Latest News

Wednesday, October 24, 2018

MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲကြီးတွင် စိန်ခေါ်သူ ခရာခီက ခါးပတ်ပိုင်ဆိုင်ခွင့် ရာနှုန်းပြည့်နီးပါးရှိဟုပြောကြား

MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲကြီးတွင် စိန်ခေါ်သူ ခရာခီက ခါးပတ်ပိုင်ဆိုင်ခွင့် ရာနှုန်းပြည့်နီးပါးရှိဟုပြောကြား

ရန်ကုန်   အောက်တိုဘာ  ၂၄

One Championshipအဖွဲ့က ဦးဆောင်စီစဉ်ကျင်းပလျက် ရှိသော MMA(Mixed  Martial  Arts) ကမ္ဘာ့ကိုယ်ခံပညာ အတိုက်ပြိုင်ပွဲတွင် လက်ရှိကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကချင် ပြည်နယ်ဖွား     အောင်လအန်ဆန်ကို    စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်မည့် လက်ဘနွန်နိုင်ငံသား ခရာခီက ယခုပွဲတွင် ခါးပတ် ပိုင်ဆိုင်ခွင့်   ရာနှုန်းပြည့်နီးပါးရှိကြောင်း   မီဒီယာများအား ပြောကြားလိုက်သည်။

ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ Junction  City  ၌  ကျင်းပသေOne Championshipကစီစဉ်သည့်  Pursuit of Greatness One Workout & Face- Off  ပွဲကြိုစာနယ်ဇင်းရှင်းလင်း ပွဲတွင် လက်ရှိချန်ပီယံ  အောင်လအန်ဆန်အား   စိန်ခေါ်သူ  လက်ဘနွန်နိုင်ငံသား ခရာခီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အကောင်းဆုံးယှဉ်ပြိုင်မှာပါ
''ဒီပွဲအတွက် တစ်လခွဲ၊ နှစ်လလောက် အချိန်ပေးပြီး သေချာပြင်ဆင်ထားပါတယ်။    အကောင်းဆုံးပွဲဖြစ်အောင် ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။ လွယ်ကူမယ့်ပွဲတစ်ပွဲတော့ မဟုတ် ဘူးဆိုတာ ကျွန်တော်သိပေမယ့် ၉၉ ရာခိုင်နှုန်း၊ ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရရှိမယ်လို့    မျှော်မှန်းထားပါတယ်။   ပြိုင်ဘက် အောင်လနဲ့ ပတ်သက်ပြီး ကျွန်တော်သေချာလေ့လာထားပါ တယ်။ အိမ်ရှင်ဆိုတဲ့ ဖိအားမျိုးတော့ စိတ်ထဲမှာမထားဘူး။ ဒီလို ပွဲမျိုးကစားရတာ ကျွန်တော့်အတွက် ရိုးနေပါပြီ။ ဘယ်နှချီအတွင်း ပြိုင်ဘက်ကို အနိုင်ရမယ်လို့တော့ မပြောနိုင်ပေမယ့် အရင်ပွဲတွေ ကလိုပဲ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားပြင်ဆင်ခဲ့ပါတယ်။ဘယ်နှချီအတွင်း  ပြိုင်ပွဲကို  အဆုံးသတ်နိုင်မယ်ဆိုတာတော့ ပြောလို့မရပါဘူး။ ပြိုင်ပွဲအခြေအနေပေါ်မူတည်ပြီး ကျွန်တော် အကောင်းဆုံးဖြစ်အောင်တော့   ကြိုးစားယှဉ်ပြိုင်သွားမှာပါ''ဟု   ခရာခီက ပြောကြားသည်။

လက်ရှိချန်ပီယံ အောင်လအန်ဆန်အား စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်မည့် ခရာခီသည် အသက်  ၂၇  နှစ်သာ  ရှိသေးပြီး အောင်လအန်ဆန်ထက်   ငါးနှစ်မျှ  ငယ်သူတစ်ဦးဖြစ်သည်။ ခရာခီသည် လက်ရှိ MMA ကိုးပွဲ ယှဉ်ပြိုင်ထိုးသတ်ထားရာတွင် ကိုးပွဲစလုံး အနိုင်ရရှိထားပြီး ငါးပွဲမှာ ဂျူဂျစ်စုနည်းဖြင့် အနိုင်ရ ထားကာ သုံးပွဲမှာ အလဲထိုးနှင့် နောက်ဆုံးတစ်ပွဲသာ အမှတ်ဖြင့် အနိုင်ရထားသူဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် အထူးချွန်ဆုံး ကစားသမားထဲ၌ တစ်ဦးအပါအဝင်ဖြစ်ပြီးMMA လောက ၏  ဖီးနစ်ငှက်ဟုပင်   တင်စားခေါ်ဝေါ်ခံရသည်ဟု  ကျော်ကြား ခဲ့သည်။

အဆိုပါပွဲနှင့် ပတ်သက်ပြီး လက်ရှိ MMA ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းနှင့်   ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ  အောင်လ အန်ဆန်က ''ပြိုင်ဘက်ကောင်းတစ်ဦးနဲ့ ကျွန်တော်ယှဉ်ပြိုင် ထိုးသတ်ရမှာပါ။ ဒီပြိုင်ပွဲအတွက် ဝိတ်နည်းနည်းချလိုက်ရပေမယ့် အခက်အခဲမရှိပါဘူး။ အကောင်းဆုံးကစားပေးမယ်လို့ ပရိသတ် ကြီးကို ကတိပေးပါတယ်။  တစ်ဖက်ပြိုင်ဘက်ကGround Fight မှာ အလွန်ကောင်းပါတယ်။  ဒါကြောင့်  ကျွန်တော် Stand  Fight  နဲ့  အနိုင်ယူဖို့   အထူးပဲပြင်ဆင်ထားပါတယ်။  ပြိုင်ဘက်ကို    သုံးချီအတွင်း အနိုင်ရအောင်  ကစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ရာနှုန်းပြည့်ပြင်ဆင်ထားပြီးပါပြီ''ဟု မီဒီယာများအား ပြောကြားသည်။

အခြားတွဲဆိုင်းများ
ချန်ပီယံကာကွယ်ပွဲကြီးကို  လာမည့် အောက်တိုဘာ ၂၆ ရက်   ညပိုင်းတွင်    ရန်ကုန်မြို့   သင်္ဃန်းကျွန်းမြို့နယ်  သုဝ္ဏ     မိုးလုံလေလုံအားကစားပြိုင်ပွဲရုံ(၁)၌  ကျင်းပသွားမည်ဖြစ်ပြီးယင်းနေ့တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည့်  အခြားတွဲဆိုင်းများမှာ ဖိုးသော်(မြန်မာ)နှင့် ဆူဘား(မလေးရှား)၊ ရာဖေးလ်(ဘရာဇီး)နှင့် မိုလစ်ဒ်(ရုရှား)၊ အီမီလို(အမေရိကန်)နှင့် ကာဇူကီ(ဂျပန်)၊ အီဗရာဟင်(မော်ရိုကို)နှင့် တာရစ်ခ်(မော်ရိုကို)၊ ဒီဂျေဒမ်မောင်း (ထိုင်း)နှင့် ဟာမန်းရှု (အိန္ဒိယ)၊ ဟန်ကျိုးဟွာ(တရုတ်)နှင့် ရိုင်ယန်(ဖိလစ်ပိုင်)၊ ရဲသွေးနီ (မြန်မာ)နှင့် မိုက်ရိုင်း(မြန်မာ)၊ လူးဝစ်(ဘရာဇီး)နှင့် ဒိုင်ချီ( ဂျပန်)၊ ဂျိုးဇက်(အီတလီ)နှင့် တိုနာ (သြစတြေးလျ)၊ မာရှုဒေါင် (တရုတ်)နှင့် အာမက်(အာဖဂန် နစ္စတန်)၊ ရူဒီ(အင်ဒိုနီးရှား)နှင့် အစ္စလမ်(ဘင်္ဂလားဒေ့ရှ်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment