပိုး ကျရောက်နေမှုတွင် အစေ့ ထုတ်ပြောင်း အများဆုံးစိုက်ပျိုးထားရှိသော ဇလွန် မြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု များတွင် ပိုမိုများပြားသည်ကို တွေ့ရှိရပြီး ဖူးစား ပြောင်းအများဆုံး စိုက်ပျိုးသော မအူပင် ခရိုင်အတွင်း တွင် ငမြှောင်တောင်ဖျက်ပိုးကျရောက်မှု ရှိသော်လည်း တောင်သူအများစုမှာ စတင်ရိတ်သိမ်းလျက်ရှိပြီး ယနေ့အထိ ၁၃၃၀၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
ပူးပေါင်းပံ့ပိုးဆောင်ရွက်မှုအခြေအနေ
တိုင်းဒေသကြီးအတွင်း ငမြှောင်တောင်ဖျက်ပိုး (Fall Army Worm -FAW) ကျရောက်လျက် ရှိသော ဧရိယာများတွင် ဓာတုဆေးဖြင့် ပက်ဖျန်းခြင်း လုပ်ငန်းအား စုပေါင်းဆောင်ရွက်လျက်ရှိပြီး တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကျောပိုးဆေးဖျန်းစက်အလုံး ၅၀၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ကျောပိုး ဆေးဖျန်း စက် အလုံး ၁၀၀၊ AAEကုမ်္ပဏီမှ ဒရုန်းဆေးဖျန်းစက် လေးစင်း၊MAPCOကုမ်္ပဏီမှ ဒရုန်းဆေးဖျန်းစက် တစ်စင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ဧက၂၀၀၀ စာအတွက် ဓာတုပိုးသတ်ဆေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧက ၂၀၀ စာ ဓာတုပိုးသတ် ဆေး၊ မြန်မာ့သြဘာလုပ်ငန်းစုကုမ်္ပဏီမှ ဧက ၁၀၀ စာ ဓာတုပိုးသတ်ဆေးတို့ကို ပံ့ပိုးကူညီခဲ့သည်။
တိုင်းဒေသကြီးအတွင်း ပြောင်းသီးနှံတွင် ငမြှောင် တောင်ဖျက်ပိုး ကျရောက်သည့် စီးပွားရေးအရ ထိခိုက် စေသောအဆင့် ၄၄၀၉၂ ဧကအား ဓာတုဆေးများဖြင့် ပက်ဖျန်းကာကွယ်နှိမ်နင်းရေးလုပ်ငန်းအား စုပေါင်း ဆောင်ရွက်လျက်ရှိပြီး ထပ်မံရောက်ရှိလာမည့် ဒရုန်း ဆေးဖျန်းစက်နှစ်စင်းအပါအ၀င် ဒရုန်းဆေးဖျန်းစက် ငါးစင်းဖြင့် ဓာတုပိုးသတ်ဆေးများ ပက်ဖျန်းကာကွယ် ခြင်း၊ AAEကုမ်္ပဏီမှ ထပ်မံရောက်ရှိလာမည့် ထွန်စက် ကြီးတွင် တပ်ဆင်အသုံးပြုသော ဆေးဖျန်းစက်(Tractor-mounted Sprayer) နှစ်စီးဖြင့် စိုက်ခင်း ငယ်များတွင် ဆေးဖျန်းခြင်း၊ ကျောပိုးဆေးဖျန်း စက်များ ဖြင့် လူထုပါဝင်စုပေါင်းပက်ဖျန်း ကာကွယ်ခြင်းများအပြင် လူထုဖြင့် စုပေါင်းကောက်ယူ ဖျက်ဆီးခြင်းလုပ်ငန်းကို လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာမှ သိရသည်။
ဇူလိုင်မိုး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment