Latest News

Sunday, September 30, 2018

တရုတ်လက်ဝှေ့ကျော် ကျောက်ဝမ်ဝမ်အား စိုးလင်းဦး ဒုတိယအချီမှာပင် အလဲထိုးအနိုင်ယူ

တရုတ်လက်ဝှေ့ကျော် ကျောက်ဝမ်ဝမ်အား စိုးလင်းဦး ဒုတိယအချီမှာပင် အလဲထိုးအနိုင်ယူ

ရန်ကုန်   စက်တင်ဘာ   ၂၉

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး မြန်မာလက်ခမောင်းက ဦးဆောင် ကျင်းပသည့် WLC- 6 ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယနေ့ ညနေ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားပြိုင်ပွဲရုံ-၁ ၌   ကျင်းပရာ    စိုးလင်းဦး(မြန်မာ)နှင့် ကျောက်ဝမ်ဝမ်(တရုတ်)တို့ပွဲတွင် စိုးလင်းဦးက ကျောက်ဝမ်ဝမ်ကို ဒုတိယအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

စိုးလင်းဦး(မြန်မာ)နှင့်     ကျောက်ဝမ်ဝမ်(တရုတ်)တို့ပွဲတွင်      ပွဲစသည်နှင့် တစ်ဦးနှင့်တစ်ဦး တိုက်စစ်ဖွင့်ကစားခဲ့ကာ အပြန်အလှန်အထိနာခဲ့သည်။ ဒုတိယအချီ အစတွင် တိုက်စစ်ဖွင့်ကစားတတ်သော   စိုးလင်းဦးက အတင်းဝင်၊ အတင်းထွက် တရစပ်လိုက်လံထိုးသတ်ခဲ့သဖြင့် ကျောက်ဝမ်ဝမ် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အခြားဒုတိယပွဲစဉ်ဖြစ်သည့်    လိုက်ဝယ်တာဝိတ်တန်း    မြန်မာပြည်ချန်ပီယံ ကာကွယ်ပွဲတွင် ကျော်ဇင်လတ် (ရွှေသထုံ)နှင့် စောထူးအောင်(ရိုးရာပုဂံ)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ပထမအချီမှာပင် စောထူးအောင်က ကျော်ဇင်လတ်ကို အလဲထိုးအနိုင်ရကာ လိုက်ဝယ်တာဝိတ်တန်း မြန်မာပြည်ရွှေခါးပတ်ချန်ပီယံကို လွှဲပြောင်းရယူလိုက်သည်။

အခြားပွဲစဉ်များဖြစ်သည့် ရန်နိုင်ထွန်း(မြန်မာ)နှင့် ရွန်ဆူဖွန်(ကမ္ဘောဒီးယား)ပွဲတွင် တတိယအချီ၌ ရန်နိုင်ထွန်း အလဲထိုးဖြင့်နိုင်ခဲ့ပြီး သပြေညို(မြန်မာ)နှင့် ဆူး ခရော့ဖ်ခိုမူရိုဒေါ့(ဥဇဘတ်ကစ္စတန်)တို့ပွဲတွင် တတိယအချီ၌ မူရိုဒေါ့ ညာမျက်ခုံးကွဲ ဆေးကျဖြင့် သပြေညိုကို အရှုံးပေးလိုက်ရသည်။ တစ်ဖန် အန်တိုနီယိုဖာရာ(ပေါ်တူဂီ)နှင့် ငုယင်ထန်ကွင်း(ဗီယက်နမ်)တို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီတို့တွင် တစ်ဖက် နှင့်တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း တတိယအချီတွင် အန်တိုနီ ယိုဖာရာ အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ 

လိုက်ဝိတ်တန်းပွဲစဉ် မိုက်ရိုင်း(မြန်မာ)နှင့် ပစ်ခ်မထဲခမန်း(ကမ္ဘောဒီးယား)တို့ ပွဲတွင် ငါးချီပြည့် တစ်ဦးနှင့်တစ်ဦး တိုက်စစ်ဖွင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း ငါးချီ ပြည့်သည်အထိ တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင်မပေါ်ခဲ့၍ အမှတ်ဖြင့် ဆုံးဖြတ်ရာ ပစ်ခ်မထဲ ခမန်း အနိုင်ရခဲ့သည်။ အခြားပြည်တွင်းပွဲစဉ်များဖြစ်သည့်  ပိုက်ထွေးနှင့် ဆန်းသူဦး တို့ပွဲတွင် ပိုက်ထွေးက  အမှတ်ဖြင့် လည်းကောင်း၊ လက်သီးမိုးနှင့်  ယှူးခလိန်းမင်းတို့ ပွဲတွင် လက်သီးမိုးက အမှတ်ဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment