Latest News

Friday, December 21, 2018

ဒီမိုကရေစီဟာ အလွန် ဆုတ်ဖြဲကားယားနိုင်သည်ဟု မြင့်သန်းပြောသည်


'နိုင်ငံရေးအာဏာကို ကိုင်တွယ်ထားသည့် (လူရေးသာသည်ဟု မိမိတို့ကိုယ်မိမိတို့ ထင်မှတ်လက်ခံနေ)သူများကသာ အခြားသူတို့အား မရေးရ မပြောရဟူသော အမိန့်ကို ပေးနိုင်ပါသည်' ဟူသောဝါကျဖြင့် စာရေးဆရာမြင့်သန်းက သူ၏ အတွေးနောက်က အရေး ၂ စာအုပ်အမှာစာကို အဆုံးသတ်သည်။
သူ၏ အတွေးနောက်က အရေး ၂ နိုင်ငံတို့၏အရေး။ ပေါက်နဲ့ကျေး။ လောက်လေးခွနဲ့ လောက်စာလုံးနဲ့ ဆိုသည့်စာအုပ်ကို 'အစ' ဟူသောဆောင်းပါးနှင့် စသည်။ ထို အစ ဆောင်းပါးကိုလည်း 'ကျွန်တော်သည် ဒီမိုကရေစီဆိုသော စကားလုံး/ စာလုံးကို ဘဝင်ကျသူ မဟုတ်ပါ' ဟု အစပြုသည်။
သူငယ်စဉ်က ဒီမိုကရေစီအကြောင်းကို စဖတ်တော့ 'ကျွန်တော့်အတွက်မှာမူ ဒီမိုကရေစီသည် အလွန်ဆုတ်ဖြဲကားယားနိုင်သော စနစ်ဟု မြင်မိခဲ့သည်။ အုပ်ချုပ်သူအပိုင်းက တာဝန်မရှိသလို နေ၍ရသောစနစ်တမျိုးဟု မြင်မိသည်' ဟုဆိုသည်။
'မင်း ဖတ်ရလို့ သိထားတဲ့နိုင်ငံရေးနဲ့ တို့ဆီမှာ ဖြစ်နေတဲ့ နိုင်ငံရေးဆိုတာ မတူဘူး။ မင်း ပြောဆိုနေတာတွေက စနစ်အကြောင်း။ စနစ်အရလုပ်တာ။ တို့ဆီမှာက လုပ်နေတာက စနစ်ပဲ။ မင်းအတွက် အန္တရာယ်များမယ်ဟု ဆိုသည်' ဟု မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သည့် သူ့အဖေ၏ ကောက်ချက်ကလည်း စိတ်ဝင်စားစရာ။ ယင်းကောက်ချက်သည် ယခုတိုင် လတ်ဆတ်နေတုန်း။ နိုင်ငံရေးထဲ ပါဝင်ခ့သူမှန်သမျှ အမှုံးခံခဲ့ရ။ လုပ်နေတာက စနစ်ဆိုတာကို ကျင့်သုံးမြဲ ကျင့်သုံးနေသည့် တိုင်းပြည်အတွက်လည်း အန္တရာယ်များနေတုန်း။

သူ နိုင်ငံရေးစနစ်တွေကို သေချာလေ့လာသောအခါ 'ဒီမိုကရေစီသည် ဘာသာစကားဘောင်ထဲမှ လက်ခံနားလည်ပုံနှင့် နိုင်ငံရေးပရဝုဏ်အတွင်း လက်ခံနားလည်ပုံတို့မှာ မတူကြောင်း တွေ့လာရသည်။ အထူးသဖြင့် အပြုအမူပိုင်းတွင်ဖြစ်သည်။ ဤတွင် ငယ်စဉ်က ကျွန်တော်မြင်ခဲ့မိသော 'ဒီမိုကရေစီသည် အလွန်ဆုတ်ဖြဲကားယားနိုင်သောစနစ်' ဟု မြင်မိခဲ့သည့်အမြင်မှာ ပြန်၍ ပေါ်လာတော့သည်။ အလွန်ဆုတ်ဖြဲကားယားနိုင်သောစနစ်ဟု ကျွန်တော်မြင်ခဲ့မိသည်မှာ ဒီမိုကရေစီစနစ်သည် မည်သူ့တွင်မှ တာဝန်မရှိသော အနေအထားသို့ ရောက်နေသောကြောင့် ဖြစ်သည်' ဟု သူ့ငယ်အမြင်ကို ထပ်မံထောက်ခံထားသည်။
နှစ်ဆယ်ရာစုသည် ဒီမိုကရေစီကို နာမည်ဖျက်လိုက်သော ကာလကြီးတခုနှင့် တူနေသေးသည်ဟုဆိုကာ
'ဒီမိုကရေစီကို အနောက်တိုင်းလူဖြူအသင်းအပင်းတို့ ဦးဆောင်သည့် ကုလသမဂ္ဂက ထုတ်လုပ်သော “လူ့အခွင့်အရေး” ဟုဆိုသော အမြင်တစ်ခုနှင့် ရောမွှေလိုက်ကြသည်။ နိုင်ငံရေးနယ်ပယ်တွင် ဒီမိုကရေစီ ဟူသော စကားလုံး/စာလုံးမှာ အုပ်ချုပ်သူ လူတန်းစားက အုပ်ချုပ်ခံများ အပေါ် မင်းတို့ လုပ်ချင်ရာလုပ်၊ တို့လည်း လုပ်ချင်ရာ လုပ်မည်ဟူသော အမြင်ကိုလက်ခံကာ သုံးစွဲလာကြလေသည်။ အထူးသဖြင့်၊ နိုင်ငံငယ်များကိုလိုနီလက်အောက်မှ လွတ်မြောက်လာသော နိုင်ငံများတွင် ဒီမိုကရေစီ စနစ်အရ အုပ်ချုပ်မှုများသည် အရင်းရှင် စီးပွားရေး စနစ်နှင့် ရောထွေးသွားတတ်ကြသည်။(အကျယ်ကို ဒါလ် Robert Dahl၏ On Democracy, Yale University Press ၁၉၉၈တွင် ကြည့်ပါ။) ထို့ကြောင့်ပင် အချို့ နိုင်ငံရေးခေါင်းဆောင်များက ဒီမိုကရေစီ စနစ်မှာ ပိုက်ဆံလိုတယ်ဟု ဆိုကြခြင်း ဖြစ်သည်။ ကြေးရတတ်များကို အားယူရသည်။ ပိုက်ဆံရှိမှ မှားသော အမှားများကို ပြင်နိုင်သည်။ ပိုက်ဆံရှိသဖြင့် အရင်းရှင် စီးပွားရေး အမြင်အရ (အားနည်းသူများကို) ဗိုလ်ကျ စိုးမိုးမှုပြုနိုင်သည်။ ထို့ကြောင့်ပင်လျှင် ဒီမိုကရေစီ နည်းလမ်းအရ အုပ်ချုပ်ခြင်းများတွင် လတ်တလော ဖြေရှင်းမှု များများနေရခြင်း ဖြစ်သည်။ လတ်တလော ဖြေရှင်းမှုများသည် လူမျိုးနှင့် လူ့အဆင့်အတန်း၊ သာမန် ပြည်သူတို့၏ လူမှုဆက်ဆံရေးဘဝကို များစွာ အချိန်ပေး စဉ်းစားထားခြင်း မရှိပေ။ သို့ရာတွင် နိုင်ငံရေးအာဏာနှင့် ရှိရင်းစွဲ ဥပဒေတို့ကို ပေါင်းစည်းကာ လိုလျှင် လိုသလိုသုံးပြီး ပြည်သူတို့ကို နှိပ်ကွပ်နိုင်သည်။ ဥပမာ၊ သံသယပုဒ်မများ၊ အသရေဖျက်မှုပုဒ်မများ၊ နိုင်ငံတော် လုံခြုံရေး အခြေခံပုဒ်မများ.. စသည်တို့မှာ ဒီမိုကရေစီအရ အုပ်ချုပ်သော အာဏာရှင်တိုင်း၏ လက်နက်များဖြစ်သည်။ ထို့ထက် ပို၍ဆိုးရွားသည်မှာ ဒီမိုကရေစီနည်းလမ်းအရ နိုင်ငံတစ်စုံတစ်ခုကို နိုင်ငံရေးအရ လုပ်ကိုင်စွမ်းဆောင်ခွင့် ရသူများ( နိုင်ငံရေး အာဏာ ရသူများ)၏ ငါ လုပ်ပြမယ် ဟူသော ‘ငါကို ဗဟိုပြု အမြင်’ ကြီးမားမှုများ ဖြစ်သည်။ ဒီနေရာမှာ ရတုန်းလုပ်ပြမယ် ဟူသော ပုဂ္ဂိုလ်ဘဝအခြေပြု အမြင်များပင် ဖြစ်သည်။ တိုင်းပြည် အုပ်ချုပ်ရာတွင်၊ ဒီမိုကရေစီ နည်းလမ်းများသည် အုပ်ချုပ်သူများကို တားမထားနိုင်၊ နောက်တစ်ကြိမ် မဲရွေးသည့်အခါ ထိုလူများ မဲ မရသဖြင့် ပြုတ်သွားကြလေသော် သူတို့လုပ်ခဲ့သည့်အထဲမှ မအောင်မြင်ခဲ့သည်များ၊ မပြီးမြောက်ခဲ့သည်များကို နောက်လူက လုပ်ချင်မှ လုပ်တော့မည်။ ပြုတ်သွားသူများတွင်လည်း တာဝန်မရှိ။ ခင်ဗျားတို့ မဲပေးလို့ ကျုပ်နေရာရတာ။ ဒီတော့ လုပ်တယ်။ မဖြစ်တာတော့ မတက်နိုင်ဘူးဟု ဆိုနိုင်သည်။ (ခုနေတော့ အသက်လည်း ကြီးပြီ။ ကျန်းမာရေးကလည်း သိပ်မကောင်းဘူးဆိုသော ဆင်ခြေမျိုး ပေးလိုသော်၊ ပေးနိုင်သေးသည်။) တိုင်းပြည်အတွက် ဘာမျှမဖြစ်လည်း သူတို့တွင် ပင်စင်လစာ ကောင်းကောင်းရပေမည်။ မဲပေးမိသူတို့သည်သာ ဒီမိုကရေစီစနစ်အရ အပြစ်ရှိသူများ ဖြစ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူတို့၏ အုပ်ချုပ်ရေးဟု နားလည်လက်ခံကာ ပေးခဲ့ရသော မဲဆိုသည်မှာ ရေဖိတ်စပါးထက် မပို။
တခါက အမေရိကန်သမ္မတ ဂျွန်ဆင် Lyndon B. Johnson၏ အကြံပေးအရာရှိ ဘ(ရာ)ဇင်စကီး Zbigniew Kazimierz Brzezinski၏ သားဖြစ်သူ မာ့(ခ) Mark Brzezinzki က ရေးခဲ့ဘူးသည်-
ကျွန်တော့်ကျောင်းသူကျောင်းသားတွေကို ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ အနက်ဖော်ကြစမ်းပါလို့ မေးလိုက်မိတယ်။ ကျွန်တော်မျှော်လင့်ထားမိတာက ပုဂ္ဂလိကလွတ်လပ်ခွင့်တို့ အဆောက်အအုံ အသီးသီးအတွင်းက လွတ်လပ်စွာ ရွေးချယ်တင်မြှောက်မှုဆိုတာမျိုးတွေ။ ဒါပေတဲ့ ကျောင်းသူကျောင်းသားတွေက ဒီမိုကရေစီဆိုတာ တိုင်းသူပြည်သားတွေကို အဆင့်အတန်းတခုမှာ ရှိနေဖို့အတွက် အစိုးရမှာ တာဝန်ရှိတဲ့အကြောင်း..။ ကျန်းမာရေး ပညာရေး အိမ်ရာနေရာချထားမှုစတာတွေမှာ အစိုးရရဲ့ တာဝန်ယူမှုတွေအကြောင်း ပြောတယ်။ တနည်းပြောရရင် (အဲဒါတွေဟာ တကယ်တော့) ဆိုရှယ်လစ်စနစ်ပဲ..
သို့ဖြစ်လေရာ၊ ဒီမိုကရေစီဟူသော စာလုံး/စကားလုံးမှာ ယနေ့ခေတ်ကာလတွင် အသုံးတည့်ရုံ သုံးသော စကားလုံး/ စာလုံးသက်သက်မျှသာ ဖြစ်တော့သည်။ ပြည်သူပြည်သား၏ အကျိုးစီးပွားအတွက် မဟုတ်။ ပို၍ ဆိုးရွားလာသည်မှာ၊ ပြည်သူက တင်မြှောက်ထားသည်ဟုဆိုသော ဒီမိုကရေစီ ခေါင်းဆောင်များတွင် ပြည်သူက တင်မြှောက်ထားသဖြင့် လုပ်ချင်ရာ လုပ်နိုင်သည်ဆိုသော အမြင် ပေါက်သွားကြခြင်းလည်း ပါသည်။ ဒီမိုကရေစီစနစ်သည် ကျူးကျော်စစ်ပြုရန်အတွက်လည်း မျက်နှာလွှဲ ခဲပစ် အသုံးချ၍ ရပေသေးသည်။ ထိုမျှသာမက၊ အင်အားကြီး လက်နက်နိုင်ငံများက အင်အားငယ်သော၊ ကိုလိုနီလက်အောက်မှ လွတ်မြောက်လာကြသော၊ တတိယကမ္ဘာ အနေအထားအတိုင်း ဖြစ်နေသေးသော၊ နိုင်ငံများ၏ ပြည်တွင်းရေးများတွင်ပင် ဒီမိုကရေစီတစ်လုံး တွင်တွင်သုံးကာ ဇော်ကလီစွက်နိုင်ကြပေသေးသည်။' ဟု လည်းကောင်း။
'ဒီမိုကရေစီသည် မူလလက်ဟောင်း ဂရိဘာသာစကား၌ အနက်ဖော်သော Demos = သာမန်လူများ၊ Kratos = အုပ်ချုပ်ခြင်း။ သာမန်လူတို့၏ အုပ်ချုပ်မှုဆိုသော ထို အနေအထားမှ ဝေးခဲ့ပြီ ဖြစ်သည်မှာ ကြာလှပေပြီ။ ဒီမိုကရေစီကို ကာကွယ် စောင့်ရှောက်ရန် အလို့ငှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော် တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ စစ်အင်အားဖြင့် သိမ်းပိုက်ခြင်း၊ လူမျိုးကြီးဝါဒ ထူထောင်ကာ လူနည်းစုလူမျိုးများကို မျိုးဖြုတ်ခြင်း၊ လူနည်းစု လူမျိုးစုများအပေါ် ထိန်းကွပ်ကြပ်ညှပ်ထားခြင်း ..များ လုပ်နိုင်သည်ဟု လက်ခံသူများ ရှိသည်ကဲ့သို့..။ ဒီမိုကရေစီစနစ်အရ မဲဆန္ဒပေးကာ ရွေးချယ်တင်မြှောက်ရသဖြင့် နောက်ထပ် ရွေးကောက်ပွဲတွင် မဲမရမည်စိုးသောကြောင့် (မြို့ပြ၊ ပြည်နယ်အဆင့် အုပ်ချုပ်ရသူများက) စည်းကမ်း နည်းလမ်းတကျမရှိဘဲ .. ဥပမာ ၊ လမ်းများပေါ်တက်၊ ရောင်းဝယ်ဖောက်ကားနေသူများ၊ မြို့ပြ၏ အဆင့်အတန်းဖြင့် မနေထိုင်တတ်သူများအား မတားဖြစ်ရဲခြင်း (မြူနီစပယ်အက်ကို မသုံးရဲခြင်း) ဥပဒေအရ အရေးမယူရဲခြင်းများ ရှိပေမည်။' ဟုလည်းကောင်း ပြည်တွင်းပြည်ပ ဒီမိုကရေစီဆုတ်ဖြဲကားယားနိုင်ပုံကို ဖေါ်ကျူးပြသည်။
ယင်းတို့ကို ဒီမိုကရေီ၏အနှစ်သာရကို နိုင်ငံရေးအာဏာက ဖျက်ဆီးလိုက်မှုဟုဆိုကာ 'ကျွန်တော်သည် ဒီမိုကရေစီဟူသော စကားလုံး/စာလုံး အသုံးအနှုံးကို မျက်စိမှိတ်ငြင်းပယ်သူ မဟုတ်ပါ။ အသိပညာ အခြေခံအရ သဘောကျသော်လည်း တကယ်တမ်းဖြစ်မလာနိုင်သော အနေအထားရောက်လာသည့်အတွက် ဖြစ်သင့်ခြင်းနှင့် ဖြစ်နေခြင်းများကို ကည့်ကာ (လေ့လာကာ) လက်မခံနိုင်ခြင်းဖြစ်သည်' ဟု သူ့အယူအဆကို ထပ်မံဆိုပြသည်။
၎င်းက တကယ့်ဒီမိုကရေစီတွင် ပါဝင်ပတ်သက်မှုမှာ လွန်စွာ အရေးကြီးသည်။ ယင်းအချက်ကို မဲဆန္ဒအရ အာဏာရသူများက အမြင်ပြောင်းမှုများက လွှမ်းအုပ်ပစ်နိုင်ကြောင်းကို ထရမ့်နှင့် ဥပမာဆောင်ကာ 'သမ္မတထရမ့်(ပ) Donald Trump က သတင်းစာဆရာများအား 'ငါက သမ္မတ။ မင်းတို့က သမ္မတ မဟုတ်ဘူး' 'I am the president, and they are not.' ဟူသော အပြောမျိုးမှာ ဒီမိုကရေစီနည်းလမ်းတကျ နိုင်ငတခုကို အုပ်ချုပ်ခွင့်ရထားသူတို့၏ အာာရှင်ဆန်သော အမြင်များ ဖြစ်လာသည်။ အာဏာရှင်တို့၏ အထိမခံ ရွှေပန်းကန်အနေအထားသို့ အလိုအလျောက် ပြောင်းလဲသွားခြင်းဖြစ်သည်။ ပါဝင်ပတ်သက်ခြင်းမှ ပိတ်ဆို့ကျပ်ညပ်ခြင်းအသွင်သို့ ကူးပြောင်းသွားလေတော့သည်။ ဒီမိုကရေစီစနစ်၏ (အတွင်းက) အကျိုးသက်ရောက်မှုရှိစွာ ပါဝင်ပတ်သက်နိုင်မှုသည် (ယနေ့ကာလ၏) ဒီမိုကရေစီ အာဏာရများလက်တွင်း၌ အရေးမပါတော့ချေ။' ဟု ပြောသည်။ ဒီမိုကရေစီသည် 'လူအများ၏ အုပ်ချုပ်ရေး' သို့မဟုတ် 'သာမန်လူများ၏ အုပ်ချုပ်ခြင်း' ဆိုသည့်ကနဦးအနက်ရှိပေသည့် အုပ်ချုပ်ခြင်းတိုင်းတွင် အာဏာများပါသည်။ ထို့ကြောင့် နိုင်ငံ့အကျိးစီးပွားအတွက် 'လိုအပ်စွာ' အာဏာရှင်ဆန်ရခြင်းမျိုးကို လီကွမ်ယုနှင့် ချိန်ထိုးပြသည်။ လူတွေရဲ့အကျင့်စရိုက်တွေကို ပြင်ဖို့ သုံးခဲ့သည်တဲ့။ တဆက်တည်းမှာ စင်္ကာပူအိပ်မက် မက်သူများကို 'တတိယကမ္ဘာထဲမှ တိုင်းပြည်တချို့က စင်္ကာပူနိုင်ငံကဲ့သို့ ဆယ်နှစ်အတွင်းဖြစ်လာမည်ဟု စိတ်ကူးယဉ်ကာ ကြုံးဝါးတတ်ကြသည်။ သို့ရာတွင် ဝေး၍ ဝေး၍သာ သွားနေကြတော့သည်။ လွယ်ကူသော ဥပမာတခု ပြရသော် စည်းမဲ့ကမ်းမဲ့ လမ်းပေါ်တက် ဈေးရောင်းနေသူများကိုပင် ဥပဒေအရ မထိန်းသိမ်းရဲသော အရပ်မျိုးတွင်မူ ဒီမိုကရေစီစနစ်အရ (တို့လက်ထဲ အာဏာမြဲမို့ နောက်တကြိမ် ရွေးကောက်ပွဲ၌) မဲရရန်သာ အရေးကြီးသည် မဟုတ်ပါလား။' ဟု ပြောသွားသေးသည်။

ဒီမိုကရေစီမှာ ရင့်ကျက်မှုလိုသည်ဟု ပြောရင်း နိုင်ငံရေးနှင့် ဒီမိုကရေစီကို သတိပြုဖွယ် ပိုင်းခြားပြသည်မှာ 'ကွန်လွန်သူ ပါမောက္ခ ခရစ်(ခ) Bernard Crick ၏ စာတမ်းတစ်စောင်တွင် နိုင်ငံရေးသည် ဒီမိုကရေစီ၏ အရင် ရှိနေသောသဘောကို ဆိုခဲ့သည်။ နိုင်ငံရေး၏ ဖြစ်စဉ် (ဖြစ်-ပျက်နေခြင်း) အဆင်မချောလျှင် ဒီမိုကရေစီ နည်းလမ်းတကျလုပ်ခြင်းကို အကောင်အထည် မဖော်နိုင်။ အကယ်၍ အုပ်ချုပ်သူတို့က သူတို့ နိုင်ငံရေးလုပ်ရပ်များတွင် ‘ငါလုပ်ချင်တာ လုပ်မယ်’ သို့မဟုတ် ‘လုပ်ပြမယ်’ ဟူသော အမြင် အခြေခံဖြင့် စခဲ့လေသော်၊ နိုင်ငံရေး လုပ်ဆောင်သမှု (အပြုအမူ) အတွင်း၌ ဒီမိုကရေစီ ဆိုသည်မှာ မရှိတော့ဟု ဆိုရုံပင် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ဒီမိုကရေစီကို အတိတ်ကရှိခဲ့သော အနက်အရလည်းကောင်း။ သညာတခုအဖြစ် နားလည်မှတ်ယူခ့ခြင်းများသည်လည်းကောင်း မမှန်နိုင်တော့။ နိုင်ငရေးအရ သုံးစွဲလာသည့် အပိုင်းမှာမူ အဆိုးရွားဆုံးဖြစ်သည်။ အုပ်ချုပ်ခံ ပြည်သူ တို့သည် အုပ်ချုပ်သူ လူတစ်စု၏ အဆုံးအဖြတ်တွင်သာ တည်နေရသည်။ နိုင်ငံငယ်များတွင်သော် 'ပွင့်လင်းမှု' ဆိုသည်မှာ မရှိတော့။ အုပ်ချုပ်သူတို့ ကမ္ဘာလှည့် လက်ဝါးချင်ရိုက် လက်ဆွဲနှုတ်ဆက်နေကြချိန်တွင် အုပ်ချုပ်ခံပြည်သူတို့သည် နတ်ကရာ-ကြည့်မောကြရုံသာရှိတော့သည်။'တဲ့ ခများ။
မောင်လူရေး

No comments:

Post a Comment