ရန်ကုန် မြို့တွင် ဖြတ်သန်းမောင်းနှင်နေသော ကွန်တိန်နာယာဉ် ကြီးအစီးရေ ၆ဝဝဝ ကျော်ရှိပြီး မြန်မာနိုင်ငံ ကုန်သေတ္တာ မော်တော်ယာဉ်များအသင်းတွင် စာရင်းဝင် ၃ဝဝဝ နီးပါးမျှသာ ရှိသေးကြောင်း YRTA မှ သိရသည်။ သို့အတွက် ရန်ကုန် လိုင်စင်ရှိသည့် အစီးအရေအတွက်မှာ ခန့်မှန်းရခက်ကြောင်း YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကွန်တိန်နာယာဉ်ကြီးများမှာ ဗိုလ်တထောင်မြို့နယ်အတွင်း ကွန်ကရစ်လမ်းတစ်လျှောက်မှသည် ကြည့်မြင်တိုင်မြို့နယ် ဟုမ်း လမ်းထိပ်...၊ ¤င်းမှ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ကတ္တရာလမ်း တစ်လျှောက်...၊ ဘုရင့်နောင်ကွန်ကရစ်လမ်းတစ်လျှောက်...၊ ထိုမှ အင်းစိန်လမ်းမ...၊ အမှတ်(၂) လမ်းမ၊ ဒဂုံမြို့သစ်၊ လှိုင်သာ ယာ၊ ရွှေပြည်သာ၊ သန်လျင် စသည့်လမ်းများမှ ကုန်သေတ္တာ ဝင်းများရှိရာတစ်လျှောက် မောင်းနှင်ကြခြင်းဖြစ်သည်။
ယာဉ်မောင်းများငယ်ရွယ်ပြီး သတ်မှတ်လိုင်စင်မရှိ
ယာဉ်မောင်းသူအများစုကို ကြည့်လျှင် ငယ်ရွယ်သူများ အများဆုံးဖြစ်သည်။ အချို့ သတ်မှတ်အရောင်လိုင်စင်များပင် လက်ဝယ်မရှိသူများဖြစ်ကြသည်။ ယာဉ်တိုက်မှုနှင့် အကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ယာဉ်ကြီးများကို ထားပြီး ထွက်ပြေးကြသူများဖြစ်သည်။ နောက်ကိစ္စအုံနာလိုက်ရှင်း ဟူသောအဖြစ်မျိုး ဖြစ်သည်။
ကွန်တိန်နာယာဉ်ကြီးများ စတင်ထွက်ချိန်၊ ပြန်ဝင်ချိန်တို့မှာ အမျိုးမျိုးပြောင်းလဲနေသည်။
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလဆန်းမှစတင်၍ အဓိကလမ်းကြီး များပေါ်တွင် ည ၉ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအတွင်း မောင်းနှင်ခွင့်ပြုခဲ့သည်။
ကွန်တိန်နာယာဉ်ကြီးများ၏ မောင်းနှင်မှုကို အရှေ့ပတ်လမ်း နှင့် အနောက်ပတ်လမ်းဟူ၍ ခွဲခြားပြီး ဖေဖော်ဝါရီ ၇ ရက်မှ စတင်ကာ အရှေ့ပတ်လမ်းတွင် နေ့ဘက်မောင်းနှင်ခြင်းကို ကန့် သတ်ချက်ဖြင့် ခွင့်ပြုပေးခဲ့သည်။ မတ်လတွင် အနောက်ပတ်လမ်း (ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်း)တွင် နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ မောင်းနှင်ခွင့်ပြုခဲ့သည်။
၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကမ်းနားလမ်းပေါ် ၌ မောင်းချိန် တစ်နာရီလျှော့ချလိုက်သည့်အတွက် ယာဉ် အတော်များများ ဖမ်းဆီးခြင်းခံလိုက်ရသည်။
ဆန္ဒထုတ်ဖော်မှုကြောင့် လမ်းပိတ်
အောက်တိုဘာ ၁ဝ ရက် ည ၉ နာရီမှစတင်ကာ ကွန်တိန်နာ ယာဉ်မောင်းသူ ၊ ယာဉ်နောက်လိုက်သူ ၁ဝဝ ကျော်ခန့်က ကြည့်မြင်တိုင် ဟုမ်းလမ်းထိပ်ကွန်ကရစ်လမ်းပေါ်၌ ဆန္ဒထုတ် ဖော်မှုပြုခဲ့ကြသည်။ ကွန်တိန်နာယာဉ်ကြီးများ ကြည့်မြင်တိုင် ကမ်းနားလမ်းတစ်လျှောက်မှသည် ဘုရင့်နောင်လမ်းကြော တစ်လျှောက် ရပ်တန့်ပိတ်ဆို့မှုဖြစ်ခဲ့သည်။ ညလုံးပေါက် ဆန္ဒပြ မှုကြောင့် နောက်တစ်နေ့နံနက်ပိုင်းအထိ ကမ်းနားလမ်း တစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ခဲ့သည်။ ထိုလမ်း ကြောင်းမှ ရုံးသွား သူ၊ ဈေးသွားသူ၊ ကျောင်းသွားသူများအားလုံး ဒုက္ခရောက်ခဲ့ကြရသည်။
တိုင်းဒေသကြီးအစိုးရနှင့် မြန်မာနိုင်ငံ ကုန်သေတ္တာသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အခင်းဖြစ်ရာဆီသို့ဆင်း၍ ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ရသည်။
ကွန်တိန်နာယာဉ်ကြီးများ မောင်းနှင်ချိန်ကို ဆန္ဒဖော်ထုတ် သူများက မူလအတိုင်း ည ၈ နာရီမှ နံနက် ၆ နာရီအထိ မောင်း နှင်ခွင့်ပေးရန်နှင့် နေ့အချိန်တွင် လက်ရှိသတ်မှတ်ထားသော နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအစား နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ခွင့်ပြုရန် တောင်းဆိုကြခြင်း ဖြစ်သည်။
ကြည့်မြင်တိုင်ကမ်းနားဈေးအနီးတွင် နေထိုင်သူ ဒေါ်ညွန့် ဟန်က '' ဒီမိုကရေစီနည်းလမ်းအရ သူတို့အခွင့်အရေး သူတို့ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူတို့ဆန္ဒထုတ်ဖော်မှုက အများပြည်သူခရီးသွားတွေအတွက် အနှောင့်အယှက်မဖြစ်ဖို့ တော့ လိုတာပေါ့''ဟု မှတ်ချက်ပြုခဲ့သည်။
ယင်းအဖြစ်အပျက်များအပေါ် သုံးသပ်၍ YRTA ၊ က.ည.န ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ယာဉ်ထိန်းရဲ၊ အကောက် ခွန်၊ မြန်မာနိုင်ငံ ကုန်သေတ္တာမော်တော်ယာဉ်များအသင်း၊ အေးရှားဝေါ၊ FDA တို့မှ တာဝန်ရှိသူများက အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။
ကုန်သေတ္တာယာဉ်ကြီးများ မှတ်ပုံတင်ရမည်
ကွန်တိန်နာ၊ ကုန်သေတ္တာယာဉ်ကြီးများအားလုံး ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့(YRTA) တွင် မှတ်ပုံတင်ကြရမည်ဖြစ်သည်။ YRTA မှ ထုတ်ပေးသော ကတ်(မှတ်ပုံတင်)ဖြင့်သာ ဆိပ်ကမ်းလမ်း အတွင်းသို့ ဝင်ခွင့်ပြုမည့် အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီဝင်တစ်ဦး က ''ကုန်သေတ္တာယာဉ်တွေအားလုံး YRTA မှာ မှတ်ပုံတင် ပြုလုပ်ရမယ်။ YRTA ကနေ ထိန်းချုပ်သွားမယ်။ မောင်းနှင်မှု အရှိန်သတ်မှတ်တာတွေ၊GPS တွေ တပ်မယ်။Control စင်တာ ကနေ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ပူးပေါင်းအဖွဲ့တွေ ဖွဲ့စည်းမယ်''ဟု ဆိုထားမှုကို ကြားသိထားရသည်။
ယင်းသို့ စီစဉ်မှုများ အမြန်ဆုံးပေါ်လာပါက ဆောင်ရွက် လာနိုင်ပါက ကွန်တိန်နာယာဉ်ကြီးများ သွားလာရာ လမ်း ကြောင်းတစ်လျှောက်ရှိ နေထိုင်သူ အများပြည်သူများ၊ လမ်း ခရီးသွားပြည်သူများ၊ လမ်းတစ်လျှောက် အတူယှဉ်မောင်း ကြရသော ယာဉ်များအနေဖြင့် စိတ်ချမ်းမြေ့စရာတစ်ခု အမှန် ဧကန်ဖြစ်လာနိုင်တော့မည်ဖြစ်ပေသည်။ ။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
No comments:
Post a Comment