ကမ္ဘာပေါ်ရှိ မိသားစုတိုင်းသည် ငြိမ်းချမ်းသောမိသားစု လေးများ ဖြစ်မည်ဆိုလျှင် ဤလောကကြီးသည် ရှုမငြီးဖွယ် ဖြစ်နေပါလိမ့်မည်။ မိဘနှင့်သားသမီး အပေးအယူမျှတ စွာဖြင့် နားလည်ခွင့်လွှတ်ခြင်းတို့နှင့် ခရီးဆက်ကြလျှင် ပွင့်သောပန်းတိုင်းလန်းနေသကဲ့သို့ မိသားစုတိုင်းသည် နွေးထွေးလုံခြုံစွာ အေးချမ်းသာယာနေပေမည်။
မိဘဟူသည် တစ်ချိန်က သားသမီးများဖြစ်ကြသလို သားသမီးတို့သည်လည်း နောင်တစ်ချိန်တွင် မိဘများဖြစ် လာကြပေမည်။ သားသမီးဖြစ်စဉ် မိဘများ၏ ကျွေးမွေးပြုစု စောင့်ရှောက်မှုဖြင့် လူလားမြောက်ခွင့်ရကြသည်။ မိဘများအဖြစ် ရောက်ရှိပြန်သောအခါတွင် သားသမီးများကို ပြုစုပျိုးထောင်ပေး၍ ဘဝခရီးကို ဆက်ကြရပြန်၏။ ဤ အရာသည်ပင် လောကနိယာမ ဖြစ်လေတော့၏။
လူသားတို့သည် သဘာဝတရား၏ ပြောင်းလဲခြင်း နိယာမအောက်မှာ နေထိုင်ရှင်သန်ကြလျက် မိဘနှင့် သားသမီးဆိုသော အမည်ပညတ်ချက်တို့ကို ကိုင်ဆွဲကာ လောကအလှတရားတို့ကို ဖန်ဆင်းနေထိုင်ကြလေသည်။ ထိုလောကအလှတရားတို့ကို ဖန်ဆင်းရာ၌ နောင်တစ်ချိန် မိဘဖြစ်လာမည့် သာသမီးတို့သည် ရှေးဦးမိဘများထံမှ အသိပညာတို့ကို လေ့လာသင်ယူကြရသည်။ မိသားစုဆို သော နေထိုင်မှုစနစ်ကို အနီးကပ်မှတ်သားကြရသည်။ လူသားတစ်ယောက်၏ တာဝန်နှင့်ဝတ္တရားတို့ကို မှတ်သား သင်ယူလျက် ဘဝခရီးကို လျှောက်လှမ်းနေကြသူများဖြစ် သည်။
မိဘတို့သည် သာသမီးများအတွက် လက်ဦးဆရာများ ဖြစ်၏။ 'လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဘ' ဟု အဆိုရှိလေ၏။ မိမိအသွေးအသားမှဖြစ်တည်၍ မိမိတို့ရင်မှဖွားသော သားသမီးတို့ကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်လာသော အချိန်မှစ၍ ကျွေးမွေး စောင့်ရှောက်ခဲ့ကြရသည်။
'မကောင်မြစ်တာ ကောင်းရာညွှန်လတ်
အတတ်သင်စေ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်
ဖခင်မယ်တို့တာ' ဆိုသည့်အတိုင်း မိဘတို့၏ ကျင့်ဝတ် ငါးပါးကို မပျက်မကွက် ဖြည့်ကျင့်ပေးရသည်။ (၁)မကောင်း သောအမှုကိစ္စတို့ကို မပြုလုပ်စေရန်အတွက် တားမြစ်ခြင်း၊ (၂) ကောင်းသောအမှုကိစ္စတို့ကို ပြုလုပ်စေရန် ညွှန်ပြ ပေးခြင်း၊ (၃)ယခုဘဝ နောင်သံသရာဘဝ ရပ်တည်နိုင်ရေးအတွက် လောကီ၊ လောကုတ္တရာ အသိဥာဏ်ပညာတို့ကို သင်ပြပေးခြင်း၊ (လောက၏ သဘာဝတရားတို့ကို စာပေအရ သင်ကြားပေးခြင်း၊ လက်တွေ့အရ သင်ပြပေးခြင်း)၊ (၄)လုပ်ကိုင်စားသောက်နိုင်ရန်အလို့ငှာ စီးပွားဥစ္စာတို့ကို အရင်းအနှီးထုတ်ပေးခြင်း၊ (၅)သင့်လျော်ကောင်းမြတ်သော အိမ်ထောင်ဖက်ဖြင့် နေရာချထားပေးခြင်းစသော မိဘ ဝတ္တရားငါးပါးကို ဖြည့်ဆည်းပေးကြသည်။ ထိုသို့ မိဘတို့ သည် သားသမီးများအပေါ်၌ တာဝန်ဝတ္တရားများ ပြည့်စုံ အောင်၊ မလစ်ဟင်းရအောင် စောင့်ရှောက်ပေးနိုင်မှသာလျှင် သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ဖြစ်ထွန်း လာမှာ ဖြစ်ပါသည်။ သားကောင်းရတနာ၊ သမီးကောင်း ရတနာလေးများ ဖြစ်မှသာလျှင်လည်း ငြိမ်းချမ်းသာယာ သော မိသားစုဖြစ်လာပေမည်။
မိဘတို့သည် သားသမီးတိုင်း၏ ရှေ့ဆောင်လမ်းပြသူ လည်း ဖြစ်ပါသည်။ 'ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့် သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏။ ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏'။ မိဘများ၏ နေထိုင်မှု ပုံစံ အကျင့်စာရိတ္တအပေါ် အမှီပြု၍ သားသမီးတို့လည်း ဘဝတူပုံစံ ကူးယူနေထိုင်တတ်ကြလေသည်။ 'ငယ်ရွယ် နုနယ် အသိမကြသေးသော သားသမီးတို့၏ အနာဂတ် ဘဝသည် မိဘများ၏အပေါ်မှာပင် မူတည်နေပါသည်'။
ဘုရားရှင်လက်ထက်တော်အခါက 'အနာထပိဏ်'အမည်ရှိသော သူဌေးကြီးတစ်ဦး ရှိသည်။ သာသနာတော် မှာ အလွန်ထင်ရှားသော ဘုရားဒါယကာ၊ ကျောင်း ဒါယကာလည်း ဖြစ်ပါသည်။ အနာထပိဏ်သူဌေးကြီးမှာ 'မောင်ကာဠ' အမည်ရှိသော သားတစ်ယောက်ရှိ၏။ ဖခင် အနာထပိဏ်သူဌေးသည် ဘုရားဒါယကာ၊ ကျောင်းဒါယကာ ဖြစ်သော်လည်း သားဖြစ်သူ မောင်ကာဠသည် အပေါင်းအသင်းများနှင့် ပျော်ပါးလျက် အရက်သေစာ သောက်စားမူးယစ်သူ ဖြစ်သည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း မပြုပေ။ တစ်နေ့ သောအခါ အနာထပိဏ်သူဌေးကြီးသည် သားဖြစ်သူကိုခေါ်၍ 'ငါ့သား မင်း ဘုရားကျောင်းတော်ကိုသွားပြီး တရားနာပါ။
ဘုရားရှင်ဟောသောတရားတော်မှ ဂါထာတစ်ပိုဒ်ကိုလည်း ရအောင်မှတ်ခဲ့ချေ။ ပြန်လာလို့ပြောပြနိုင်လျှင် အသပြာ တစ်ထောင်ပေးမည်ဟုဆို၏'။ သားဖြစ်သူ မောင်ကာဠသည် ဘုရားရှင်ထံ တရားသွားနာ၍ ဂါထာတစ်ပိုဒ် ပြန်လည် ပြောပြနိုင်သောအခါ အသပြာတစ်ထောင်ပေးသည်။ ထိုအသပြာတစ်ထောင်ဖြင့် အရက်သေစာ သောက်စား မူးယစ်လေတော့၏။ ဒုတိယနေ့၌လည်း ပြန်လည်ပြောပြနိုင် သောကြောင့် အသပြာတစ်ထောင်ရပြန်လေသည်။ တတိယနေ့ရောက်သောအခါ ဘုရားရှင်ထံမှ တရားဂါထာ တစ်ပိုဒ်ကို ပြန်လည်ပြောပြနိုင်သော်လည်း အသပြာ တစ်ထောင်မယူတော့ပေ။ သူဌေးကြီးက အသပြာ တစ်ထောင်ပေးသော်လည်း ငြင်းဆန်နေ၏။ မောင်ကာဠ သည် ဘုရားရှင်ထံတရားနာ၍ ရတနာသုံးပါးကို အသက် ထက်ဆုံး ယုံကြည်ကိုးကွယ်ဆည်းကပ်သော သောတာပန် အရိယာဒါယကာ ဖြစ်သွားသောကြောင့်ဖြစ်သည်။ ရတနာသုံးပါးအား မကိုးကွယ် မဆည်းကပ်သောသားကို ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်လာအောင် သား ရတနာလေးဖြစ်အောင် ညွှန်ပြပေးနိုင်ခဲ့သည်။ အရက် သေစာသောက်စား၍ မလိမ္မာသောသားသမီးကို အရက် သေစာရှောင်ကြဉ်၍ လိမ္မာလာစေရန် ဆုံးမပေးနိုင်ခဲ့သည်။ မိဘများ၏ လမ်းပြခေါ်ဆောင်ရာနောက်သို့ သားသမီး တို့၏ ဘဝအနာဂတ်သည် မှတ်ထင်ကျန်ရစ်ရခြင်းဖြစ်သည်။
မိဘတို့၏ တာဝန်ဝတ္တရား ပျက်ကွက်မိသောကြောင့် သားသမီးတို့၏ ဘဝအနာဂတ် ပျက်စီးသွားတတ်သော သာဓကတွေလည်း ရှိပါသည်။ တစ်ခါတုန်းက မိခင် တစ်ယောက်မှာ ခိုးတတ်ဝှက်တတ်သော သားတစ်ယောက် ရှိပါသည်။ ထိုကလေးသည် ငယ်စဉ်ကတည်းက သူများ အိမ်မှ သူလိုချင်သော ကစားစရာ၊ စားစရာလေးများ ယူလာတတ်သည်။ ပိုင်ရှင်မသိအောင် ခိုးလာတတ်သည်။ မိခင်ဖြစ်သူသိသော်လည်း ဆူခြင်း၊ ရိုက်ခြင်း၊ ဆုံးမသွန်သင် ခြင်း မပြုလုပ်ပေ။ ထိုကလေးကြီးလာသောအခါ သူခိုးလေး မှ သူခိုးကြီးဖြစ်လာ၏။ သူတစ်ပါးပိုင် တန်ဖိုးကြီးမားသော ပစ္စည်းဥစ္စာများကို ခိုးယူလေတော့သည်။ ထိုအချိန်အထိ မိခင်ဖြစ်သူက သားဖြစ်သူအား ဆိုဆုံးမရကောင်းမှန်း မသိချေ။ သားဖြစ်သူ ပြုံးပျော်နေသည်ကိုပင်ကြည့်ပြီး ပျော်နေတတ်၏။ တစ်နေ့ မင်းဘဏ္ဍာတော်တိုက်သို့ ဝင်ခိုးရာမှ မင်းပြစ်မင်းဒဏ်သင့်၍ သေဒဏ်ချမှတ်ခံရလေသည်။ လူသတ်သမားတို့က မသတ်ခင် နောက်ဆုံးဆန္ဒပြောပါဟု မေးရာ သူ့အမေကိုတွေ့ချင်ကြောင်း ပြောပြသည်။ အမေ ဖြစ်သူရောက်လာသောအခါ သားဖြစ်သူက အမေ့ကို တိုးတိုးလေးပြောပြစရာရှိပါသည်။ အနားလာပါပြောပြီး အမေဖြစ်သူ၏နားရွက်ကို ကိုက်လိုက်ပါတော့သည်။ အမေ ဖြစ်သူက ဘာအတွက်ကြောင့် အမေ့နားရွက်ကို ကိုက်တာ လဲ'ဟု မေးရာ 'သားငယ်ငယ်ကတည်းက သူများပစ္စည်း တွေ ခိုးယူနေတာ အမေသိပါလျက်နဲ့ သားကို မဆုံးမခဲ့ဘူး။ ကလေးဘဝကစခဲ့သော အကျင့်ဆိုးကြောင့် သူခိုးလေး ကနေ ယခုလိုသူခိုးကြီးဖြစ်လာလို့ သေဒဏ်ပေးခံရတာ အမေ့ကြောင့်ပဲ။ အမေ မဆုံးမခဲ့လို့ ဖြစ်တာပါ။ အဲဒါကြောင့် အမေ့နားရွက်ကို ကိုက်ရတာပါ'ဟု နောက်ဆုံးစကား ပြောသွားပါသည်။ အမေဖြစ်သူ၏ ဆိုဆုံးမမှု တာဝန်နှင့် ဝတ္တရား ပျက်ကွက်ခြင်းကြောင့် သားဖြစ်သူ သေဆုံးရခြင်း ဖြစ်သည်။
'မိဘတို့သည် သားသမီးတို့အား အလွန်အကြူး ချစ်မိ သောအခါများတွင် ထိုသားသမီးတို့ပြုလုပ်လိုက်သော အပြစ်တို့ကို လျစ်လျူရှု၍ နေတတ်ကြသည်'။ မကောင်းမှု ဟူသည် မည်သည့်အခါမျှ အစမပျိုးသင့်။ မကောင်းသော အကျင့်တစ်ခု အစပျိုးလုပ်မိလိုက်သည်နှင့် ထိုမကောင်းမှု သည် နောင်ထပ်အခါခါ လွန်ကျူးရန် မခက်ခဲတော့ပေ။
'သားသမီးတို့သည် မိဘများအတွက် လိမ္မာသည့်အခါ လက်ရုံးလည်းဖြစ်သလို မျက်လုံးလည်းဖြစ်ပါသည်။ အားလည်းဖြစ်သလို ထီးလည်းဖြစ်၏။ မလိမ္မာသည့်အခါ ကျားလည်းဖြစ်သွားတတ်သလို မီးလည်းဖြစ်လာတတ်သည်။ ကျားလိုကြောက်စရာကောင်းသော သားများဖြစ်မလာဖို့ မီးလိုပူလောင်သော သမီးများဖြစ်မလာဖို့ ငယ်ငယ်ကတည်း က အပိုးကျိုးအောင် ဆိုဆုံးမထားသင့်သည်။ သူများ အသက်မသတ်ရန်၊ သူများပစ္စည်းမခိုးရန်၊ သူများသားမယား မပြစ်မှားရန်၊ လိမ်ညာစကားမပြောဆိုရန်၊ အရက်သေစာ၊ မူးယစ်ဆေးဝါးမသုံးစွဲရန် အချိုးကျအောင် ဆုံးမထားမှ သာလျှင် သားရတနာ၊ သမီးရတနာလေးများ ဖြစ်လာနိုင်ပါ သည်။
ငြိမ်းချမ်းသာယာသော မိသားစုဖြစ်ဖို့ဆိုလျှင် သွန်သင် ဆုံးမမှု နှောင့်နှေးနေ၍ မဖြစ်သလို မိမိတို့ကိုယ်တိုင် သည်လည်း ရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် နေထိုင် ကျင့်သုံးဖို့ လိုအပ်ပေသည်။ မိဘတို့သည် သားသမီးတို့၏ စံနမူနာယူရလောက်အောင် ယဉ်ကျေးသိမ်မွေ့နေကြ မည်ဆိုလျှင် သားသမီးတို့သည် မိဘများကိုကျော်၍ မမိုက် ရဲပေ။ မိုက်ခဲ့သည်ဆိုဦး သြဇာအာဏာပေးနိုင်သော အရည် အချင်းရှိသောကြောင့် ဆိုဆုံးမရ လွယ်ကူပေသည်။
သားသမီးတို့အပေါ်၌ထားရှိသော မိဘတို့၏ ချစ်ခြင်း မေတ္တာသည် ထုထည်ကြီးမားကြပါသည်။ ဘယ်သောအခါမှ သံသယဝင်ဖွယ် မရှိပေ။ အချစ်ကြီးချစ်ကြရှာသော မိဘတို့သည် သားသမီးတို့အပေါ်ထားရှိသော ချစ်ခြင်း မေတ္တာတို့အား 'ချစ်ခြင်းနှစ်ခြင်း' ခွဲခြားသုံးသပ်ထားဖို့ လိုအပ်သည်။ ချစ်ရာမရောက် နှစ်ရာရောက်သော မေတ္တာ တို့ကို ဖယ်ရှား၍ နှစ်ရာမရောက် ချစ်ရာရောက်သော မေတ္တာတို့ဖြင့် ငြိမ်းချမ်းသာယာသော မိသားစုဘဝကို အချိန်မီတည်ဆောက်နိုင်စေရန် တင်ပြလိုက်ပါသည်။ ။
ဝတ္ထုတို(ဆူကြယ်စင်)
No comments:
Post a Comment