Latest News

Monday, December 3, 2018

ဝင်းတင်လမ်း



ဒီသစ်ပင်အောက်ကို ဝင်ရင်
ဒါမှမဟုတ် ဒီကန်ရေကို သောက်ရင်
သူစားခွင့်ရှိတယ် ဆိုတဲ့ ပုံပြင်ထဲက ဘီလူးလိုပဲ
တော်လှန်ရေးဟာ ကြီးမြတ်သူတစ်ယောက်ရဲ့ အသက်ကို တောင်းဆိုတတ်တယ်
အဲဒါကို သူပေးခဲ့တာပဲ။

အနာဂါတ်ကို ယုံကြည်လို့သာ ပစ္စုပ္ပန်မှာ ရှင်သန်ခဲ့တာပေါ့
ပစ္စုပ္ပန်မှာ ရှင်သန်ရဲလို့သာ အနာဂါတ်ဆီထွက်သွားရဲတာပေါ့
ရှင်သန်နေချိန် တောင့်ထားခဲ့သမျှ
သေဆုံးချိန်ကို အောင့်မထားနိုင်တာတစ်ခုပဲ
သူ့ကို မှားတယ်ပြောရမယ်
သူက အချိန်တစ်ခုကို စောင့်ခဲ့တာ။

အမှန်တရားရဲ့ စစ်တလင်းမှာ
အံသွားပဲ့နေတဲ့ ခင်ဗျားရဲ့ခံတွင်းက ချစ်ကြည်ခြင်းတေးကို ဆိုတယ်
ခင်ဗျားဟာ သိမ်မွေ့တဲ့ ဆိုရှယ်လစ်ပဲ
တပြိုင်နက်တည်းမှာ စစ်ချီသီချင်းကိုလည်း ဆိုတယ်
ခင်ဗျားဟာ ပြတ်သားတဲ့ ဒီမိုကရက်တစ်ပဲ
တက်အကျိုးမှာ ခွက်ထိုးခံသူတွေကြား ခင်ဗျားက လက်ထိုးဆန်ခဲ့တယ်
ခင်ဗျားဟာ ရိုးဖြောင့်တဲ့ ဂျာနယ်လစ်တစ်ယောက်
ခင်ဗျား လျှောက်ခဲ့တဲ့လမ်းဟာ ကျွန်တော်တို့ လျှောက်ချင်တဲ့လမ်းပါပဲ။

“ခုနေများ သူရှိရင် ..”
ဘယ်သူမတွေးမိဘဲ ရှိမလဲ
သူဘာတွေပြောမလဲ
သူပြောမယ့်စကားတွေ ကိုယ့်ဘာသာကိုယ်တွေးတွေးပြောကြ
(ပြီးတော့လည်း မသွားခင် တစ်ယောက်ယောက်ကို တစ်ခုခုမှာချင်မှာခဲ့ဦးမှာ)

လူကြီးလူကောင်းဆန်တဲ့ရန်သူနဲ့တွေ့ရင်
ဗိုလ်ချုပ်လို ရိုးသားလို့ရပေမယ့်
ဆရာက နတ်ဆိုးနဲ့ တစ်စားပွဲတည်း ညစာ စားခဲ့ရတာ
ခက်ရင်းရှည်ရှည်တစ်ချောင်း ထွက်ရှာဖို့ စဉ်းစားခဲ့မိသေးလား ဆရာ
ကျားမဖြစ်ရင် ကျားစာဖြစ်မှာပဲလား ဆရာ
အကြိမ်ကြိမ် မီးလျှံကြား သံမဏိသားကျခဲ့သူတွေနဲ့
အဲဒီ မီးလျှံကြားမှာပဲ “ဓားမ ဆေးကျ” သံကြွပ်လိုလူတွေကြား
Confrontation နဲ့ အမျိုးသားရင်ကြားစေ့ရေးကြား
အတွေးအခေါ်အရ ကျဆုံးသွားသူတွေ ရှိနိုင်တာပါပဲ ဆရာ။

ရှင်ကျန်ခဲ့သူတွေကလည်း မသေရုံတမယ်ပါပဲ
ကုန်းမြေရာသီဥတုကို ခံတွင်းမတွေ့တဲ့အခါတိုင်း
ပင်လယ်ထဲ ဆရာနဲ့ ရွက်လွှင့်ခဲ့ရတဲ့ကာလတွေ
ပြန်ပြန်လွမ်းမိတယ်။

မမေ့နိုင်စရာအဖြစ်ဆိုးတွေကို မေ့ပစ်နိုင်ဖို့
ကျွန်တော်တို့ ကြိုးစားနေဆဲပါ ဆရာ
ဒါ ကျွန်တော်တို့ရဲ့ ယေဘူယျ နိုင်ငံရေးပါ
မေ့မပစ်သင့်တဲ့ လူစာရင်းကလည်း အရှည်ကြီးပေါ့
ဆရာဟာ “ဒီဘက်ကော်လံ” မှာ ထိပ်ဆုံးကတစ်ယောက်ပါ။

ဆရာ့နာမည်နဲ့လမ်းဟာ ပြင်သစ်မှာပဲ ရှိနေခဲ့တာ မလုံလောက်လို့
ကျွန်တော့် ကဗျာတစ်ပုဒ် ကျောခင်းပေးလိုက်ပါရဲ့ ဆရာ ။
ကိုသန်းထွန်း

No comments:

Post a Comment