အတက်ဘက်သို့ အားကောင်းနေသည့် ကားဈေးကွက်
ယခုသီတင်းပတ်အတွင်း ဒေါ်လာဈေး၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများအားလုံး ဈေးနှုန်းများ မြင့်တက်ခြင်း ဖြစ်ပေါ် ခဲ့သည့် အတွက် ကားဈေးကွက်သည်လည်း ဈေးနှုန်းလိုက်ပါ မြင့်တက်လာခဲ့သည်ကို မြင်တွေ့ရသည်။ ကားပိုင်ရှင်အများစုသည် ဒေါ်လာဈေးနှင့်ချိန်ဆ၍ မော်တော်ကားဈေးနှုန်းများကို တွက်ချက်ရောင်းချလိုကြသည့်အတွက် ကားဈေးနှုန်း ခေါ်ဈေးများ မြင့်တက်လာရခြင်းဖြစ်သည်။
''ဈေးကတက်တယ်။ အဓိကကတော့ အခြားဈေးတွေတက်လို့ လိုက်တက်ရတာ။ ပိုသွင်းထားလို့လည်း မဟုတ် ဘူး။ ဈေးကွက်မှာ ရှားလို့လည်းမဟုတ်ဘူး။ တက်ချင်လို့ကို တက်ရတာ။ ဝယ်ယူမယ့်သူက ရှိလားလို့မေးတော့ ပြောကို မပြောချင်တော့တာ။ ဝယ်မယ့်သူလည်း ရှားတယ်''ဟု ကားအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ကိုဇော် (ထိပ်တန်း)က ပြောသည်။ ရန်ကုန်ကားဈေးကွက်အတွင်း အရောင်းအဝယ်အများဆုံးဖြစ်သည်မှာ နံပါတ်အနီ အငှားယာဉ်များသာ ရှိပြီး မဖြစ်မနေ ရောင်းဝယ်ခြင်းမှအပ ဈေးနှုန်းမြင့်တက်မှုကြောင့် အရောင်းအဝယ် အားနည်းနေကြသည်။ ''ဈေးတွေက မူရင်းဈေးထက် ငွေကျပ် ၁ဝ သိန်းကနေ ကျပ်သိန်း ၂ဝ လောက်အထိ တက်ချင်ကြတာပေါ့နော်။ ဒါပေမယ့် ဈေးက ခေါ်သာ ခေါ်ချင်တာ အရောင်းအဝယ်ကျတော့ သိပ်မဖြစ်ဘူး။ ငွေကြေးဈေးနှုန်း တည်ငြိမ်မှပဲ အရောင်းအဝယ် က အားကောင်းမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကားရှိုးရွမ်းအများစုက အရောင်းမြှင့်တင်ရေးတွေ ဆက် တိုက်လုပ်နေကြတာ မြင်ရတယ်။ သူတို့လည်း ငွေက အိပ်နေတာမျိုး မဖြစ်ချင်ကြဘူး။ ဈေးလျှော့ပေးသလား ဆိုတော့လည်း အများကြီးလျှော့ပေးတာ မဟုတ်ပါဘူး။ သို့သော်လည်း ဈေးလျှော့ပေးတာ တောင် ဝယ်သူလည်းမရှိသလောက်နည်းတယ်''ဟု တောင်ဥက္ကလာပမြို့နယ်အတွင်း အရောင်းစင်တာ ဖွင့်လှစ် ရောင်းချနေသည့် ကားအရောင်းပြခန်းမန်နေဂျာတစ်ဦးက ပြောသည်။
ကားသစ်ရောင်းချသူများနှင့် စတိလက်ကိုင်ထားသူများက ဈေးတက်လိုကြသကဲ့သို့ ဂျပန်တစ်ပတ်ရစ် ကားလောကသား များကလည်း ဈေးနှုန်းအနည်းငယ် မြင့်တက်လိုကြကြောင်း၊ ဝယ်လက်အများစုသည်လည်း ကားဈေးနှုန်းများကို တွက်ချက်ရာတွင် လက်ရှိဒေါ်လာပေါက်ဈေးနှင့် ယှဉ်ထိုးတွက်ချက်သည့်အတွက် ဈေးမြင့်ရလိုကြောင်း သိရသော်လည်း လက်ရှိဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာမူ မူရင်းဈေးအတိုင်းပင် ရှိနေကြောင်း သိရသည်။
''စက်သုံးဆီဈေးနှုန်း မြင့်တက်သွားတာကလည်း အဓိကအကြောင်းတစ်ရပ်ပေါ့ဗျာ။ အရင်ကထက် ထက်ဝက်လောက် မြင့်လာတဲ့ဆီဖိုးကို အားလုံးစိတ်ပျက်နေကြပါတယ်။ ဒေါ်လာတို့ ရွှေတို့ကမှ ဈေးအပြောင်းအလဲရှိတယ်။ တက်ရင်တက်တဲ့ဈေးပေါ့။ စက်သုံးဆီကတော့ အကျကိုမရှိဘူး။ အမြဲတမ်းအတက်ကို ဦးတည်နေတယ်။ နယ်တွေမှာ ပိုသိသာတယ်။ ဈေးတွေက မြင့်နေတော့ ရှိပြီးသားကားတွေတောင် မစီးကြတော့ဘူး။ ဒါကလည်း ကားဈေးကွက်ကို ထိခိုက်စေတယ်''ဟု ကားဝယ်ရောင်း ကိုကျော်ဇေ ယျာဝင်းက ပြောပြသည်။
ထို့အပြင် ဂျပန်ညာမောင်းကားများ ဈေးကွက်တွင် အနည်းငယ်အရောင်းအဝယ်ဖြစ်နေသော်လည်း ဖောက်စွပ်ပြဿနာ များကြောင့် ထင်သလောက်ခရီးမပေါက်ကြောင်း ၄င်းက ဆက်ပြောသည်။ ''ငွေလိုတဲ့သူတွေက အများဆုံးရောင်းတာပေါ့။ ဈေးကွက်အလုပ်ဖြစ်ရလောက်အောင်တော့ အရောင်းအဝယ်မရှိပါဘူး။ ခပ်ပါးပါးပဲ ရောင်းချနေကြရပါတယ်။ ကားတစ်စီးရောင်း တော့ ဝယ်တော့မယ်ဆိုရင် ကျိန်းသေပေါက် ယာဉ်စစ်ဆေးမှုက ပါလာပါပြီ။ ဒါကြောင့်လည်း အရောင်းအဝယ်က ခက်နေပါတယ်။ ယာဉ်စစ်ပြီဆိုရင်လည်း အချိန်အားဖြင့် အနည်းဆုံး နှစ်ပတ်ကနေ ပိုကြာတတ်တာမို့ ကားဝယ်လိုတဲ့သူတွေက ရန်ကုန်လိုင်စင်နဲ့ ဝယ်နိုင်တဲ့ ပြည်တွင်းတပ်ဆင်ထုတ်လုပ် SKD ကားတွေကို စိတ်ဝင်စားမှုပိုလာတယ်။ သူတို့ကလည်း ဒေါ်လာဈေးကို ကြည့်ကြ တယ်။ အချို့ဆိုင်တွေက ဒေါ်လာဈေးအတက်နဲ့ မရောင်းဘူး၊ အရင်ဈေးအတိုင်း ရောင်းပေးနေတာလည်းရှိတယ်။ အဲဒါမျိုးကတော့ လက်ရှိမှာ ဈေးကွက်အများကြီး အဆင်ပြေနေတယ်''ဟု ပြောပြသည်။
လက်ရှိတွင် စလစ်ဈေးနှုန်းများမှာ တန့်နေ ပြီး ယာဉ်အိုယာဉ်ဟောင်း သက်တမ်း နှစ် ၂ဝ စလစ်မှာ ငွေကျပ်သိန်း ၁၃ဝ ကျော် ရှိနေသည်ကို မြင်တွေ့ရသည်။
မင်းသော်
No comments:
Post a Comment