Latest News

Monday, January 14, 2019

လမ်းကြား မဟုတ်ဘူး


ဒီနိုင်ငံဟာ
အန္ဒိယပြည်နဲ့ တရုတ်ပြည်ကြားထဲက
လမ်းကြားမဟုတ်ဘူး …
ခမ်းနားတဲ့ ရာဇဝင်တွေရှိတယ်
ဆန်းပြားတဲ့ အသိဥာဏ်ပညာတွေရှိတယ်
ပန်းတံတားပေါ်ကို လျှောက်ခဲ့ရတဲ့
အချိန်တွေရှိခဲ့တယ် … ။

အခုအချိန်မှာ
တိုင်းပြည်ဟာ နွမ်းပါးနေတာမှန်တယ်
တချိန်တခါက ရမ်းကားခဲ့တဲ့ သန္ဓေဆိုးနဲ့လူတွေက
အညွန့်အဖျားတွေကိုချိုး
စနစ်ဆိုးတခုကို ထူထောင်ခဲ့ကြတာပေါ့ … ။

လွတ်လပ်ရေး နဲ့ ပြည်တွင်းစစ်က ညီအစ်ကို
ညှီစို့စို့ ဓါးရေးတွေပြလို့ …
တိုင်းပြည်က ဝမ်းလည်းမဝခဲ့သလို
ခါးလည်းမလှခဲ့ရပါဘူး …
အမိယုတ်တော့ နှုတ်ကြမ်း
အဖယုတ်တော့ ကိုယ်ကြမ်း
ဘယ်ဇတ်လမ်းမှာဖြစ်ဖြစ် သူတို့က
ပတ်မကြီးထိုးဖောက်လို့
မင်းသားမဟုတ်ခဲ့တဲ့ သူတွေပေါ့ … ။

သစ်တောတွေ
မြစ်ကြောတွေ
ပတ္တမြားတွေ
ဆန်စပါးတွေ
ဘယ်လိုစားစားမကုန်တဲ့
သဘာဝအရင်းအမြစ်တွေက
သဘောက်တွေလက်ထဲမှာ နွံနစ်
အခုတော့ နိုင်ငံလှည့်လို့ ကျွန်ဖြစ်နေကြပေါ့ …။

ဘာစားစား ကင်ဆာဖြစ်တဲ့ တိုင်းပြည်မှာ
ကြင်ကြင်နာနာနေဖို့ လိုပါတယ်ပေါ့
ဘယ်အချိန်ဖြစ်ဖြစ် အထိကရုဏ်းဆိုတာ
ရွက်ကျပင်ပေါက်တွေလို
ဦးနှောက်သေနေတဲ့ မျိုးဆက်ကိုမှိုင်းမိ
အနာဟောင်း အနာဆွေးလို
ဘယ်တော့မှ အမြစ်ပြတ်အောင် ကုလို့ရမလဲ … ။

အနူးညံ့ဆုံး ဘာသာတရားက
ဆဲရေတိုင်းထွာတဲ့ သင်္ဃန်းခြုံတွေကြားမှာ
ကျဆုံးရတော့မှာလား …
မေတ္တာတရား နဲ့ ရှေ့ ဆောင်တဲ့အဆုံးအမတွေကြားမှာ
လက်မရွံသားတွေလို ငယ်သံပါအောင်အော်ပြီး
အမျိုး ဘာသာ သာသနာ လို့
နှစ်လိုဖွယ်မရှိတဲ့ အသံနက်ကြီးတွေနဲ့
မိုးကြီးချုပ်ရတော့မှာလား … ။

ဒီနိုင်ငံဟာ
အန္ဒိယပြည်နဲ့ တရုတ်ပြည်ကြားထဲက
လမ်းကြားမဟုတ်ဘူး …
နွမ်းပါးနေရလောက်အောင်
ကန္တာရထဲက ရေခမ်းမြစ်မဟုတ်ဘူး …
နွေလမ်းခရီးမှာ အရိပ်ခိုလို့ရအောင်
ရေတမှုတ်တိုက်ဖို့ ဝန်မလေးတဲ့
ယဉ်ကျေးတဲ့ အဆုံးအမတွေကြားက
စနစ်ဆိုးကို ရုန်းကြွခဲ့ကြသည့်
ပြည်သူတွေရှိသော တိုင်းပြည်တခုပါ …။

ညိုမောင်

No comments:

Post a Comment