Latest News

Thursday, October 4, 2018

ကယားပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအချို့နှင့် လယ်မြေအတွင်း ရေ၀င်ရောက်မှု ဖြစ်ပွား

ကယားပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအချို့နှင့် လယ်မြေအတွင်း ရေ၀င်ရောက်မှု ဖြစ်ပွား

လွိုင်ကော် အောက်တိုဘာ ၎

ကယားပြည်နယ်တွင် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းမှစ၍ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခြင်း၊ လယ်မြေအတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာနှင့် ဖောင်းတောကျေးရွာ တို့တွင် နေအိမ်အတွင်းသို့ ရေ၀င် ရောက်မှုဖြစ်ပွားခဲ့ပြီး ဆင်တောင်ကျေးရွာ အုပ်စု ၀ီသဲကူးမြောက်ကျေးရွာ အရှေ့ဘက်ရှိ ကွင်းအမှတ် (၇၇)၊ (၈၄)နှင့် (၈၅) တို့တွင် စိုက်ပျိုးပြီး လယ်မြေ ၅၀ ဧက ရေကြီး နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒီးမော့ဆိုမြို့နယ် ဒေါတော်ကူး-လားလဲကျေးရွာ ချင်းဆက်လမ်းရှိ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်းပျက်ဆီးမှု ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

အလားတူ မိုးသည်းထန်ရွာသွန်းမှုကြောင့် မိုးဗြဲလက်ဝဲမြောင်းမကြီး ရေလျှံပြီး လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာတွင် အိမ်ခြေ ၂၆ အိမ်၊ ၀ါရီကောခူ ကျေးရွာတွင် အိမ်ခြေ ၆၆ အိမ် ရေ၀င်ရောက် ခဲ့ပြီးလယ်မြေ ၂၅  ဧက ရေကြီးနစ်မြုပ်ခဲ့ပြီး လယ်ယာကုန်ထုတ် လမ်း မြေသားပြိုကျမှုများလည်း ဖြစ်ပွားခဲ့ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရေ၀င်ရောက်မှုဖြစ်ပွားသော ကျေးရွာများသို့ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာများ အတွက် လိုအပ်သည်များဆောင်ရွက်နိုင်ရန်အတွက် ဘုရားဖြူကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ပီကင်းကောခူနှင့် ၀ါရီကောခူကျေးရွာတို့တွင် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများကို လည်းကောင်း ပေးအပ်ခဲ့ပြီး ကျေးရွာနေပြည်သူများမှ ရေနုတ်မြောင်းများ ၊ တာဘောင်များ ဆောင်ရွက်ပေးနိုင်ရေး တင်ပြလာမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လွိုင်ကော်မြို့ နယ်အတွင်း ရေးလျှံသည့် နောင်ယားဈေး၊ ထေးငှားလျားကန် ရေနုတ်မြောင်းနှင့် သီရိမင်္ဂလာတောင်ဈေး တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေစီးရေလာ ကောင်းမွန်စေရေး ၊ ရေမြောင်များသန့်ရှင်းရေး၊ လျှပ်စစ်မီးအန္တရာယ် မဖြစ် ပေါ်စေရေး အတွက်သက်ဆိုင် ရာဌာနများက အထူးဂရုပြုဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းလေး
"

No comments:

Post a Comment